ICJ အရေးရပ်တည်ချက်မတူတဲ့ မြောက်ပိုင်းအဖွဲ့တွေကြား ဆက်ဆံရေး

မြန်မာကိုတရားစွဲတာဟာ ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) နဲ့လည်း တစ်စုံတစ်ရာပတ်သက်နေတဲ့ကိစ္စလို့ မိုင်းလားအဖွဲ့က ပြောပါတယ်။ ဓာတ်ပုံ မူပိုင် MOngla
Image caption မြန်မာကိုတရားစွဲတာဟာ ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) နဲ့လည်း တစ်စုံတစ်ရာပတ်သက်နေတဲ့ကိစ္စလို့ မိုင်းလားအဖွဲ့က ပြောပါတယ်။

ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ သွားရောက်တရားရင်ဆိုင်မယ့် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း မိုင်းလားအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

နိုဝင်ဘာ ၃၀ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ အဲဒီကြေညာချက်မှာ ဂမ်ဘီယာနိုင်ငံက မြန်မာကို တရားစွဲထားတဲ့သတင်းကို မီဒီယာကနေတစ်ဆင့် သိရပြီး ဒါဟာ မိမိတို့ ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) နဲ့လည်း တစ်စုံတစ်ရာပတ်သက်နေတဲ့ကိစ္စတစ်ရပ်လို့ ဖော်ပြထားပါတယ်။

ဓာတ်ပုံ မူပိုင် MOngla
Image caption မိုင်းလားအဖွဲ့ဟာ စစ်အစိုးရလက်ထက်ကတည်းက ငြိမ်းချမ်းရေးယူခဲ့တဲ့အဖွဲ့ဖြစ်ပြီး သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ပြည်နယ်အဆင့် ပြည်ထောင်စု အပစ်ရပ်စဲရေး သဘောတူ ညီချက် လက်မှတ်ရေးထိုးထား

ဒီအမှုကို ဒေါ်အောင်ဆန်းစုကြည်က ကိုယ်တိုင် ဦးဆောင်ပြီး သွားရောက်ရင်ဆိုင်ချေပမယ့်အပြုအမူကို ထောက်ခံကြောင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်း အသီးသီးကလည်း မြန်မာနိုင်ငံရဲ့အသံကို နားစွင့် ၊ နားထောင်ပေးကြဖို့ မေတ္တာရပ်ခံတယ်လို့လည်း ပါရှိပါတယ်။

မိုင်းလားအဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ အဲဒီအဖွဲ့ရဲ့ ပြောခွင့်ရသူ ဦးကြည်မြင့်နဲ့ ဦးခမ်းမောင်တို့ကို ဘီဘီစီက ဒီဇင်ဘာ ၁ ရက်မှာ ဖုန်းနဲ့အကြိမ်ကြိမ် ဆက်သွယ်ပေမယ့် အဆက်အသွယ်မရရှိသေးပါဘူး။

မိုင်းလားအဖွဲ့ဟာ ၁၉၈၉ ခုနှစ် စစ်အစိုးရလက်ထက်ကတည်းက ငြိမ်းချမ်းရေးယူခဲ့တဲ့အဖွဲ့ဖြစ်ပြီး သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ပြည်နယ်အဆင့် ပြည်ထောင်စု အပစ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်သလို မြောက်ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ရဲ့ အဖွဲ့ဝင်လည်းဖြစ်ပါတယ်။

ရပ်တည်ချက်မတူတဲ့ ထုတ်ပြန်ချက်တွေနဲ့ မြောက်ပိုင်းအဖွဲ့တွေကြားက ဆက်ဆံရေး

နိုဝင်ဘာ ၃၀ ရက်မှာ ဝပြည်သွေးစည်းညီညွတ်ရေးပါတီကလည်း ICJ အရေး အစိုးရရပ်တည်ချက်ကို ထောက်ခံတယ်လို့ ကြေညာချက်ထုတ်ပြန် ထားပါတယ်။

ဒါပေမဲ့ တပ်မတော်ကို ICC နဲ့ ICJ မှာ တရားစွဲဆိုထားတာကို ထောက်ခံတယ်လို့ ရက္ခိုင့်တပ်တော် AA၊ တအာင်း၊ ပလောင် TNLA နဲ့ ကိုးကန့် MNDAA စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကြေညာချက်ထုတ်ပြန်ထားပါတယ်။ ဒီသုံးဖွဲ့ဟာလည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေဖြစ်ပါတယ်။

ဒီသုံးဖွဲ့ထဲမှာ အေအေနဲ့ TNLA တို့ဟာ တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ရေးတင်းမာမှုတွေရှိနေပါတယ်။

ဓာတ်ပုံ မူပိုင် Khin Mg Win
Image caption ၀တပ်ဖွဲ့ဟာလည်း မိုင်းလားနည်းတူ စစ်အစိုးရလက်ထက်ကတည်းက ငြိမ်းချမ်းရေးရယူထားတဲ့အဖွဲ့ဖြစ်ပါတယ်။

အခုလို မြန်မာအစိုးရအပေါ် တရားစွဲဆိုထားမှုနဲ့ပတ်သက်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကြား သဘောထားကွဲလွဲမှုတွေဟာ အဖွဲ့အတွင်း ဆက်ဆံရေးအပေါ် သက်ရောက်မှုရှိလာနိုင်သလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာပါတယ်။

ဝတပ်ဖွဲ့ရဲ့ ပြောခွင့်ရသူ ဦးညီရန်းကတော့ နိုင်ငံရေးမဟာမိတ်တွေနဲ့ သီးခြားအမြင်ရှိတာသာဖြစ်ပြီး အချင်းချင်း ယုံကြည်မှုပျက်ပြားမယ်လို့ မမြင်ကြောင်း ပြောကြားထားပါတယ်။

ဒါ့အပြင် အဲဒီအဖွဲ့တွေနဲ့ ဝအဖွဲ့ဟာ နောက်ခံဖြစ်တည်မှုချင်းလည်း ကွာခြားပြီး ဝပြည်နယ်က ငြိမ်းချမ်းရေး ယူလာတာ နှစ် ၃၀ ကျော်လာပြီဖြစ်တယ်လို့ သူက ဆိုပါတယ်။

မြောက်ပိုင်းစုဖွဲ့မှုထဲမှာပါတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူကတော့ သက်ရောက်မှု တစ်စုံ တစ်ရာရှိနိုင်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Hein Htet
Image caption ကေအိုင်အေကတော့ ဒီလိုရပ်တည်ချက်ကွဲလွဲတာဟာ မဟာမိတ်တွေကြား ဆက်ဆံရေးမှာ သက်ရောက်မှု တစ်စုံတစ်ရာရှိနိုင်တယ်လို့ဆို

"ဘာပဲဖြစ်ဖြစ် သက်ရောက်မှုကတော့ တစ်စုံတစ်ခုတော့ရှိမှာပါ။ ဒါပေမဲ့ ဘယ်လောက်ထိ အကျိုးသက်ရောက်မှု ရှိမှာလား ၊ မရှိဘူးလားဆိုတာတော့ ကျွန်တော်တို့ သုံးသပ်လို့မရဘူး။ ဒါပေမဲ့ ကိုယ့်သဘောထားနဲ့ ကိုယ့်အနေအထားနဲ့ ရပ်တည်တယ်ဆိုတာ သဘောထားထုတ်ပြန်တာတော့ ကောင်းပါ တယ်" လို့ ပြောပါတယ်။

ICJ မှာ တရားစွဲခံထားရတဲ့ မြန်မာအပေါ် ကေအိုင်အေရဲ့ သဘောထားရပ်တည်ချက်ကိုမေးတဲ့အခါမှာတော့ ဗဟိုကော်မတီအနေနဲ့ ညွှန်ကြားထားတာ မရှိသေးဘူးလို့ သူက ဆက်ပြောပါတယ်။

ဓာတ်ပုံ မူပိုင် YE AUNG THU/AFP/GETTY IMAGES
Image caption ဒါဟာ နိုင်ငံရေးမဟုတ်ဘဲ ရာဇဝတ်မှုဖြစ်တယ်ဆိုတာ ခွဲခြားမြင်ဖို့လိုတယ်လို့ တအာန်းအဖွဲ့ TNLA ပြော

တပ်မတော်ကို တရားစွဲတာ ထောက်ခံကြောင်း ထုတ်ပြန်ထားတဲ့ TNLA အဖွဲ့က ဗိုလ်မှူးမိုင်းအိုက်ကျော်ကတော့ ဒါဟာ နိုင်ငံရေးပြဿနာမဟုတ်ဘဲ ရာဇဝတ်မှုဖြစ်ပြီး ဝနဲ့ မိုင်းလားဒေသမှာ တိုက်ပွဲဖြစ်ပွားတာမရှိသလို မြန်မာ့တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရတာ မရှိတဲ့အတွက် သူတို့အဖွဲ့နဲ့ ရပ်တည်ချက်တွေ မတူနိုင်ဘူးလို့ ပြောပါတယ်။

ဒါ့အပြင် မြောက်ပိုင်းမဟာမိတ်အဖွဲ့အချင်းချင်း နိုင်ငံရေးအရ ပေါင်းစည်းထားတာဖြစ်ပြီး ဒီတရားစွဲခံရမှုဖြစ်စဉ်ဟာ နိုင်ငံရေးမဟုတ်ဘဲ ရာဇဝတ်မှုဖြစ် တယ်ဆိုတာ ခွဲခြားမြင်ဖို့လိုတယ်လို့ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောပါတယ်။

"နိုင်ငံရေးမဟာမိတ်ဖြစ်တယ်။ ဒါပေမဲ့ မြေပြင်အခြေအနေချင်းက တခြားစီဖြစ်တယ်။ ပုံစံချင်းလည်းကွာတယ်။ ကျွန်တော်တို့ လူထု ခံစားနေရ တာကိုအခြေခံပြီး အခုလို ထုတ်ပြန်ထားတာဖြစ်တယ်" လို့ ဗိုလ်မှူး မိုင်းအိုက်ကျော်ကပြောပါတယ်။

ဒါပေမဲ့ ဒီလိုရပ်တည်ချက်မတူတာဟာ နိုင်ငံရေးမဟာမိတ်အချင်းချင်းကြား ဆက်ဆံရေးကို သက်ရောက်မှုမရှိသလို ဝနဲ့ မိုင်းလားတို့နဲ့ ဆက်ဆံရေး ထိခိုက်မှာကိုလည်း မစိုးရိမ်ဘူးလို့လည်း သူက ပြောပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာကို တရားစွဲဆိုထားတာကို နယ်သာလန်နိုင်ငံ၊ သဟေ့ဂ်မြို့မှာ ရှိတဲ့ ICJ တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေးဝန်ကြီးအဖြစ်နဲ့ ဦးဆောင် သွားရောက်ရင်ဆိုင်မှာဖြစ်ပါတယ်။

ရုံးချိန်းတွေကို ဒီဇင်ဘာ ၁၀ ရက်မှာစတင်မယ်လို့ ICJ ဘက်က ထုတ်ပြန်ထားပါတယ်။