နိုဝင်ဘာ ၃၀ ရက် မနက်ခင်းသိသင့်တဲ့သတင်းများ

ဓာတ်ပုံ မူပိုင် KC ORTIZ/AFP/GETTY IMAGES
Image caption RCSS/SSA ရဲ့ စစ်ရေးပြအခမ်းအနားတစ်ခု

(၁) အပစ်ရပ်စာချုပ်ကိုမလိုက်နာလို့ တိုက်ပွဲပြန်ဖြစ်တာလို့ RCSS ပြော

ဒီရက်ပိုင်း အစိုးရတပ်နဲ့ တိုက်ပွဲဖြစ်ပွားတာဟာ နှစ်ဖက်လုံးက အပစ်ရပ်ချုပ် NCA ပါအချက်တွေကို မလိုက်နာလို့ ဖြစ်တာလို့ ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ (RCSS/SSA) က ဒုဗိုလ်မှူးကြီး စိုင်းဦးက ဘီဘီစီကို ပြောပါတယ်။

အပစ်ရပ်စာချုပ်မှာ နှစ်ဖက်တပ်တွေ အသွားအလာလုပ်တဲ့အခါ ကြိုတင်အသိပေးအကြောင်းကြားဖို့ဆိုတဲ့အချက်တွေ ပါပါတယ်။

ဓာတ်ပုံ မူပိုင် Tai Freedom
Image caption နှစ်ဖက်မကျေလည်မှုတွေကို နိုဝင်ဘာလလယ်ကတင် ဆွေးနွေးညှိနှိုင်းနိုင်ခဲ့တာ မကြာသေး

ဒါပေမဲ့ နမ္မတူမှာ လက်နက်ကြီးကျလို့ အရပ်သားအမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်ဆိုတဲ့ နိုဝင်ဘာ ၂၉ ရက်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့ သူက ငြင်းဆိုပါတယ်။

"နိုဝင်ဘာ ၂၈ ရက်မှာ မန်ဝါရွာနားမှာ တိုက်ပွဲဖြစ်တာ မှန်ပါတယ်။ ဒါကလည်း နှစ်ဖက်တပ်တွေ သွားလာရင်း မတော်တဆ ထိတွေ့တိုက်ပွဲဖြစ်တာပါ။ ဆယ်မိနစ် ဆယ့်ငါးမိနစ်လောက်ပဲ အပြန်အလှန်ပစ်တာပါ။ လူသေတယ်ဆိုတဲ့ ၂၉ ရက်မှာ ကျွန်တော်တို့တပ်တွေ အဲဒီရွာနားမှာ မရှိပါဘူး" လို့ သူကပြောပါတယ်။

အခုလို တိုက်ပွဲဖြစ်ရတာက RCSS ဘက်က ရှမ်းမြောက်မှာ တပ်စခန်းတွေတိုးချဲ့တာကြောင့်လို့ တပ်မတော်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် SAI LEARN
Image caption ၂၀၁၇ အတွင်းက နေပြည်တော်ရောက် RCSSကိုယ်စားလှယ်အဖွဲ့

RCSS အနေနဲ့ အဲဒီလိုတပ်စခန်းအခိုင်အမာ တည်ဆောက်တာမျိုး မလုပ်ဘူးလို့ ဒုဗိုလ်မှူးကြီး စိုင်းဦးက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ လာမယ့်ဆွေးနွေးပွဲတွေမှာ ဆွေးနွေးသွားဖို့ရှိတယ်လို့ သိရပါတယ်။

RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် နေပြည်တော်လာမယ့် လမ်းကြောင်းကို တပ်မတော်က တားမြစ်လို့ ခရီးစဉ်ပျက်သွားတဲ့အတွက် ဒီအပေါ် နှစ်ဖက်ကိုယ်စားလှယ်တွေ ညှိနှိုင်းဆွေးနွေး ပြေလည်ခဲ့တာ နှစ်ပတ်ခန့်အကြာမှာ ခုလို တိုက်ပွဲဖြစ်တာဖြစ်ပါတယ်။

RCSS ဟာ အပစ်ရပ်စာချုပ်လက်မှတ်ထိုးထားတဲ့နောက် တပ်မတော်နဲ့ တိုက်ပွဲ ၅၈ ကြိမ်ဖြစ်ပွားထားပြီး တိုက်ပွဲအဓိကဖြစ်ပွားတဲ့အကြောင်းအရင်းထဲမှာ လက်နက်ကိုင်တပ်တွေအတွက် နယ်မြေအတည်တကျ သတ်မှတ်ထားမှုမရှိတဲ့အတွက် နှစ်ဖက်တပ်တွေ ထိတွေ့မှုက အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

မနေ့က တိုက်ပွဲမှာ RCSS ဘက်က သေနတ်တစ်လက်အပါအဝင် လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့ တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

ဒါပေမဲ့ RCSS ကတော့ အဲဒီလိုသူတို့လက်နက်တွေ ဆုံးရှုံးရမှုလည်း မရှိဘူးလို့ ဘီဘီစီကိုပြောပါတယ်။

ဒီရက်ပိုင်းအတွင်းမှာ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ မွန်ပြည်သစ်ပါတီနဲ့လည်း တပ်မတော် တိုက်ပွဲဖြစ်ပွားထားပြီး ဒေသခံတွေ ထိုင်းဘက်ကို ထောင်နဲ့ချီတိမ်းရှောင်ခဲ့ရပါတယ်။

လာမယ့် ဒီဇင်ဘာ ၃ ရက်ကနေ ၅ ရက်အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ အပစ်ရပ်လက်မှတ်ထိုးအဖွဲ့ခေါင်းဆောင်တွေစုဖွဲ့ထားတဲ့ ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး ကျင်းပဖို့ရှိနေပြီး ဒီအစည်းအဝေးတွေမှာ တိုက်ပွဲဖြစ်စဉ်တွေဆွေးနွေးဖို့ရှိနေပါတယ်။

(၂) သွေတိုးဆီးချိုအပါအဝင် မကူးစက်နိုင်တဲ့ရောဂါတွေကို ဘယ်လိုထိန်းချုပ်မလဲ

သွေးတိုးဆီးချိုအပါအဝင် တခြားမကူးစက်နိုင်တဲ့ရောဂါတွေဟာ ကမ္ဘာမှာရော မြန်မာမှာပါ အဖြစ်များလာပြီး လူတွေရဲ့ နေထိုင် စားသောက်မှုပုံစံ ပြောင်းလာတာကြောင့် ဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကံကောင်းက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် NOAH SEELAM
Image caption မြန်မာနိုင်ငံမှာ လူသေဆုံးမှုရဲ့ ၂၅ ရာခိုင်နှုန်းက သွေးတိုးနဲ့ ဆက်နွှယ်တဲ့ရောဂါတွေကြောင့် ဖြစ်တယ်လို့ WHO ပြော

"သွေးတိုးဆီးချိုဆိုရင် အငန်ဓာတ်အစားများတာ၊ သွေးချိုဆီးချိုဆိုရင် အချိုဓာတ်တွေ အစားများတာတွေရှိမှာပေါ့။ နေထိုင်စားသောက်မှုပုံစံတွေက ပြောင်းလဲလာတဲ့အခါ Industry တွေကနေပြီးတော့ ပိုပြီးလွယ်လွယ်ကူကူရလာနိုင်တဲ့အခြေအနေမျိုးပေါ့။ ကုန်သွယ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေပေါ့။ ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းရရှိမှုတွေများပြားလာတဲ့အခါ လူတွေ က ပိုပြီးများများစားသုံးလာကြတယ်" လို့ ဒေါက်တာ ကျော်ကံကောင်းက ပြောပါတယ်။

ဒီလိုစားသုံးမှုတွေမရှိအောင် ပညာပေးလုပ်ငန်းတွေလုပ်နေပေမယ့် လူတွေကိုယ်တိုင်ကလည်း အပြုအမူ တွေပြောင်းလဲဖို့လိုပါတယ်လို့ သူက ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဆီးချို ကို ကိုယ်ခံအားပြုပြင်နည်းနဲ့ ကုမယ်

အဲဒီလိုကုန်ပစ္စည်းတွေကိုကန့်သတ်ဖို့လိုအပ်နေပြီး ဥပမာ အရှေ့တောင်အာရှက တချို့နိုင်ငံတွေမှာ SSB test ဆိုတာပါရှိတဲ့ အစား အသောက် စာရင်းတွေရှိပြီး မြန်မာနိုင်ငံမှာလည်း အဲဒီလို Sugar sweetened beverage ဆိုတဲ့ အချိုထည့်ထားတဲ့ အစားအစာတွေကို စာရင်းကောက်ယူဖို့ ပြင်ဆင်နေတယ်လို့ ဒေါက်တာ ကျော်ကံကောင်းက ဆိုပါတယ်။

သွေးတိုးဟာ နှစ်ကြာသွားပြီး ထိန်းချုပ်ကုသဖို့မလွယ်တော့ရင် နှလုံးအလုပ်မလုပ်နိုင်တဲ့အဆင့်ရောက်ပြီး မောဟိုက်တာ၊ နှလုံးသွေးကြောကျဉ်းတဲ့ရောဂါ တွေဖြစ်လာနိုင်ပြီး သွေးတအားတိုးလာတဲ့အခါ ရုတ်တရက် ဦးနှောက်သွေးကြောပေါက်ပြီး လေဖြတ်သေဆုံးနိုင်ပါတယ်။ ရေရှည်မှာ ကျောက်ကပ် ပျက်စီးနိုင်တယ်လို့ သူက ရှင်းပြပါတယ်။

ဆီးချိုဟာလည်း ထိန်းချုပ်ကုသနိုင်မှုမရှိရင် အာရုံကြောတွေထိခိုက်ပျက်စီးတာ၊ သွေးလှည့်ပတ်မှု အားနည်းသွားပြီး ခြေထောက်တွေဆီ သွေးမရောက်လို့ သွေးကြောပုပ်တာ၊ မျက်လုံးသွေးကြောပေါက်ပြီး မျက်စိကွယ်နိုင်ခြေလည်း ရှိတယ်လို့ဒေါက်တာကျော်ကံကောင်းက ပြောပါတယ်။ ဒါ့အပြင် အဆီဓာတ်အလိုလိုများလာတာ၊ ကျောက်ကပ် ပျက်စီးတာ၊ ဖောယောင်တာ၊ ခန္ဓာကိုယ်အဆိပ်အတောက်ဖြစ်တာတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

၂၀၁၆ မှာ မြန်မာနိုင်ငံမှာ လူသေဆုံးမှုရဲ့ ၂၅ ရာခိုင်နှုန်းက သွေးတိုးနဲ့ ဆက်နွှယ်တဲ့ရောဂါတွေကြောင့် ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောကြားခဲ့ပါတယ်။

လက်ရှိ ကျန်းမာရေးဌာနရဲ့ စာရင်းတွေအရလည်း လူနာတွေထဲမှာ သွေးတိုးဖြစ်သူ ၃၀ ရာခိုင်နှုန်းနဲ့ ဆီးချိုဖြစ်သူ ၁၀ ရာခိုင်နှုန်းအထက်မှာ ရှိတယ်လို့ သိရပါတယ်။

(၃) လန်ဒန်တံတားမှာ တိုက်ခိုက်သူဟာ အကြမ်းဖက်မှုနဲ့ ထောင်ကျဖူးသူဖြစ်

ဓာတ်ပုံ မူပိုင် PA Media
Image caption မနေ့က တိုက်ခိုက်မှုမှာ ဘေးလွတ်ရာကိုထွက်ပြေးနေသူတချို့

လန်ဒန်မြို့လယ်မှာ လူနှစ်ယောက်ကို သတ်ပြီး လူသုံးယောက်ကို ဒဏ်ရာရအောင်လုပ်ခဲ့တဲ့သူဟာ အကြမ်းဖက်မှုနဲ့ ထောင်ကျပြီးတဲ့နောက် ခံဝန်ချက်နဲ့ ပြန်လွတ်လာသူဖြစ်တယ်လို့ ဗြိတိန်အစိုးရကပြောပါတယ်။

လန်ဒန်မြို့လယ်က လန်ဒန်တံတားပေါ်မှာ နိုဝင်ဘာ ၂၉ ရက် နေ့လယ် ၂ နာရီက လူတစ်ယောက်က လမ်းသွားလမ်းလာတွေကို ဓားနဲ့လိုက်တိုက်ခိုက်လို့ နှစ်ဦး သေဆုံးခဲ့ပါတယ်။

အသေခံဗုံးခွဲဝတ်စုံအတုကို ဝတ်ထားတဲ့ဒီအမျိုးသားကို ရဲက လန်ဒန်တံတားပေါ်မှာ ပစ်သတ်ခဲ့တာဖြစ်ပါတယ်။

ဗြိတိန်အစိုးရရဲ့အရေးပေါ်တုံ့ပြန်မှုကော်မတီအစည်းအဝေးကိုလည်း ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က သဘာပတိလုပ်ပြီးကျင်းပခဲ့ပါတယ်။

Image caption တိုက်ခိုက်မှုဖြစ်ပွားရာပြ မြေပုံ

ဒီတိုက်ခိုက်သူကို ဝိုင်းပြီး ဖမ်းခဲ့ကြတဲ့အရပ်သားတွေကိုလည်း အံ့မခန်းရဲရင့်သူတွေဖြစ်တယ်လို့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ချီးကျူးခဲ့ပါတယ်။

အမုန်းတရားနဲ့ လူမျိုးရေးခွဲခြားမှုတွေကို တားဆီးရေးမှာ လူမှုအသိုင်းအဝိုင်းတွေအားလုံး အတူတကွ ရပ်တည်ရမယ်လို့ အတိုက်အခံလေဘာပါတီခေါင်းဆောင် ဂျရမီကိုဘင်ကပြောကြားခဲ့ပါတယ်။

(၄) ဆီးဂိမ်းစ်ပွဲလက်မှတ်တွေ အလကားဝေဖို့ သမ္မတ ဒူတာတေးအမိန့်ထုတ်

ဓာတ်ပုံ မူပိုင် AFP
Image caption အားကစားပွဲကို ဝေဖန်တာတွေများနေတဲ့အတွက် ကျေနပ်အောင် ဒီလိုအမိန့်ပေးတာလားလို့ ယူဆချက်တွေရှိ

ဖိလစ်ပိုင်မှာ သမ္မတ ဒူတားတေးက ထောင်နဲ့ချီရှိတဲ့ အရှေ့တောင်အာရှ အားကစားပွဲတော် (ဆီးဂိမ်းစ်) လက်မှတ်တွေအလကားဝေဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

နိုဝင်ဘာ ၃၀ ရက်မှ တရားဝင်စတင်မယ့် အားကစားပွဲကို ဝေဖန်တာတွေများနေတဲ့အတွက် ကျေနပ်အောင် ဒီလိုအမိန့်ပေးတာလားလို့ သေချာတော့မသိရသေးပါဘူး။

ဒီပွဲအတွက် သယ်ယူပို့ဆောင်ရေး၊ အစားအသောက်နဲ့ အားကစားကွင်းတွေ အချိန်မီမပြီးဘဲ ဖြစ်နေတာတွေကို ဝေဖန်ခံနေရတာဖြစ်ပါတယ်။

ဒါပေမဲ့ လက်မှတ်ဝယ်ထားသူတွေကိုတော့ ငွေပြန်မအမ်းဘူးလို့ ဆိုပါတယ်။ ဒီလိုလက်မှတ် ဝယ်ထား မိသူတွေကိုတော့ အကောင်းဆုံး ခုံတွေပေးတာ၊ ဒိုးနတ်မုန့်နဲ့ ရေခဲမုန့်တွေ ကျွေးတာမျိုးတွေ စီစဉ်ပေးနိုင် တယ်လို့လည်း ဖိလစ်ပိုင်အစိုးရ အရာရှိတစ်ဦးက ဆိုပါတယ်။

အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတာဖြစ်ပါတယ်။