ဂမ်ဘီယာရဲ့ စွပ်စွဲချက်ကို ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုချေပသွားလဲ

ဒေါ်အောင်ဆန်းစုကြည်
Image caption မြန်မာဘက်က လုပ်ဆောင်နေတဲ့ စုံစမ်းစစ်ဆေးမှုတွေကို အသိအမှတ်ပြု လေးစားဖို့ ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲသွား

မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေကို တပ်မတော်က ကျုးလွန်ခဲ့တယ် ဆိုတာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က ခုခံ ပြောဆိုသွားခဲ့ပြီး နိုင်ငံတကာအနေနဲ့ မြန်မာဘက်က လုပ်ဆောင်နေတဲ့ စုံစမ်းစစ်ဆေးမှုတွေကို အသိအမှတ်ပြု လေးစားဖို့ကိုလည်း လျှောက်လဲသွားပါတယ်။

အာဆာအဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဒီပြဿနာတွေ စခဲ့တယ် ဆိုတဲ့အကြောင်းကို ဂမ်ဘီယာဘက်က လျှောက်ထားတင်ပြခဲ့မှုတွေမှာ ထည့်သွင်း ပြောသွားတာ မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဂမ်ဘီယာဘက်က လျှောက်လဲခဲ့တဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျုးလွန်ခဲ့တယ် ဆိုတဲ့ အခြေအနေတွေဟာ အာဆာ အဖွဲ့ဝင် ၄၀၀လောက်က ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ ရခိုင်ပြည်နယ်က ရဲကင်းစခန်း ၃ ခုကို တိုက်ခိုက်ပြီး ရဲတပ်ဖွဲ့ဝင် ၉ယောက် အပါဝင် လူ၁၀၀ လောက် သေစေခဲ့တဲ့ တိုက်ခိုက်မှုကနေ ဒီပဋိပက္ခကို စဖြစ်လာတာ၊ ဒါကြောင့် တပ်မတော်ဘက်က ကာကွယ်ရေး၊ လုံခြုံရေးတွေ တိုးမြှင့်ဖို့ စတင် ဆောင်ရွက်လာရတာလို့လည်း သူက လျှောက်လဲခဲ့ပါတယ်။

ဒါအပြင်မောင်တော၊ ဘူးသီးတောင် နဲ့ ရသေ့တောင်ဘက်က တိုက်ခိုက်မှုတွေကို အာဆာ အဖွဲ့က တိုက်တာပါလို့ ဝန်ခံထားသလို အာဆာဟာ ပါကစ္စတန် နဲ့ အာဖဂန်စစ်သွေးကြွတွေက ထောက်ပံ့နေတာပါလို့ နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့ICGက ထုတ်ပြန်ထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

မြန်မာကို စွပ်စွဲထားတဲ့အမှု အိုင်စီဂျေမှာ ဂမ်ဘီယာ ဘာတွေ လျှောက်လဲသွားလဲ

မြန်မာကို ဂမ်ဘီယာက စွပ်စွဲထားမှု ဖြစ်စဉ် အချိန်ပြဇယား

ဓာတ်ပုံ မူပိုင် Getty Images
Image caption အာဆာတိုက်ခိုက်မှုတွေကြောင့် မြန်မာစစ်တပ်က အကြမ်းဖက်မှုကို တုံ့ပြန်တိုက်ခိုက်တာလို့ လျှောက်လဲ

ဒီဇင်ဘာလ ၁၀ ရက်မှာ ဂမ်ဘီယာဘက်က ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ အစီရင်ခံစာနဲ့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် မစ္စ ရန်ဟီးလီရဲ့ အချက်အလက်တွေကို ကိုးကားတင်ပြ လျှောက်လဲခဲ့ကြပါတယ်။

ရှေ့နေတွေရဲ့ တင်သွင်း ပြောကြားချက်တွေမှာတော့ ရိုဟင်ဂျာတွေကို အစုလိုက် အပြုံလိုက်သတ်ဖြတ်တာတွေ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေ၊ ကျေးရွာတွေကို မီးရှို့ ဖျက်ဆီးတာတွေ၊ ရွာပေါင်းများစွာ ပြောင်းရွှေ့ခဲ့ရတာတွေ အဓိက ပါဝင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့အကြား နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နယ်စပ် အနီးက မောင်တောကို အခြေစိုက်ပြီး မွတ်ဆလင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသ ဖြစ်အောင် ကြိုးပမ်းနေမှုတွေကိုလည်း ထောက်ပြသွားပါတယ်။

၂၀၁၇ သြဂုတ် ၂၅ ရက်က နယ်ခြားစောင့် ရဲစခန်း၃၀ ကျော်ကို တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်သူတွေထဲမှာ အရပ်ဝတ် ရွာသားတွေ ပါဝင်ခဲ့တယ်၊ အဲဒီနောက် မြန်မာစစ်တပ်က တုံ့ပြန် တိုက်ခိုက်ခဲ့ပြီး နေရာပေါင်း ၆၀ မှာ တိုက်ပွဲတွေ ဖြစ်ခဲ့တာလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဂမ်ဘီယာ အဖွဲ့ခေါင်းဆောင် အဘူဘာကာ တမ်ဘာဒူး

ဂမ်ဘီယာဘက်က တင်ပြခဲ့တဲ့ ရွာ ၃ ရွာ အပါအဝင် မင်းကြီး၊ မောင်နု၊ ကျပ်ပြင်၊ ဂူတာပြင် ၊အလယ်သံကျော် ကိုးတန်ကောက်၊ မြို့သူကြီး၊ မောင်တော စတဲ့နေရာတွေမှာ တပ်မတော်က နယ်မြေရှင်းလင်းရေးတွေ လုပ်စဉ် တိုက်ပွဲတွေ ဖြစ်ခဲ့ပြီးတော့ နယ်မြေရှင်းလင်းရေး လုပ်တယ်ဆိုတာက အကြမ်းဖက် တိုက်ခိုက်ခဲ့သူတွေကို ပြန်ပြီး ရှင်းလင်းတာပါလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

ဒီလို တိုက်ခိုက်မှုတွေ ဖြစ်ပွားတဲ့နေရာမှာ မြန်မာစစ်တပ်က ရဟတ်ယာဉ် အသုံးပြု ရှင်းခဲ့ရတာ ဖြစ်ပြီး ဒီလိုပစ်ခတ်ရာမှာ အရပ်သားနဲ့ အာဆာတွေဟာ ခွဲလို့ မရနိုင်တာကြောင့် တချို့ဖြစ်ရပ်တွေမှာ နိုင်ငံတကာက သတ်မှတ်တဲ့ လူအခွင့်ရေးတွေနဲ့ ကွဲလွဲနိုင်သလို အရပ်သားတွေ ထိခိုက် သေဆုံးမှု ရှိနိုင်တာကိုလည်း ရှင်းပြသွားပါတယ်။

ဒီလို မြန်မာနိုင်ငံရဲ့ ရှုပ်ထွေးတဲ့ အခြေအနေတွေကို နားလည်ပေးဖို့နဲ့ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးလာတဲ့ အကြမ်းဖက်သူတွေကို ပြန်လည်ဖြေရှင်းရတဲ့ ဒီလို အခြေအနေမျိုးဟာ လူမျိုးတုံး သတ်ဖြတ်မှု ရည်ရွယ်ချက် ဆိုတဲ့ ဂမ်ဘီယာရဲ့ တစ်ခုတည်းသော ယူဆချက်ဟာ မဖြစ်နိုင်ပါဘူးလို့ ပြောသွားပါတယ်။

ဒါ့အပြင် ဒီလိုတိုက်ခိုက်မှုတွေမှာ တာဝန်ရှိသူတွေကို မြန်မာတပ်မတော်ကလည်း အရေးယူမှုတွေ လုပ်ထားကြောင်းနဲ့ အင်းဒင်နဲ့ မန်စီမှာ အပြစ်ရှိသူတွေကို အရေးယူထားတာကိုလည်း ထောက်ပြခဲ့သလို ဂူတာပြင် ပြဿနာမှာ မြန်မာတပ်မတော်က တာဝန်ရှိသူတွေကို စစ်ခုံရုံးက စစ်ဆေးနေတာကိုလည်း ထောက်ပြသွားပါတယ်။

Image caption ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၂၀ ခ မှာ ဖော်ပြထားတဲ့ တပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စများကို လွတ်လပ်စွာစီမံပိုင်ခွင်ရှိတယ် ဆိုတဲ့ အချက်ကိုပြော

မြန်မာဘက်က ဆောင်ရွက်နေတဲ့ နိုင်ငံတကာ ပညာရှင်တွေ ပါတဲ့ စုံစမ်းရေးအဖွဲတွေရဲ့ စစ်ဆေးနေမှုတွေကိုလည်း ပြောသွားပြီးတော့ ဒီလို အခြေအနေမျိုးမှာ နိုင်ငံတကာအနေနဲ့ မြန်မာဘက်က လုပ်ဆောင်နေတဲ့ စုံစမ်းစစ်ဆေးမှုတွေကို အသိအမှတ်ပြု လေးစားဖို့ကိုလည်း လျှောက်လဲသွားပါတယ်။

ဒါ့အပြင် မြန်မာ အစိုးရအနေနဲ့ ရခိုင်ပြည်နယ်မှာ မဟုတ်ဘဲ မြန်မာနိုင်ငံအတွင်း ဘယ်နေရာမဆို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လက်ခံမှာ မဟုတ်ဘူးလို့လည်း ပြောသွားခဲ့ပါတယ်။

မြန်မာတပ်မတော်နဲ့ အစိုးရအကြား ဆက်ဆံရေးကိုလည်း ထောက်ပြသွားပြီး အစိုးရဟာ မြန်မာတပ်မတော်အပေါ် တာဝန်မခံဘူး ဆိုပြီး ဂမ်ဘီယာဘက်က ပြောဆိုသွားတာနဲ့ ပတ်သက်လို့ ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၂၀ ခ မှာ ဖော်ပြထားတဲ့ "တပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စများကို လွတ်လပ်စွာ စီမံပိုင်ခွင့် ရှိတယ်" ဆိုတဲ့ အချက်ကို ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် လွှတ်တော်မှာ ဆောင်ရွက်နေတဲ့ ဒီအချက်တွေကို ပြင်ဆင်ဖို့ လုပ်နေတယ် ဆိုတာကိုလည်း ရှင်းလင်း ပြောဆိုသွားပါတယ်။

ဒီဇင်ဘာလ ၁၂ ရက်မှာ မြန်မာနဲ့ ဂမ်ဘီယာ နှစ်ဘက် အပြန်အလှန်လျှောက်လဲကြဖို့ ရှိပါတယ်။