နယ်သာလန်က ဒီဇင်ဘာ ကြားနာပွဲ မြန်မာ ဘာတွေ ရင်ဆိုင်ရဖို့ ရှိလဲ

ICJ တရားရုံးခန်းမ ဓာတ်ပုံ မူပိုင် AFP
Image caption ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ စတင် ကြားနာမှု လုပ်မယ်။

နယ်သာလန် နိုင်ငံမှာ ဒီဇင်ဘာလ ၁၀ ရက်နေ့ လုပ်မယ့် ကြားနာပွဲဟာ ဂမ်ဘီယာဘက် က ICJ ကို တင်ထားတဲ့အထဲက ကြားဖြတ်အရေးယူဆောင်ရွက်မှု Provisional Measures တွေ မြန်မာဘက်ကလိုက်နာဖို့ လိုမလို ဆုံးဖြတ်ဖို့ အဓိက ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီမှာ ICJ ကို ဂမ်ဘီယာဘက်က တောင်းထားတာက နှစ်မျိုးဖြစ်ပြီး အကြမ်းဖက်မှု သတ်ဖြတ်မှုတွေရှိရင် ဆက်မလုပ်ဖို့နဲ့ ဒုတိယ အချက်က သက်သေ အထောက်အထားတွေကို မဖျက်ဆီးဘဲ ထိန်းသိမ်းထားဖို့ ဖြစ်တယ်လို့ Harvard Law School မှာ နိုင်ငံတကာ ဥပဒေတွေကို သင်ကြားပေးနေတဲ့ ကထိက ဒေါ်ရည်မွန်ထွန်းက ဘီဘီစီကို ပြောပါတယ်။

အရပ်သားတွေ အပေါ် ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတွေအားလုံး မြန်မာနိုင်ငံထဲမှာ ချက်ခြင်းရပ်ရေး အရေးပေါ် တားဆီးမိန့်တစ်ရပ် ICJ ဘက်က ထုတ်ပြန်ပေးဖို့ ဂမ်ဘီယာက ထည့်သွင်း လျှောက်ထားခဲ့တာကို ဒီဇင်ဘာ ကြားနာမှုတွေထဲ ICJ က အဓိက အာရုံစိုက် ကြားနာမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ တွေ့ရပါတယ်။

တရားသူကြီးတွေက ဂမ်ဘီယာဘက်က တင်တာတွေကို ဘာကြောင့်တင်တာတာလဲဆိုတာကို နားထောင်မယ်၊ မြန်မာဘက်က ဒီဟာကို လက်မခံဘူးဆိုရင် ဘာကြောင့် လက်မခံဘူး ဆိုတာကိုလည်း နားထောင်မယ်၊ နောက်ပြီးတော့ ပေးသင့်တယ် ထင်ရင် ပေးလိမ့်မယ်လို့လည်း ဒေါ်ရည်မွန်ထွန်းက ပြောပါတယ်။

အဲဒီ့ ကြားဖြတ် အရေးယူဆောင်ရွက်မှုကို ဆုံးဖြတ်ဖို့ဟာက ရက်ပိုင်း ဖြစ်နိုင်သလို လနဲ့ချီ ကြာနိုင်ပြီး တကယ့် အမှုကြီးဖြစ်တဲ့ ဂျီနိုဆိုက် ကွန်ဗင်းရှင်းကို မြန်မာ ချိုးဖောက်သလား ဆိုတာကို စစ်ဆေးတာကတော့ နှစ်နဲ့ချီ ကြာလိမ့်မယ်လို့ သူကပြောပါတယ်။

အဲဒီ ဒီဇင်ဘာ ကြားနာမှု ၃ ရက်အတွင်းမှာ ဂမ်ဘီယာရော မြန်မာပါ ICJ ရုံးစိုက်ရာ နယ်သာလန် နိုင်ငံ သဟေ့ဂ်မြို့မှာ ရှိတဲ့ ငြိမ်းချမ်းရေးနန်းတော် the Peace Palace ရုံး အဆောက်အအုံမှာ လာရောက် ထွက်ဆို ကြရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption OIC ကိုယ်စား ဂမ်ဘီယာက မြန်မာနိုင်ငံကို တရားစွဲတဲ့သူ အဘူဘာကာ တမ်ဘာဒူး

ဂမ်ဘီယာဘက်က ဘယ်အထောက်ထားတွေတင်နိုင်သလဲ

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင်က တွေ့ရှိချက်တွေနဲ့ ဂြိုဟ်တုကရိုက်ထားတဲ့ ဓာတ်ပုံတွေကို ဂမ်ဘီယာဘက်က တင်ဖို့ရှိပါတယ်။

ဂမ်ဘီယာဘက်က တင်ဖို့ ရှိတဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင်ရဲ့ တွေ့ရှိချက် အချက်အလက်တွေကို မြန်မာက ငြင်းပယ်ထားပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၀၀ ကျော်က လက်ခံထားလို့ တရားရုံးက အလေးအနက်ထားဖို့ ရှိနိုင်တယ်လို့လည်း ဒေါ်ရည်မွန်ထွန်းက ပြောပါတယ်။

မြန်မာဘက်ကလည်း မြန်မာအစိုးရရဲ့ မူဝါဒတွေ၊ အထောက်အထားတွေ၊ ပြည်တွင်းလှုပ်ရှားမှုတွေကို ပြန်လည် တင်ပြလို့ ရနိုင်တယ်လို့လည်း သူက ပြောပါတယ်။

ဂျီနိုဆိုက် ကွန်ဗင်းရှင်းလို့ ခေါ်တဲ့ လူမျိုးပြုန်းတီးစေမှု တားဆီးရေးနဲ့ အပြစ်ပေး အရေးယူရေး ဆိုင်ရာ နိုင်ငံတကာ ပဋိညာဉ်ကို မြန်မာနိုင်ငံ ဝင်လက်မှတ်ထိုးခဲ့တဲ့ အချိန်က စလို့ ဒီနေ့အထိ လိုက်နာ ဆောင်ရွက်လျက် ရှိတယ်ဆိုပြီး မြန်မာ နိုင်ငံခြားရေး ဌာနက နိုဝင်ဘာလ ၂၇ ရက်နေ့က ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂ နိုင်ငံတကာ တရားရုံး ICJ မှာ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး ဂမ်ဘီယာက မြန်မာကို တရားစွဲထားတာကို တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ အရေး ကိစ္စဖြစ်တဲ့ အတွက် ပြည်သူလူထု တစ်ရပ်လုံး သွေးစည်း ညီညွတ်ကြပါ ဆိုပြီး အဲဒီ ထုတ်ပြန်ချက်ထဲမှာ တိုက်တွန်းထားပါတယ်။

ဂျီနိုဆိုက် ကွန်ဗင်းရှင်းလို့ ခေါ်တဲ့ လူမျိုးပြုန်းတီးစေမှု တားဆီးရေးက တကမ္ဘာလုံးနဲ့ ပတ်သက်ပြီးတော့ ဒီအချက်ကို လိုက်နာပါမယ်လို့ မြန်မာနိုင်ငံက လက်မှတ်ထိုးထားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် MPA
Image caption မြန်မာကို တရားစွဲထားတာကို တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ အရေး ကိစ္စဖြစ်တဲ့ အတွက် ညီညွတ်ကြပါလို့ အစိုးရထုတ်ပြန်

ဂမ်ဘီယာစွဲတဲ့ ဂျီနိုဆိုက်ဆိုတာကို ဘယ်လိုသတ်မှတ်သလဲ

လူမျိုးတစ်မျိုးလုံး ပြုန်းအောင် သတ်ဖြတ်မှု တခုတည်းက ဂျီနိုဆိုက် မဟုတ်ပါဘူး၊ လူမျိုးထဲက အရေအတွက်တချို့ကို သတ်ဖြတ်မှုကလည်း ဂျီနိုဆိုက်ဖြစ်ပါတယ်လို့ ဂျီနိုဆိုက် သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး ဒေါ်ရည်မွန်ထွန်းက ဘီဘီစီကို ပြောပါတယ်။

၁။ အဖွဲ့အစည်း၊ လူမျိုးတစ်မျိုး၊ အဖွဲ့တစ်ဖွဲ့ရဲ့ လူတချို့ကို သတ်ရင်

၂၊ အဲဒီလူမျိုးအစုအဖွဲ့ ကို စိတ်ထိခိုက်နာကျင်အောင်လုပ်ရင်

၃။ တမင်သက်သက် သိလျက်သားနဲ့ အဲဒီလူမျိုးအစုဖွဲ့ တွေ ဘဝရပ်တည်ရေးကို ခက်ခဲအောင် လုပ်ထားရင်၊ ဘဝထူထောင်လို့ ရအောင် မလုပ်ရင်

၄ ။ လူမျိုး မပွားနိုင်အောင် ဥပဒေတွေနဲ့ ချုပ်ထားရင်

၅။ တမင်သက်သက် သူတို့ရဲ့ ကလေးတွေကို သီးခြားခွဲထုတ်ထားရင်

စတဲ့အချက်တွေက ဂျီနိုဆိုက် ဖြစ်တယ်လို့လည်း ဒေါ်ရည်မွန်ထွန်းက ပြောပါတယ် ။

အဲဒီသတ်မှတ်ချက်ထဲက အချက်အလက်တချို့ ငြိတာနဲ့ ဂျီနိုဆိုက် ကွန်ဗင်းရှင်းလို့ ခေါ်တဲ့ လူမျိုးပြုန်းတီးစေမှုကို တားဆီးရေး ချိုးဖောက်တယ်လို့ ပြောလို့ရတယ်လို့ ဒေါ်ရည်မွန်ထွန်းက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption နိုင်ငံတကာတရားရုံး (ICJ) ဟာ နိုင်ငံအချင်းချင်းအကြား ဖြစ်တဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းပေးရတဲ့ ကုလသမဂ္ဂရဲ့ အဓိက တရားရေး အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။

ကြားဖြတ်အရေးယူဆောင်ရွက်မှုအနိုင်အရှုံးက ဘယ်တော့လောက်ထွက်မလဲ

ပထမဆုံးထွက်လာမယ့် ကြားဖြတ် အရေးယူ ဆောင်ရွက်မှု အနိုင်အရှုံးကလည်း မြန်မာအတွက် အရေးကြီးပါတယ်။

အဲဒီမှာ တရားရုံးက သက်သေအထောက်အထားတွေကို မဖျက်ပါနဲ့လို့ပြောရင် မြန်မာဘက်က အဲဒီသက်သေတွေကို ဘယ်လို ထိန်းသိမ်းထားတယ်ဆိုတာကို ၄ လ အတွင်း ပြန်ပြီး တော့ ICJ ကို တင်ပြရဖို့ရှိပါတယ်။

ပထမဆုံး ထွက်လာမယ့် ကြားဖြတ် အရေးယူ ဆောင်ရွက်မှု အနိုင်အရှုံး ရလဒ်ဟာ ရက်ပိုင်း၊ လပိုင်းအတွင်းလည်း ထွက်လေ့ရှိပါတယ်။ အမှုကြီးကတော့ နှစ်နဲ့ ချီပြီးကြာလေ့ရှိတယ်လို့ လည်း ဒေါ်ရည်မွန်ထွန်းက ပြောပါတယ်။