စက်တင်ဘာမှာ သက်တမ်းကုန်တဲ့ လူ့အခွင့်အရေး ကော်မရှင်ကို အစိုးရက အသစ်ခန့်မပေးသေး

လူ့အခွင့်အရေး ဓာတ်ပုံ မူပိုင် MNHRC facebook
Image caption အကျဉ်းထောင် အတွင်းက အခြေအနေတွေက ဘယ်လောက် တိုးတက်မှု ရှိလာပြီလဲ

စက်တင်ဘာ ၂၄ ရက်နေ့မှာ ငါးနှစ်သက်တမ်း ပြည့်ခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို အစိုးရက အသစ် ထပ်မံ ပြင်ဆင် ဖွဲ့စည်း ပေးတာမျိုး မရှိသေးတဲ့ အတွက် လက်ရှိ တည်ဆဲ ဥပဒေအရ နောက်ထပ် ကော်မရှင် ထပ်မဖွဲ့ မချင်း လက်ရှိ အဖွဲ့က မူလ တာဝန်တွေကို ဆက်လက် ထမ်းဆောင်ခွင့် ရှိတယ်လို့ ကော်မရှင် အဖွဲ့ဝင် တယောက်က ပြောပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ကို ၂၀၁၁ ခုနှစ်က အဖွဲ့၀င် ၁၅ ယောက်နဲ့ စတင် ဖွဲ့စည်းခဲ့ပြီး ၂၀၁၄ စက်တင်ဘာ ၂၃ရက်မှာ ဒုတိယအကြိမ် အဖြစ် အဖွဲ့၀င်ဟောင်း တချို့နဲ့ အဖွဲ့ဝင်သစ် ပေါင်းထည့်ကာ ဖွဲ့စည်း ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒုတိယ အကြိမ် ဖွဲ့စည်းခဲ့တဲ့ လက်ရှိ ကော်မရှင်မှာတော့ ဥက္ကဋ္ဌ အဖြစ် ဦး၀င်းမြ ၊ ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဦးစစ်မြိုင်နဲ့ အတူ အဖွဲ့၀င် ၁၀ယောက်နဲ့ လှုပ်ရှားခဲ့တာ ငါးနှစ်ကြာပြီလို့ ကော်မရှင် အဖွဲ့၀င် တယောက် ဖြစ်တဲ့ ဦးယုလွင်အောင် က ပြောပါတယ်။

သူတို့အဖွဲ့ဟာ တနှစ်ကို အမှုကိစ္စပေါင်း ထောင်ဂဏန်းနဲ့ချီ ကိုင်တွယ် ဖြေရှင်းပေးခဲ့ရပြီး အဲဒီ အထဲမှာ အောင်မြင်တာတွေ ရှိခဲ့သလို အခက်အခဲ ကြုံရတာတွေလည်း ရှိတယ်လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် MNHRC facebook
Image caption လက်ရှိ လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ကို ဖျက်သိမ်းပေးဖို့ ကော်မရှင် အဖွဲ့ဝင်တွေကို ဖယ်ရှားပေးဖို့ တောင်းဆိုမှုတွေ ရှိခဲ့

၂၀၁၇ တုန်းက ရွှေကျွန်းသာ ဆိုတဲ့ ဧရာဝတီ တိုင်းထဲက ရေပေါ်ကျွန်းမှာ လယ်သမားတွေက သစ်တောမြေကို ကျူးကျော် လုပ်ကိုင်တာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ရာမှာ ကျူးကျော်သူ အဟောင်းနဲ့ အသစ်ကြား ရန်ဖြစ် လူသေမှုတွေ ရှိလာတဲ့ အတွက် ဧရာ၀တီတိုင်း အစိုးရ အဖွဲ့က လက်ရှိ ကျူးကျော် စပါး စိုက်သူတွေကို ရိတ်သိမ်းခွင့် မပြုဘဲ တိုင်းဒေသကြီး အစီအစဉ်နဲ့ ရိတ်သိမ်းမယ်လို့ ပြောလာတာကြောင့် လယ်သမားတွေက သူတို့စိုက် စပါးတွေ သူတို့ ကိုယ်တိုင် ရိတ်သိမ်းခွင့် ရဖို့ ဆန္ဒပြကာ နေပြည်တော် အစိုးရ အဖွဲ့ရုံး အထိတက် တောင်းဆို ခဲ့ကြပါတယ်။

အဲဒီနောက်ဆန္ဒပြသူတွေက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဆီ ရောက်လာ တိုင်တန်းတဲ့ အတွက် ကော်မရှင်က တာဝန်ရှိသူတွေက စက်လှေတွေနဲ့ အခင်းဖြစ်ရာကို သွားရောက်ကာ လယ်သမားတွေ ၊ တိုင်းအစိုးရက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး အခြေအနေကို သုံးသပ် လေ့လာကာ နိုင်ငံတော် သမ္မတဆီ ကော်မရှင်ရဲ့ တွေ့ရှိချက် အစီရင်ခံစာတင်ပြခဲ့ပါတယ်။

အဲဒီ အစီရင်ခံစာထဲမှာ တိုင်းဒေသကြီး အစိုးရ ဆုံးဖြတ်ချက် အတိုင်း မလုပ်ဘဲ လယ်သမားတွေကို ပြန်လည် ရိတ်သိမ်းခွင့် ပေးဖို့ အကြံပေးခဲ့သလို ဒီမြေတွေဟာ သစ်တောလည်း မရှိတော့ဘဲ စိုက်ပျိုးမြေတွေ ဖြစ်နေတာ ကြာမြင့်နေပြီ ဖြစ်တာကြောင့် သစ်တောက စွန့်လွှတ်ပြီး လယ်သမားတွေကို မြေယာ ခွဲဝေးပေးဖို့ တင်ပြခဲ့ရာမှာ နိုင်ငံတော် အစိုးရက လူ့အခွင့်အရေး ကော်မရှင်ရဲ့ အကြံပြုချက်အတိုင်း လယ်သမားတွေကို ရိတ်သိမ်းခွင့် ပေးကာ သစ်တောမြေကိုလည်း စွန့်လွှတ်ပြီး လယ်သမားတွေဆီ ပြန်လည် ခွဲဝေ ပေးမှုတွေ ရှိခဲ့တယ်လို့ လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင် က ရှင်းပြခဲ့ပါတယ်။

ကော်မရှင် အနေနဲ့ အခုလို အောင်မြင်မှု နမူနာတွေ ရှိခဲ့ပေမယ့်လည်း သံလျင်မှာ လူတယောက်ကို သူခိုးလို့ စွပ်စွဲပြီး ရဲက စစ်ဆေး မေးမြန်းရင်း သေသွားတဲ့ အမှုမှာတော့ လူ့အခွင့်အရေး ကော်မရှင်က တာဝန်ရှိသူတွေကို စုံစမ်း ဖော်ထုတ် အရေးယူဖို့ ပြောပေမယ့် ရဲဌာနက အရေးယူဖို့ အကြောင်းမရှိဘူး ဒီလူက သူ့ရောဂါနဲ့သူ သေတာလို့ ပြောလာတဲ့ အတွက် ကော်မရှင် အနေနဲ့ ဘာမှ ဆက်လုပ်လို့ မရတဲ့ အခြေအနေမျိုးရှိခဲ့တယ်၊ ဒီလို အခြေအနေမျိုးတွေများစွာ ကြုံခဲ့ရဖူးတယ်လို့ ဦးယုလွင်အောင် က ပြောပါတယ်။

ဒီလို ကိစ္စမျိုးတွေ ကြုံရတဲ့ အခါမှာ ကော်မရှင်အနေနဲ့ နားလည်မှု တည်ဆောက်ရတယ်လို့ သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် MNHRC facebook
Image caption လူ့အခွင့်အရေး ကော်မရှင် အဖွဲ့အနေနဲ့ နောက်ထပ် အဖွဲ့သစ် မပေါ်ပေါက်မချင်း ဆက်ရပ်တည်သွားနိုင်

လက်ရှိ လူ့အခွင့်အရေး ကော်မရှင် လက်ထက်မှာ မြန်မာနိုင်ငံ အရပ်ရပ်က အကျဉ်းထောင် အသီးသီးမှာ စားသောက်နေထိုင်ရေး အခြေအနေ တိုးတက်လာခဲ့တယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံက အကျဉ်းထောင် အသီးသီးမှာ ၂၀၀၈ ခုနှစ် နောက်ပိုင်း တိုးတက်မှုတွေ ရှိလာခဲ့ရာမှာ နှစ်ရှည် အကျဉ်းသမားတွေရဲ့ ပြောပြချက်အရ စပါးလုံးတွေအများကြီးပါတဲ့နဲ့ ထမင်းစားနဲ့စားရတဲ့ အခြေအနေကနေ သန့်သန့်ရှင်းရှင်း ထမင်းစားလာရတယ် ၊ ရေဆိုလည်း ၀၀လင်လင် ရေချိုးလို့ ရလာနိုင်ပြီး ရေသန့်သောက်လာရတဲ့ အခြေအနေ ရှိလာတယ်လို့ သူက ထောက်ပြခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပေါ်ပေါက်လာတဲ့ အခါကျမှ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ကြား၀င် စုံစမ်း စစ်ဆေး ဖော်ထုတ် မှုတွေရှိတဲ့ အပေါ် လူထုကြား ပြောဆို ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

လူ့အခွင့်အရေး ကော်မရှင် အနေနဲ့ တိုင်ကြားလာမှသာ ဖြေရှင်နိုင်တဲ့ အဖွဲ့အစည်း ဖြစ်ပြီး သူတို့ အဖွဲ့အနေနဲ့လည်း မီဒီယာတွေမှာ သတင်းပါလာတဲ့ အခါ သို့မဟုတ် သတင်းကြားတဲ့ အခါမှသာ အဲလို ကိစ္စမျိုးတွေကို ကိုင်တွယ် ဖြေရှင်း နိုင်တဲ့ အနေအထားမှာ ရှိတယ်လို့ ဦးယုလွင်အောင် က ပြောပါတယ်။

လက်ရှိ လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ကို ဖျက်သိမ်းပေးဖို့ ဒါမှမဟုတ် အဖွဲ့၀င်တွေကို ဖယ်ရှားပေးဖို့ တောင်းဆိုမှုတွေ လွန်ခဲ့တဲ့ လပိုင်းတုန်းက ရှိခဲ့တဲ့ အပေါ် သူတို့ အဖွဲ့အနေနဲ့ ဘာမှ တုံ့ပြန် မပြောလို ၊ ကန့်ကွက် လိုတာ မရှိဘဲ လူတိုင်းမှာ လုပ်ပိုင်ခွင့် တောင်းဆိုပိုင်ခွင့် ရှိပါတယ်လို့ သူက ဆိုပါတယ်။

လက်ရှိ စည်းမျဉ်း ဥပဒေတွေ အရ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေနဲ့ ပြည်ထောင်စု အစိုးရ က ကော်မရှင် အသစ်တရပ် ဖွဲ့စည်း ပေးတဲ့ အထိ ဆက်လက် ရပ်တည်သွားမှာ ဖြစ်ပါတယ်။