မွန်ပြည်သစ်နဲ့ တပ် ညှိနှိုင်းမရသေးဘူးလို့ဆို

စစ်ဘေးရှောင် ဒေသခံတွေ ဓာတ်ပုံ မူပိုင် Min Latt
Image caption တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ ဒေသခံတွေ

ကရင်ပြည်နယ် ဘုရားသုံးဆူအနီး ဂျပန်ရေတွင်းမှာ မွန်ပြည်သစ်ပါတီရဲ့ လက်နက်ကိုင်တပ်ဖွဲ့နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် နှစ်ဖက်တွေ့ဆုံ ညှိနှိုင်းခဲ့ပေမဲ့ သဘောတူညီချက် တစ်စုံတစ်ရာ မရသေးဘူးလို့ မွန်ပြည်သစ် ပါတီဘက်က ပြောပါတယ်။

မွန်ပြည်သစ်ပါတီရုံးမှာ လုပ်တဲ့ မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ မွန်ပြည်သစ်ပါတီ ပြည်တွင်း တာဝန်ခံ နိုင်ဝင်းလှက အခုလို ပြောခဲ့တာပါ။

ကြာအင်းဆိပ်ကြီး မြို့နယ် ဘုရားသုံးဆူမြို့ အနီးက ဂျပန်ရေတွင်းမှာ နိုဝင်ဘာ ၂၇ ရက် က မွန်ပြည်သစ်ပါတီရဲ့ တပ်ဖွဲ့ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် MNLA နဲ့ တပ်မတော်ကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွက် နှစ်ဖက် ညှိနှိုင်းမှုတွေ လုပ်နေတာ ဖြစ်ပါတယ်။

အဲဒီလို တွေ့ဆုံညှိနှိုင်းမှုကို မွန်ပြည်သစ်ပါတီက တာဝန်ရှိသူတွေနဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) က တာဝန်ရှိသူတွေ ဒီဇင်ဘာ ၂ ရက်နေ့က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး "ပြေလည်အောင် ညှိနှိုင်းဆွေးနွေးကြတာပေါ့။ သဘောတူညီချက်တော့ မရဘူး။ မရဘူးဆိုပေမဲ့ နှစ်ဖက် ကိုယ်မြင်တာတွေ ပြောလို့ရတာရှိတယ်" လို့ မွန်ပြည်သစ်ပါတီ ပြည်တွင်း တာဝန်ခံ နိုင်ဝင်းလှက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားရာ ဂျပန်ရေတွင်းဟာ မွန်ပြည်သစ်ပါတီ ၂၀၁၂ ခုနှစ်ကတည်းက ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေးသဘောတူညီမှု စာချုပ်ချုပ်ကတည်းက ပါဝင်ပြီး ၂၀၁၈ မှာ ချုပ်ဆိုတဲ့ NCA စာချုပ်မှာလည်း ထပ်အတည်ပြုထားတဲ့ တပ်နေရာဖြစ်တယ်လို့ မွန်ပြည်သစ် စစ်ဦးစီးချုပ် က ဘီဘီစီကို ပြောထားပါတယ်။

"မွန်ပြည်သစ်ပါတီနဲ့ တပ် ကြားထဲမှာတော့ ပြဿနာ ကြီးကြီးမားမား မရှိပါဘူး။ ဖြေရှင်းလို့မရတဲ့ ကိစ္စလည်း မရှိပါဘူး။ ဖြစ်ခဲ့တဲ့ကိစ္စထဲမှာ JMCS တို့ JMCU (ပစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ရေးကော်မတီ )တို့နဲ့ ကျွန်တော်တို့ ဆွေးနွေးပါတယ်" လို့ မွန်ပြည်သစ်ပါတီနဲ့ ညှိနှိုင်းမှုတွေနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Min Latt

"အဲဒီနေရာမှာ နည်းနည်းရှုပ်ထွေးမှုတော့ ရှိတယ်။ သူတို့ဆီမှာ နယ်မြေပိုင်းခြားမှုကတော့ အသေးစိတ်တော့ မသိဘူး။ ဒါကြောင့် ဒီဘက်ကလည်း အကြောင်းကြားပြီး သွားတာပဲ။ အကြောင်းကြားပြီး သွားတဲ့အခါ ဟိုဘက်ကလည်း နားလည်မှု လွဲတာပေါ့လေ။ အဆင့်ဆင့် အကြောင်းကြားမှု ပျက်ကွက်တယ်နဲ့ တူပါတယ်" လို့ ပြောပါတယ်။

ဆွေးနွေးနေတဲ့ အကြောင်းအရာနဲ့ ပတ်သက်လို့ ရတခ ဘက်က တင်ပြချက်ကို စောင့်နေတုန်းပဲလို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ပစ်ခတ်မှုတွေကြောင့် နိုဝင်ဘာ ၂၇ နဲ့ ၂၈ ရက်မှာ ဒေသခံ ရွာသား ရာဂဏန်း ဝန်းကျင် ထိုင်းနိုင်ငံဘက်ကို ပြေးရှောင်ခဲ့ပါတယ်။

ဒီဇင်ဘာလ ၃ ရက် မနက်မှာတော့ ပစ်ခတ်သံ အနည်းငယ် ကြားရပေမယ့် ဂျပန်ရေတွင်းနားက ရွာတွေကလွဲရင် တခြားရွာက ဒေသခံတွေ နေရပ်ကို ပြန်လာနေကြပြီလို့ အဲဒီနားမှာ နေထိုင်သူ ဒေသခံ တစ်ဦးက ပြောပါတယ်။