မုဒိမ်းသမားတွေဟာ အားကိုးရာမဲ့တွေကို ပစ်မှတ်ထားလေ့ရှိ

လိင်အကြမ်းဖက်မှု ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ကမ္ဘာပေါ်က အမျိုးသမီး သုံးပုံတပုံဟာ သူတို့ဘ၀ တလျောက် ရုပ်ပိုင်းနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကြုံခဲ့ရတယ်လို့ ကုလ အစီရင်ခံစာ ဖော်ပြ

အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှု ပုံစံ အမျိုးမျိုးရှိတဲ့ အနက် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု နဲ့ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုတွေ အဖြစ်အများဆုံးပဲလို့ အမျိုးသမီး အရေး တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

အခုနှစ်ပိုင်းတွေ အတွင်း မြန်မာနိုင်ငံမှာ သက်ငယ်မုဒိမ်းမှုတွေ တိုးလာနေပြီး ကလေးငယ်တွေ ကို ကြောက်လန့်အောင်လုပ်၊ မအော်နိုင်အောင် ပါးစပ်ပိတ်ရင်း၊ နှာခေါင်းပါ ပိတ်မိ အသက်ရှု မွန်းကျပ် သေဆုံးမှုတွေလည်း အများအပြား ရှိနေပြီး နောက်ဆုံးမှာ အလောင်းသာ တွေ့ရလို့ ကျူးလွန်သူတွေကို မဖော်ထုတ်နိုင်သေးတဲ့ အဖြစ်တွေ များစွာ ရှိတယ်လို့ သူတို့က ဆိုပါတယ်။

မြန်မာနိုင်ငံ အမျိုးသမီးများ အဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၈ - ၂၀၁၉ မှာ အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှု ၂၃၈ မှု ရှိကြောင်း သူတို့ ကောက်ယူထားတဲ့ မှတ်တမ်းတွေ အပေါ် အခြေခံပြီး ပြောပါတယ်။

အကြောင်းရင်းခံကတော့ တရားမျှတမှု မရရှိဘဲ ကင်းလွတ်ခွင့် ရနေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ရှိနေတာကြောင့်လို့ ဆိုပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အပြင် အမျိုးသမီးနဲ့ ကလေးသူငယ်တွေ ထိခိုက် ဒဏ်ရာရ အသက်ဆုံးရှုံးနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာပေါ်မှာ အမျိုးသမီးနဲ့ မိန်းကလေးတွေ အပေါ် အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေပြီး ဒီလိုကြောက်မက်ဖွယ် လူ့အခွင့်အရေး ချိုးဖောက်သူတွေကို ထိရောက်စွာ အရေးယူမှု မရှိတာ ၊ မိန်းကလေးတွေ ကိုယ်တိုင်ကိုက ရှက်ကြောက်လို့ ထုတ်မပြောကြတာနဲ့ ကျားမ တန်းတူ ညီမျှမှု မရှိတာတွေကြောင့် ဒီအကြမ်းဖက်မှုတွေကို မဖော်ထုတ်နိုင်ခဲ့ကြဘူးလို့ UN Women အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရုပ်ပိုင်းဆိုင်ရာ နဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရတဲ့ အမျိုးသမီး သုံးပုံ တစ်ပုံ ရှိတဲ့ အနက် သူတို့အထဲက တဝက်လောက်ဟာ သူတို့ရဲ့ လက်တွဲဖော်တွေ မိသားစု၀င်တွေရဲ့ လက်ချက်နဲ့ အကြမ်းဖက်မှုတွေကြောင့် အသက်ဆုံးရှုံး ခဲ့ရတာ ဖြစ်တယ်လို့ ကုလသမဂ္ဂ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှုလို့ ပြောလိုက်ရင် ရုပ်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှု ၊ စိတ်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှု ၊ စီးပွားရေး ၊ ဘာသာရေးနဲ့ ဓလေ့ ထုံးတမ်း ဆိုင်ရာ အကြမ်းဖက်မှု ၊ နည်းပညာ ဆိုင်ရာ အကြမ်းဖက်မှု ၊ အိမ်တွင်း အကြမ်းဖက်မှု နဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ရယ်လို့ ရှိတဲ့ အနက် မြန်မာ နိုင်ငံမှာတော့ ရုပ်ပိုင်းနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေက အများဆုံး ဖြစ်တယ်လို့ မွန်ပြည်နယ်မှာ အမျိုးသမီး အရေး လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ဒေါ်ခင်သန်းထွေးက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Daw Khin Than Htwe facebook
Image caption အကြမ်းဖက်ခံရသူတွေကို အိမ်တိုင်ရာရောက် တွေ့ဆုံ ကူညီပေးမှုတွေ လုပ်ဆောင်ရ

သူငယ်ချင်း ဖြစ်သူအိမ်မှာ လိုက်အိပ်ရင်း သူငယ်ချင်းရဲ့ ဖခင် ဖြစ်သူက သူ့ခြေတွေ လက်တွေကို ကြိုးနဲ့တုပ် ပါးစပ်ကို အ၀တ်နဲ့ ဆို့ကာ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့် ခံခဲ့ရတယ်လို့ ကျိုက်ထို မြို့က မဇင်မာ (အမည်လွှဲ) က ပြောပါတယ်။

၂၀၁၈ ခုနှစ်တုန်းက အသက် ၁၄နှစ် အရွယ်သာ ရှိသေးတဲ့ မဇင်မာဟာ အဲဒီလို သူ့ကို အဓမ္မပြုကျင့်သူ အမျိုးသားရဲ့ ဇနီးကို ဒီအကြောင်း ပြောပြ တိုင်ကြားခဲ့ပေမယ့် လက်မခံ ခဲ့တာကြောင့် ဘာလုပ်ရမှန်း မသိဖြစ်ခဲ့တယ်လို့ သူက ဆိုပါတယ်။

တတိယ အကြိမ် လိင်စော်ကားခံရတဲ့ အချိန်မှာ အော်ဟစ် အကူအညီ တောင်းခဲ့တာကြောင့် အနီးအနား ပတ်ဝန်းကျင်က လူတွေ သိသွားခဲ့ပြီး သူကိုယ်တိုင်လည်း နီးစပ်ရာ အမျိုးသမီး ရေးရာ အဖွဲ့တွေဆီ အကူအညီ တောင်းခံခဲ့ရတယ်လို့ သူက ပြောပါတယ်။

အခုအခါမှာ မုဒိမ်းသမားဟာ အချုပ်ကျလျက် ရှိတယ်လို့လည်း သူက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် WLB facebook
Image caption လိင်စော်ကားသူတွေ တရားဥပဒေအောက်က လွတ်မြောက်နေတဲ့ အပေါ် အမျိုးသမီး အရေး လှုပ်ရှားသူတွေ တောင်းဆို

ဒီလိုစော်ကားခံရမှုကြောင့် ရလာတဲ့ ရှစ်လ အရွယ် သမီးလေးနဲ့ အတူ လူ့လောကထဲ ဘ၀ နှစ်ခု ရပ်တည်နိုင်ဖို့ မဇင်မာ တယောက် ရုန်းကန် ကြိုးစား နေရပြီ ဖြစ်ပါတယ်။

တဖက်မှာလည်း အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ စော်ကားခံရမှုကို ပတ်ဝန်းကျင်က အပြုသဘောနဲ့ မမြင်ဘဲ ခံရသူရဲ့ လော်မာ ဖောက်ပြားမှု အဖြစ် ပြောဆို တုံ့ပြန်မှုတွေကိုလည်း ကြံ့ကြံ့ခိုင် ရင်ဆိုင်ခဲ့ရပါတယ်။

အခုတော့ မော်လမြိုင် မြို့ပေါ် တက်လာပြီး အမျိုးသမီး အခွင့်အရေး တက်ကြွ လှုပ်ရှားတဲ့ အဖွဲ့တွေရဲ့ အကူအညီနဲ့ သင်တန်းတွေတက် ဘ၀တူသမားတွေ တမိုးအောက်ထဲ နေထိုင်ကြရင်း အင်အားတွေ ပြန်ဖြစ်ခဲ့ရတယ်လို့ သူက ပြောပါတယ်။

တကယ်တော့ မဇင်မာဟာ အသက် ၄နှစ် အရွယ်မှာ မိဘရင်း ဖြစ်သူတွေက သူစိမ်းတစ်ယောက်ကို မွေးစားဖို့ ပေးခဲ့တာပါ ။

အဲဒီ မွေးစား မိဘတွေက သူ့ကို အိမ်အကူအဖြစ် အသုံးချရာက နောက်ပိုင်းမှာ အထည်ချုပ် သမ ဘ၀ကို ရောက်သွားခဲ့ပြီး ဆွေမျိုး မိဘ မရှိတဲ့ အတွက် သူငယ်ချင်းအိမ် လိုက်အိပ်ရင်း လိင်ပိုင်းဆိုင်ရာ ကျူးလွန် စော်ကား ခံခဲ့ရတာ ဖြစ်တယ်လို့ သူ့ကို စောင့်ရှောက်ထားတဲ့ အမျိုးသမီး အဖွဲ့တွေက ပြောပါတယ်။

အခုလို အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို တရားဥပဒေပိုင်း အရ ရင်ဆိုင်ဖို့ ကူညီပေးရသလို သူတို့ရဲ့ စိတ်ပိုင်း ရုပ်ပိုင်း ပြန်လည် ထူထောင်ဖို့ အတွက် ဆွေးနွေး အသိပညာ ပေးမှုတွေကို ရေတို အနေနဲ့ နှစ်ပိုင်းခွဲ ကူညီ လုပ်ဆောင်ပေးတယ်လို့ ဒေါ်ခင်သန်းထွေးက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှုတွေ အနက် ရုပ်ပိုင်းနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုက အများဆုံးဖြစ်

၂၀၁၀ ကတည်းက အမျိုးသမီး အရေး လိုက်ပါ ဆောင်ရွက်ပေးနေတဲ့သူ တယောက် အနေနဲ့ နည်းမျိုးစုံနဲ့ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးပေါင်း ၂ဝ၀၀ ကျော် လောက်ကို ကူညီကယ်တင်ခဲ့ရဖူးပြီး အဲဒီအထဲက အမှု အများစုဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

မွန်ပြည်နယ် တဝိုက်မှာ အခု ၂၀၁၉ တနှစ် တည်းမှာ သူတို့ ကိုင်တွယ် ဖြေရှင်းပေးရတဲ့ အမှုပေါင်း ၄၀၀ ကျော်ရှိပြီး အဲဒီ အထဲမှာ သက်ငယ် မုဒိမ်းမှုက ၂၅ခု ထက်မနည်း ရှိတယ်လို့ သူက ပြောပါတယ်။

အခုအခါ ကလေးငယ်လေးတွေကို ကြံစည်မှု ပိုမို များပြားလာတဲ့ အပြင် သူတို့ကို လိင်ပိုင်း ကျူးလွန်ပြီးရင် သတ်ပစ်လေ့ ရှိတဲ့အတွက် အရွယ်မရောက်သေးတဲ့ လူမမည် မိန်းကလေးတွေ အသက်ဆုံးရှုံး နေကြရတယ်လို့ သူက ထောက်ပြထားပါတယ်။

ဓာတ်ပုံ မူပိုင် Daw Khin Than Htwe facebook
Image caption ပညာပေးဆွေးနွေးမှုတွေလုပ်ပြီး အကြမ်းဖက် ခံရသူတွေ ဘ၀ မြှင့်တင်ရေး ဆောင်ရွက်နေရ

ဒါကြောင့် လူမှု အဖွဲ့အစည်း အတွင်း မသိနားမလည် သေးတဲ့ မိန်းကလေးငယ်လေးတွေကို ဂရုတစိုက် ကြည့်ရှု စောင့်ရှောက်ဖို့ လိုနေပြီဆိုတာ ပြသနေတယ်လို့ သူက ပြောပါတယ်။

အခု ဆိုရင် အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေကို ကျောင်းတွေမှာ သူတို့ လိုချင်တာတွေနဲ့ မျှားခေါ်ကာ ကျူးလွန်မှုတွေ ရှိလာနေတယ်လို့ သူက ဆိုပါတယ်။

ကျူးလွန်ခံရတဲ့ ကလေးငယ်လေးတွေဟာ ပြန်မဖြေ ပြန်မပြောတက်တဲ့ အတွက် အခုလို သူတို့အပေါ် ပစ်မှတ်ထားလာတာလို့လည်း ဒေါ်ခင်သန်းထွေးက ရှင်းပြပါတယ်။

ဒါပေမယ့် အမျိုးသမီး ရေးရာ အဖွဲ့တွေရဲ့ ဒေသတွင်း စစ်တမ်း ကောက်ယူမှုတွေ အရ အခုအခါ ပြည့်တန်ဆာတွေကို နှိပ်ကွပ် တာတွေ ၊ လိင်လုပ်သား အလွယ်တကူ ရှာမရတွေက အရွယ်မရောက်သေးသူတွေ အပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့ အကြောင်းရင်း တရပ်ဖြစ်တယ်လို့ ၄ဝ ရာခိုင်နှုန်းသော အမျိုးသားတွေက ဖြေဆိုထားကြောင်း သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Daw Khin Than Htwe facebook
Image caption အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေ ရုပ်ပိုင်း စိတ်ပိုင်း ဆိုင်ရာ ပြန်လည် ထူထောင်ဖို့ သင်တန်းပေး ဆွေးနွေး

လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့ အမျိုးသားတွေ အနေနဲ့ အားကိုးရာမဲ့တဲ့ မိန်းကလေးတွေ ၊ ပြန်မပြောနိုင် ၊ ပြန်မပြောတတ်တဲ့ ကလေးတွေကို ပစ်မှတ်ထား စော်ကားလေ့ရှိတယ်လို့လည်း သူက ရှင်းပြပါတယ်။

အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှု မျိုးစုံ ရှိတဲ့ အနက် အခုလို လိင်ပိုင်းဆိုင်ရာ အကြမ်းမှု တိုးလာရတာဟာ ကိစ္စဖြစ်ပြီးမှ သိရတာ ၊ အရင်ကထက် အခုအခါ ပြစ်မှု ပြစ်ဒဏ် ကြီးလေးစွာ ချမှတ်ပေမယ့် ကျူးလွန်သူကို မိတာ ၁၀မှုမှာ တမှုလောက်ပဲ ရှိတာ ၊ အခင်းဖြစ်ပေါ်လို့ တရားရုံးရောက်တဲ့အခါ မိသားစုတွေက လျော်ကြေးငွေ ခပ်ပေါပေါနဲ့ လက်ခံ သဘောတူလေ့ရှိတာစတဲ့ အကြောင်းတွေကလည်း အမျိုးသမီးထု အကြမ်းဖက် ခံရမှုကို အားပေးနေသလို ဖြစ်နေတယ်လို့ သူက ထောက်ပြခဲ့ပါတယ်။

အကြမ်းဖက်မှု ကျူးလွန်သူတွေကို ပြစ်မှု ပြစ်ဒဏ်ချမှတ်တာ ၊ အမျိုးသမီးတွေကို နေရာပေး အလေးထားလာတာ ၊ အကြမ်းဖက်မှု ဆိုင်ရာ စည်းမျဉ်း ဥပဒေတွေကို ခိုင်မာအောင် တည်ဆောက်ပြီး ကျင့်သုံးတာ စတဲ့ အချက်တွေဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် တိုးမြှင့် ကိုင်တွယ် ဖြေရှင်းသွားစေနိုင်မယ့် အကြောင်းအချက်တွေ ဖြစ်တယ်လို့ UN Women အစီရင်ခံစာမှာ တိုက်တွန်း ထားပါတယ်။