ဓါးစာခံ မလဲမချင်း ဦးဝှေ့တင်းနဲ့ ဖမ်းထားသူတွေကို အေအေက ဆက်ထိန်းသိမ်းထားမယ် အပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် AA
Image caption နှစ်ဘက်အကျိုးရှိအောင် လဲဖို့ပြောခဲ့ပေမယ့် သူတို့ဘက်ကလည်း မလဲဘူးဆိုတော့ ကျွန်တော်တို့က ဆက်ပြီးထိန်းသိမ်းထားမယ်………

ဓါးစာခံ မလဲမချင်း ဦးဝှေ့တင်းနဲ့ ဖမ်းထားသူတွေကို အေအေက ဆက်ထိန်းသိမ်းထားမယ်

တပ်နဲ့ အစိုးရဘက်က ဖမ်းဆီးထားတဲ့သူတွေနဲ့ လဲလှယ်မှုမရှိမခြင်း အေအေ ကလည်း ဦးဝှေ့တင်း အပါအဝင် ဖမ်းထားတဲ့သူတွေကို ဆက်ပြီး ထိန်းသိမ်းထားဦးမယ်လို့ ခိုင်သုခက ဘီဘီစီကို ပြောပါတယ်။

"နှစ်ဘက်အကျိုးရှိအောင် လဲဖို့ပြောခဲ့ပေမယ့် သူတို့ဘက်ကလည်း မလဲဘူးဆိုတော့ ကျွန်တော်တို့က ဆက်ပြီးထိန်းသိမ်းထားမယ်………ကျန်းကျန်းမာမာရှိတယ်၊ တခြားဘာမှစိုးရိမ်စရာမရှိဘူး၊ လုံခြုံရေးအရ ဆက်ထိန်းသိမ်းထားမယ်" လို့ သူကပြောပါတယ်။

အရပ်သားဖမ်းဆီးခံရသူ ဦးဝှေ့တင်းတဦးသာရှိပြီး ကျန်တဲ့ ဖမ်းဆီးခံထားရသူတွေက စစ်နဲ့ ရဲတပ်ဖွဲ့တို့နဲ့ ဆက်စပ်သူတွေဖြစ်တယ်လို့ အေအေက ဘီဘီစီကိုပြောပါတယ်။ စစ်နဲ့ ရဲတပ်ဖွဲ့တို့နဲ့ ဆက်စပ်လို့ ဖမ်းဆီးထား သူအရေအတွက်ကို အေအေက အတိအကျထုတ်မပြောနိုင်သေးဘူးလို့ ခိုင်သုခကပြောပါတယ်။

ဦးဝှေ့တင်းက ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ် ၁၁ရဲ့ အမျိုးသားလွှတ်တော်အမတ်တဦးဖြစ်ပါတယ်။ သူဖမ်းဆီးခံရတာက ဒီဇင်ဘာ ၃ရက်နေ့မှာ တလပြည့်ပြီဖြစ်ပါတယ်။

Image caption လက်ရှိအချိန်အထိတော့ အကျဉ်းသားလဲလှယ်ရေး၊ နှစ်ဘက် ညှိနှိုင်းနိုင်ဖို့အတွက် တပ်နဲ့ အစိုးရဘက်က အေအေကို ညှိနှိုင်းတာလုံးဝမရှိသေးဘူး

အစိုးရနဲ့ တပ်မတော်တို့ကတော့ ဦးဝှေ့တင်းလွှတ်မြောက်ဖို့အတွက် ကြိုးပမ်းနေတယ်လို့ ဖြေကြားထားသလို ပြည်ထောင်စုလွှတ်တော်ကလည်း ဖမ်းဆီးထားမှုအပေါ်ရှုံ့ချကြောင်း အရေးအကြီးအဆို တင်သွင်းကာ၊ ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

ချင်းလူ့အခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့တွေကလည်း ဦးဝှေ့တင်းအပါအဝင် ဖမ်းဆီးထားတဲ့ ချင်း ဒေသခံတွေကိုလည်း ဖမ်းဆီးထားရာကနေ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုထားကြပါတယ်။

ဒါပေမယ့်လည်း လက်ရှိအချိန်အထိတော့ အကျဉ်းသားလဲလှယ်ရေး၊ နှစ်ဘက် ညှိနှိုင်းနိုင်ဖို့အတွက် တပ်နဲ့ အစိုးရဘက်က အေအေကို ညှိနှိုင်းတာလုံးဝမရှိသေးဘူးလို့ ခိုင်သုခက ဘီဘီစီကိုပြောပါတယ်။

Image caption ၂၀၁၉-၂၀ အတွင်း လျှပ်စစ်စက်တပ်ဆင်အားက ၇၀၀၅ မဂ္ဂါဝပ်အထိရောက်ရှိနေပြီ

နိုင်ငံအတွင်း လျှပ်စစ်တပ်ဆင်စက်အား တိုးနေတယ်လို့ အစိုးရထုတ်ပြန်

မြန်မာနိုင်ငံအတွင်း လျှပ်စစ်စက်တပ်ဆင်အားတွေတိုးမြှင့်နေတယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ဒီဇင်ဘာ ၄ရက်နေ့၊ နိုင်ငံပိုင်သတင်းစာမှာထုတ်ပြန်ပြန်ပါ။

၂၀၁၉-၂၀ အတွင်း လျှပ်စစ်စက်တပ်ဆင်အားက ၇၀၀၅ မဂ္ဂါဝပ်အထိရောက်ရှိနေပြီလို့ ထုတ်ပြန်ပါရှိ ပါတယ်။အဲဒီတိုးမြှင့်တပ်ဆင်တဲ့အားက ၂၀၁၅-၁၆ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်က တပ်ဆင်နိုင်ခဲ့တဲ့ မဂ္ဂါဝပ် ၅၁၂၅ ထက် ၂၀၀၀ ကျော်များပြားနေပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်အတွင်း နိုင်ငံအိမ်ထောင်စု ၁၁သန်းရဲ့ ၃၄ရာခိုင်နှုန်းသာ လျှပ်စစ်ရရှိသုံးစွဲ နိုင်ခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအဖွဲ့ရဲ့ လက်ရှိ သက်တမ်း၂၀၁၉ခုနှစ် နှစ်ကုန်အထိမှာတော့ အိမ်ထောင်စု ၁၁သန်းရဲ့ တဝတ်ဖြစ်တဲ့ ၅၀ရာခိုင်းနှုန်းအထိ လျှပ်စစ်မီးရရှိသုံးစွဲနိုင်တော့မယ်လို့ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က နိုဝင်ဘာ ၃၀ရက်နေ့ ရန်ကုန်တိုင်း မှော်ဘီ၊ အဖြောင့်၊ ကျွန်းတောကုန်း တို့က ဓါတ်အားခွဲရုံသစ်ဖွင့်ပွဲအခမ်းအနားတွေမှာ ပြောခဲ့ပါတယ်။

လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ၂၀၂၁-၂၂မှာ ၅၅ရာခိုင်နှုန်း၊ ၂၀၂၅-၂၆ခုနှစ်မှာ အိမ်ထောင်စု စုစုပေါင်းရဲ့ ၇၅ရာခိုင်နှုန်းနဲ့ ၂၀၃၀ခုနှစ်မှာ နိုင်ငံတဝန်းလျှပ်စစ်မီးရရှိရေးလုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption အခုလို ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု အနည်းငယ်တိုးရတာကလည်း သဘာဝဓါတ်ငွေနဲ့ လောင်စာဆီ တွေကို အသုံးပြုနေသေးတာကြောင့်လည်း ဖြစ်ပါတယ်။

ကျောက်မီးသွေးအသုံးနည်းပေမယ့် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုများနေသေး

၂၀၁၉ခုနှစ်အတွင်း ကျောက်မီးသွေးသုံးစွဲမှုက ကျဆုံးခဲ့ပေမယ့်လည်း ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု ကတော့ အနည်းတိုးနေသေးတယ်လို့ သုတေသနပညာရှင်တွေရဲ့ နှစ်ပတ်လည် သုတေသန စာတမ်း အရ သိရပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ထုတ်လုပ်မှုလျော့ချရေး စီမံကိန်းရဲ့နှစ်ချုပ် သုတေသနတွေ့ရှိချက်ထဲမှာတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုက ၂၀၁၉ခုနှစ်မှာ ဝ.၆ ရာခိုင်နှုန်းထိရှိမယ်လို့ သိရပါတယ်။

အခုလို ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု အနည်းငယ်တိုးရတာကလည်း သဘာဝဓါတ်ငွေနဲ့ လောင်စာဆီ တွေကို အသုံးပြုနေသေးတာကြောင့်လည်း ဖြစ်ပါတယ်။

၂၀၁၅ခုနှစ် ပါရီသဘောတူညီချက်အရ တကမ္ဘာလုံးရဲက ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု ၄ရာခိုင်နှုန်းကို လျော့ချမယ်လို့သဘောတူထားကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်တုန်းကတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုက ၃ရာခိုင်နှုန်းအထိ တိုးခဲ့ပါတယ်။ ဒါကလည်း တရုတ်နိုင်ငံက ကျောက်မီးသွေးကိုအမြောက်အမြားအသုံးပြုခဲ့တာကြောင့်လည်းဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရာသီဥတုဖောက်ပြန်မှု တားဆီးရေး ကမ္ဘာ့ခေါင်းဆောင်တွေ ကြိုးပမ်း

ဒီသတင်းနဲ့ပတ်သက်သမျှ