ကျားဖောင်လုပ်ငန်းရှင် အများစု သတ်မှတ်စည်းကမ်းတွေ မလိုက်နာဘူးလို့ပြော

ဖျာပုံ မြို့အနီးပင်လယ်ပြင်က ကျားဖောင် ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ဖျာပုံ မြို့အနီးပင်လယ်ပြင်က ကျားဖောင်

မြန်မာနိုင်ငံက မိသားစု ထမင်းဝိုင်းတွေရဲ့ အဓိက ဟင်းလျာ ဖြစ်တဲ့ ငါးပိ ငါးခြောက် ပုဇွန်ခြောက်တွေ ထုတ်လုပ်နေတဲ့ ကျားဖောင်လုပ်ငန်းဟာ သတ်မှတ် စံနှုန်းတွေနဲ့ မညီညွှတ်တဲ့ လုပ်ငန်းခွင်ကြီး ဖြစ်နေတယ်လို့ ဖျာပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထွဋ်က ဘီဘီစီကို ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်လောက်ကတည်းက ဒီလုပ်ငန်းခွင်ကို စနစ်တကျ ရှိဖို့ လူကုန်ကူးမှုတွေ ပပျောက်ဖို့ သက်ဆိုင်ရာဌာနတွေ လုပ်ငန်းရှင်တွေနဲ့ ကြိုးပမ်းခဲ့ပေမဲ့ ကျားဖောင်လုပ်ငန်းရှင်တွေဘက်က လိုက်နာမှု အားနည်းခဲ့တယ် လို့လည်း သူက ပြောပါတယ်။

"အဓိက ကတော့ ကျားဖောင် လုပ်ငန်းရှင်တွေ ကိုယ်တိုင်ကိုက လိုက်နာမှု အားနည်းနေတာပါ၊ ဒါကအဓိက ပြဿနာပါ" လို့ သူက ဘီဘီစီကို ရှင်းပြပါတယ်။

အခုလို ပြဿနာတွေ ဖြစ်နေတာဟာ ပင်လယ်ပြင် ကျားဖောင်လုပ်သားတွေအတွက် သီးခြားဥပဒေ မရှိတဲ့ အတွက်ကြောင့်လည်း ဖြစ်တယ်လို့ ဖျာပုံမြို့နယ် ကျားပိုက်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးသံချောင်းက ပြောပါတယ်။

ဦးရှင်ကြီး၊ အမျိုးသားလွှတ်တော်နဲ့ မြန်မာ့ပင်လယ်

ငါးလုပ်ငန်းနဲ့ ကျားဖောင်တွေကို လူ့အခွင့်အရေးကော်မရှင် ကွင်းဆင်းစစ်ဆေးမယ်

မြန်မာ့ပင်လယ်ထက်က လောင်မြိုက်ဆဲ ငရဲခန်းများ

ဓာတ်ပုံ မူပိုင် ဦးနိုင်ငံလင်း
Image caption ကျားဖောင် လူကုန်ကူးမှုနဲ့ ပြန်လွတ်လာသူ ကိုမြတ်သူရထွန်း

လက်တလောမှာ လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး လုပ်ငန်းရှင်တွေဘက်ကို အရေးယူတာတွေ ရှိပေမဲ့ ဒီလုပ်ငန်းခွင်မှာ အလုပ်လုပ်ရင်း သေဆုံးတာ၊ အသတ်ခံရတာ၊ နာမကျန်းဖြစ်တာတွေကြောင့် ဒီလုပ်ငန်းဟာ ဘေးအန္တ ရာယ် များတဲ့ လုပ်ငန်းခွင်တစ်ခု ဖြစ်နေပါတယ်။

အစိုးရက လုပ်ငန်းရှင်တွေအပေါ် အခုအခါမှာ လူကုန်ကူးမှုတွေနဲ့ အရေးယူတာတွေ ရှိပေမယ့် ဒီလုပ်ငန်းခွင်ထဲမှာ အနိုင်ကျင့် နှိပ်စက်မှုတွေ၊ လူသတ်မှုတွေ ရှိနေပါတယ် ။

အခုလိုမျိုး လုပ်ငန်းခွင်ကြီး တစ်ခုလုံးကို သတ်မှတ်ထားတဲ့ ငါးလုပ်ငန်းဥပဒေတွေ၊ အမိန့်ကြေညာချက်တွေကို လိုက်နာဖို့ လိုတဲ့အပြင် လုံလောက်တဲ့ ကြပ်မတ် ထိန်းသိမ်းမှုတွေ လုပ်ဖို့ လိုတယ်လို့လည်း ဖျာပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထွဋ်က ဘီဘီစီကို ပြောပါတယ်။

ကျားဖောင် လုပ်သားတွေကို လုပ်အား ခေါင်းပုံဖြတ်တာ၊ လူအခွင့်အရေး ချိုးဖေါက်တာ၊ လူကုန်ကူးခံရတာ၊ တရားဥပဒေမဲ့ ဆောင်ရွက်နေတာတွေဟာ လွန်ခဲ့တဲ့ ၅ နှစ်ကျော်လောက်ကတည်းက ရှိနေတာ ဖြစ်တယ်လိုလည်း ဒေသခံအချို့ဆီက သိရပါတယ်။

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption အလျားပေ ၃၀ အနံ ပေ ၂၀ လောက် ဝါးတွေနဲ့ လုပ်ထားတဲ့ ဖောင်

ကျားဖောင်လုပ်ငန်းမှာ တရားမဝင် ကျားဖောင်တွေ များလာပြီး လုပ်သား လိုအပ်ချက်ကြောင့် အခုလို ပြဿနာတွေ တွေ့ကြုံလာရတာလို့ ဖျာပုံမြို့နယ် ကျားပိုက် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသံချောင်းက ပြောပါတယ်။

ဒါ့အပြင် ကျားဖောင်လုပ်ငန်းမှာ လုပ်သားလိုအပ်ချက် များလာတဲ့အတွက် နယ်မြေဒေသအစုံက လူတွေ လာရောက် လုပ်ကိုင်ကြသလို အဲဒီထဲမှာ စစ်ပြေးတွေ၊ ဝရမ်းပြေးတွေ၊ ရဲဘက်ပြေးတွေနဲ့ဘုန်းကြီးလူထွက်တွေလည်း ပါဝင်နေတယ်လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ ကျားဖောင်လုပ်သားတွေဟာ အလုပ်သမား အခွင့်အရေးမရတာတွေ၊ ပင်ပန်းကြီးစွာ လုပ်ရတာတွေ၊ လုပ်ခလစာ အပြည့်အဝ မရတာတွေကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူတွေက မီဒီယာတွေကို ပြန်ပြောပြတာတွေ ရှိပါတယ်။

ဒါ့အပြင် ကျားဖောင်လုပ်ငန်းခွင်က အချို့လုပ်သားတွေဟာ တရားဥပဒေမဲ့ သတ်ဖြတ်ခံရတာတွေ၊ လူကုန်ကူး ခံရတာတွေ ရှိနေပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မြန်မာနိုင်ငံရဲ့ငါးလုပ်ငန်း ဥပဒေဟာ နှစ်ပေါင်း ၃၀ ခန့်သက်တမ်းရှိနေ

ဦးဝင်းထွဋ်ကတော့ လက်ရှိမှာ စက်လှတစ်စီးကို ဖောင် ရှစ် ဖောင်အထိ ခွင့်ပြုထားပြီး ဖျာပုံတစ်ဝိုက်မှာ ကျားဖောင် ထောင်နဲ့ချီ လုပ်ကိုင်နေကြတယ်လို့ ပြောပြပါတယ်။

မြန်မာနိုင်ငံရဲ့ ငါးလုပ်ငန်း ဥပဒေဟာ လက်ရှိ အခြေနေတွေနဲ့ ကွာဟနေပြီး အခုဖြစ်နေတဲ့ အခြေအနေတွေကို ဥပဒေနဲ့အညီ ထိန်းဖို့ လက်လှမ်းမမှီ ဖြစ်နေတယ်လို့လည်း လွှတ်တော်ထဲမှာ ဆွေးနွေးမှုတွေ ရှိပါတယ် ။

ဒီအခြေအနေတွေဟာ ဆက်စပ်နေသလို လုပ်ငန်းရှင်တွေဟာ ဥပဒေကို လေးစားလိုက်နာမှု မရှိတာလည်း ပါတယ်လို့ ဦးဝင်းထွဋ်က ပြောပါတယ်။

၂၀၁၇- ၁၈ နှစ်အတွင်း ငါးဦးစီးဌာန၊ ပြည်သူ့ရဲ၊ လဝက အပါအဝင် သက်ဆိုင်ရာ ဌာနဆိုင်ရာနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ လုပ်ငန်းရှင်တွေ ပါတဲ့ အဖွဲ့တွေဟာ ကျားဖောင်တွေနဲ့ ပတ်သက်ပြီး ဥပဒေနဲ့အညီ ထိန်းကျောင်း ဖို့ အခက်အခဲ ရှိနေချိန်မှာ ဒါတွေကို ပြုပြင်ဖို့ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ခဲ့တယ်လို့လည်း ဦးဝင်းထွဋ်ကပြောပါတယ်။

အလုပ်ရုံ ဆွေးနွေးပွဲမှာ ဆုံးဖြတ်ချက် ၄ ခုထွက်ခဲ့ပါတယ် ။

၁၊ ကျားဖောင်လုပ်သားတွေကို ငါးလုပ်ငန်းဦးစီးမှာ ရေလုပ်ငန်း မှတ်ပုံတင် ဆောင်ရွက်ဖို့

၂၊ ရေလုပ်ငန်းရှင်နဲ့ ရေလုပ်သားအကြားမှာ အလုပ်ရှင် အလုပ်သမား စာချုပ်ချုပ်ဖို့

၃၊ အလုပ်သမား ရှာပေးတဲ့သူတွေ၊ ပွဲစားတွေကို ရေလုပ်ငန်းရှင် အသင်းနဲ့ ငါးလုပ်ငန်းဦးစီးမှာ မှတ်ပုံတင်ပြီးမှ မှတ်ပုံတင်တဲ့ ပွဲစားအေးဂျင့်ကနေပဲ အလုပ်သမားကို ငှားရမ်းဖို့

၄၊ ဖျာပုံ၊ ခါးပြတ်၊ နောက်မီး၊ ချောင်းဝ စတဲ့ဒေသတွေမှာ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုတွေကို ဖြေရှင်းတဲ့ အဖွဲ့တွေ ဖွဲ့ဖို့ ဖြစ်ပါတယ်။

အဲဒီထဲက ရေလုပ်ငန်းရှင်နဲ့ ရေလုပ်သားကြားမှာ အလုပ်ရှင် အလုပ်သမား စာချုပ်ချုပ်ဖို့ ငါးလုပ်ငန်းဦးစီးဌာနက အတည်ပြုပြီး လိုက်နာ ဆောင်ရွက်ဖို့ လုပ်ခဲ့ပါတယ်၊ ၂၀၁၈ ခုနှစ် အစပိုင်းမှာ လုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာ မလိုက်နာတဲ့သူ များလာတယ်လို့လည်း သူက ပြောပါတယ်။

"ဒီတော့ ရေများရေနိုင်၊ မီးများမီးနိုင် ဖြစ်တာပေါ့ဗျာ" လို့ ဦးဝင်းထွဋ်က ပြောပါတယ်။

"၂၀၁၉ ရာသီမှာ အလုပ်ရှင် အလုပ်သမား စာချုပ်ချုပ်ဖို့ မလုပ်ကြဘူး။ နောက် ပြဿနာတွေ တက်လာတယ်၊ ဒီဟာက လုပ်ငန်း နယ်ပယ်ကြီး တစ်ခုလုံးကို ဆိုးကျိုးတွေ ဖြစ်လာစေခဲ့တယ်"လို့ ဦးဝင်းထွဋ် က ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ပိုက်ဖော်ပြီးတာနဲ့ ဖမ်းမိတဲ့ ငါးပုစွန်တွေကို ရွေးထုတ်၊ အခြောက်လှန်း စတာတွေလုပ်ရ

လုပ်ငန်းရှင်တွေ အများစု ကိုယ်တိုင်ကလည်း အာရုံမရှိကြဘူး၊ အဓိကကတော့ ဥပဒေနဲ့အညီ ထိန်းကျောင်းမှု မလုပ်နိုင်တာပဲ လို့လည်း ဦးဝင်းထွဋ် ကပြောပါတယ် ။

လူ့အခွင့်အရေး ကော်မရှင်ကတော့ ကျားဖောင် လုပ်ငန်းတွေမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရတာ ရှိ မရှိကို လာမယ့် ရက်ပိုင်းအတွင်း ကွင်းဆင်းစစ်ဆေးဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇-၁၈ ခုနှစ် စက်တင်ဘာ ကနေ ဧပြီလ အထိ ၈ လတာ ပင်လယ်ပြင်ထွက် ငါးဖမ်းရာသီအတွင်း ကျားဖောင်တွေပေါ်မှာ အလုပ်လုပ်ရင်း ပျောက်ဆုံးတာ၊ အသတ်ခံရတာ နဲ့ နာမကျန်းဖြစ်ပြီး သေဆုံးတာက ၂၇၆ ဦး ရှိတယ်လို့ ဖျာပုံခရိုင် ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။

ပင်လယ်ပြင်ထဲမှာ လူသတ်မှုတွေ၊ လူပျောက်မှုတွေ ရှိနေဆဲ ဖြစ်ပြီး သက်ဆိုင်ရာ ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ လိုတယ်လို့လည်း ဦးဝင်းထွဋ် က ပြောပါတယ်။

"တချို့လုပ်သားတွေက ထွက်ပြေးကြတာ၊ တချို့ကလည်း ရန်ဖြစ်ပြီး ချလိုက်ကြတာ ပြောရရင်တော့ ကျားပိုက် လုပ်ငန်းတခုလုံးဟာ စံနှုန်းတွေ၊ တည်ဆဲ ဥပဒေတွေနဲ့ မညီညွှတ်ဘူးလို့လည်း ပြောလို့ရတယ် ၊ အဲဒီတော့ လုံလောက်တဲ့ ကြပ်မတ် ထိန်းသိမ်းမှုတွေ မလုပ်နိုင်ရင် ဒေသအတွက်ကော လုပ်ငန်းအတွက်ကော မကောင်းဘူး။ လုပ်ငန်းရှင်တွေ ဘက်ကတော့ ပဋိပက္ခ ပြဿနာနည်းတဲ့ လုပ်ငန်းခွင်တွေကို ပြောင်းဖို့လိုပြီလို့" ဦးဝင်းထွဋ် က ပြောပါတယ်။