အပစ်ရပ်လက်မှတ်ထိုး RCSS နဲ့ တပ်မတော် နမ္မတူအနီးမှာ တိုက်ပွဲဖြစ်လို့ အမျိုးသမီးတစ်ဦးသေဆုံး

တပ်မတော် တပ်ဖွဲ့ဝင် နှစ်ယောက် ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption RCSS နဲ့ အစိုးရ ကိုယ်စားလှယ်တွေ နိုဝင်ဘာလလယ် တွေ့ခဲ့စဉ်က မပြေလည်မှုတွေ ညှိနှိုင်းနိုင်ခဲ့တယ်လို့ဆို

အစိုးရနဲ့ အပစ်ရပ် လက်မှတ်ထိုးထားတဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS နဲ့ တပ်မတော်တို့ ရှမ်းမြောက် နမ္မတူမြို့နားမှာ တိုက်ပွဲ ဖြစ်ခဲ့လို့ ဒေသခံ အမျိုးသမီး တစ်ယောက် သေဆုံးပြီး အမျိုးသမီး နှစ်ယောက် ဒဏ်ရာရခဲ့ပါတယ်။

နိုဝင်ဘာ ၂၈ရက် ကတည်းက နမ္မတူမြို့ အနီးမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး နိုဝင်ဘာ ၂၉ ရက် မနက်ပိုင်းမှာ လက်နက်ကြီးကျည် တချို့ မန်ဝါကျေးရွာထဲ ကျခဲ့တဲ့ အတွက် ဒေသခံတွေ အခုလို သေဆုံး၊ ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူအမျိုးသမီးဟာ အသက် ၃ဝကျော်ရှိပြီး သမီးတစ်ယောက် ကျန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီတိုက်ပွဲနဲ့ ပတ်သက်လို့ တပ်မတော်ကို မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒေသခံတွေ ထိခိုက်ခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ချိတ်ဆက် လုပ်ကိုင် နေတဲ့ ဇီဝိတ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက "အမျိုးသမီး သုံးယောက် ဒဏ်ရာ ရတယ်။ သုံးယောက်မှာ တစ်ဦးက သေတယ်။ တစ်ဦးကတော့ စိုးရိမ်ရတဲ့အတွက် လားရှိုးဆေးရုံကို အခုပဲ ရွှေ့နေတယ်။ နောက်တစ်ဦးကတော့ နမ္မတူဆေးရုံမှာပဲ ရှိတယ်၊ နောက်တစ်ခါ စစ်ရှောင် ကားသုံးစီးစာ ပုဗ္ဗာရုံကျောင်းကို သွားနေတယ်တဲ့။ မရောက်သေးဘူး" လို့ ဘီဘီစီကို ပြောပြပါတယ်။

အပစ်အခတ်ရပ်စဲပြီးသား အဖွဲ့တစ်ခုနဲ့ တပ်မတော်တို့အကြား တိုက်ပွဲဖြစ်တဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဆလိုင်းယောအောင်က

"လေးနှစ်မြောက် NCA လက်မှတ်ထိုးတဲ့ အခမ်းအနားမှာ RCSS ကနေပြီးတော့ ဥက္ကဋ္ဌ လာဖို့ နေရာမှာလည်း အဆင်မပြေဘူး ဖြစ်တဲ့ အခါကျတော့ နည်းနည်းလေးတော့ အဆင်မပြေမှုက ဝေးသွားစေမှာပေါ့လေ၊နှစ်ဖက်ကြားထဲမှာ မတွေ့ကြတာ ကြာတဲ့အခါကျတော့ နားလည်မှုလွဲတာတွေ ဖြစ်နိုင်တယ်။ အခက်အခဲတွေ ဖြစ်တဲ့အခါကျတော့ ထိတွေ့မှုက ဖြစ်လေ့ ဖြစ်ထရှိတဲ့ သဘောတော့ ရှိပါတယ်" လို့ ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ တပ်မတော်နဲ့ RCSS တို့အကြား တိုက်ပွဲတွေ မဖြစ်ပွားတာ ကြာခဲ့ရာကနေ အခု တစ်ကျော့ပြန် ဖြစ်လာတာ ဖြစ်ပါတယ်။

နှစ်ဖက် တွေ့ဆုံ ဆွေးနွေးမှုတွေ မရှိတဲ့ တစ်နှစ်နီးပါး အတွင်းမှာ အခုလို တိုက်ပွဲတွေ ပြန်ဖြစ်လာပေမယ့် နှစ်ဖက်တာဝန်ရှိသူတွေကြား တွေ့ဆုံမှုတွေလုပ်ပြီး အမြန်ဆုံး ပြန်လည်ပြေလည် သွားမယ်လို့ ယူဆထားတယ်လို့လည်း ဆလိုင်းယောအောင်က ပြောပါတယ်။

RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ယွက်စစ်ဟာ NCA နှစ်ပတ်လည်ပွဲကို တက်ရောက်ရင်း အစိုးရနဲ့ နေပြည်တော်မှာ တွေ့ဖို့ စီစဉ်ထားပြီးမှ လမ်းကြောင်းကိစ္စ တပ်မတော်နဲ့ ညှိနှိုင်းမရ ဖြစ်ပြီး အစီအစဉ် ဖျက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ့နောက်အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ တပ်မတော်ဘက်က ကိုယ်စားလှယ်တွေက နိုဝင်ဘာလလယ်မှာ ထိုင်းနိုင်ငံ ချင်းမိုင်မှာ RCSS ကိုယ်စားလှယ်တွေနဲ့ သွားတွေခဲ့ကြအပြီး မပြေလည်တာတွေ ဖြေရှင်းနိုင်ခဲ့တယ်လို့ နှစ်ဖက် ကိုယ်စားလှယ်တွေက ပြောထားခဲ့ပါတယ်။

အခုလို အပစ်ရပ် လက်မှတ်ထိုးပြီးသား RCSS နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ခဲ့တဲ့ အပြင် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူ မှာ တပ်မတော်နဲ့ မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော် MNLA တို့ အခု သီတင်းပတ် အတွင်းမှာ တိုက်ပွဲ ဖြစ်ခဲ့ပါသေးတယ်။