ဗစ်တိုးရီးယားနဲ့ မိသားစု ကိုထုတ်ဖော်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ပုဒ်မ၂ ခုနဲ့ တရားစွဲမယ်။

ရဲတပ်ဖွဲ့ သတင်းစာ ရှင်းလင်းပွဲ

ဗစ်တိုးရီးယားအမှုအတွက် ရဲတပ်ဖွဲ့က လုပ်တဲ့သတင်းစာရှင်းလင်းပွဲနဲ့ ရဲဇာနည်ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ ဗစ်တိုးရီးယားနဲ့ မိသားစုဘယ်သူဆိုတာ ထုတ်ဖော်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ပုဒ်မ ၂ ခုနဲ့ တရားစွဲဖို့ ရှိတယ်လို့ လိုက်ပါဆောင်ရွှက်ပေးနေတဲ့ စာရေးဆရာ ဦးထင်လင်းဦးက ဘီဘီစီ ကို ပြောပါတယ်။

သံသယ တရားခံ ကိုအောင်ကြီးကို တရားရှင် လွှတ်လိုက်ပြီး နောက်တစ်နေ့ ဒီဇင်ဘာ (၁၉) ရက်မှာ ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာဖြစ်ပြီးတော့ ဗစ်တိုးရီးယားနဲ့ မိသားစုဘယ်သူဆိုတာ ကို သတင်းစာ ရှင်းလင်းပွဲ မှာရော ရဲဇာနည် ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ပါ ဖော်ပြခဲ့တာဖြစ်ပါတယ်။

"ပုဒ်မ ၂ ခုပေါ့နော် တစ်ခုက ၆၆ (ဃ) ဆက်သွယ်ရေးပုဒ်မ နဲ့ ၊ကျွန်တော် က ရဲဇာနည် ဖေ့စ်ဘွတ်ခ် စာမျက်နှာကို စွဲမှာ၊ နောက်တစ်ခုက ကလေးအဖေက သတင်းစာရှင်းလင်းပွဲ ကတာဝန်ရှိသူတွေကို ကလေးသူငယ် အခွင့် အရေးဆိုင်ရာ ပုဒ်မ နဲ့ စွဲမှာပါ "လို့ ဦးထင်လင်းဦးက ပြောပါတယ်။

အခု ရက်ပိုင်းအတွင်း အချက်အလက် ပြင်ဆင်တာတွေ စာရွက်စာတမ်း လွှဲတာတွေ လုပ်နေပါတယ်။ လာမယ့် ဒီဇင်ဘာလ ၂၇ ရက်နေ့ မှာ အဲဒီကိစ္စတွေပြီးပါမယ်၊ အဲဒါ ပြီးတာနဲ့ တရားစွဲမှာပါ လို့ လည်း သူက ပြောပါတယ်။

ရဲတပ်ဖွဲ့ ထုတ်ဖော်ပြောဆိုချက် ဥပဒေနဲ့ငြိရင် တရားစွဲမယ်လို့ ဗစ်တိုရီးယားမိသားစုဆို

"ကျွန်တော်တို့က ဘာမှ တောင်းဆိုလို့ မရတော့ဘူးပေါ့။ ဘာလို့လဲဆိုတော့ တရားခွင်လည်း မရှိတော့ဘူး"

ဓာတ်ပုံ မူပိုင် Child Rights Law

ရဲတပ်ဖွဲ့ သတင်းစာရှင်းလင်းပွဲက ပြောကြားချက်နဲ့ ရဲတပ်ဖွဲ့ သတင်းတွေ တင်တဲ့ ရဲဇာနည် ဖေ့စ်ဘွတ်ခ် စာမျက်ကနေ နေပြည်တော် Wisdom Hill မူကြိုကျောင်းက လိင်ပိုင်းဆိုင်ရာ မတရား ပြုကျင့်ခံ ရတယ်ဆိုပြီး တိုင်တန်းထားတဲ့ ကလေးငယ်ရဲ့ နာမည်နဲ့ မိသားစု ဘယ်သူဘယ်ဝါ ဆိုတာ ထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို ထုတ်ဖော်ခဲ့တာနဲ့ ပတ်သက်ပြီး နစ်နာသူ ကလေးရဲ့ ဖခင်က "ဒါက လူတစ်ယောက်မှာ ထားရှိရမယ့် ကျင့်ဝတ်သိက္ခာကို ဖောက်ဖျက်ရုံမကဘူး။ ဥပဒေကို ကျူးလွန်တာ။ ကျွန်တော်တို့မိသားစုဘက်ကတော့ ကျွန်တော်တို့ကို ရပ်တည်လို့မရအောင် ထိုးနှက်ချက်လို့ မြင်တယ် "လို့ ပြောပါတယ်။

"အခုလို တရားစွဲဆိုမှုတွေ လုပ်ဖို့ ဗစ်တိုးရီးယားအတွက် အမှန်တရား တောင်းဆိုမှု ကော်မတီနဲ့ ကလေးဖခင်နဲ့ အားလုံးတိုင်ပင်ပြီးပါပြီ။ အခုတရားစွဲဆိုတဲ့ကိစ္စ အကုန်လုံးကို ကော်မတီ ကပဲ တာ ဝန်ယူသွားဖို့ရှိတယ်" လို့ ဦးထင်လင်းဦးကပြောပါတယ်။

ဗစ်တိုးရီးယားအမှု အမှုမှန်ပေါ်ပေါက် ရေးအတွက် ရှေ့နေ တွေ ဥပဒေပညာရှင်တွေ လုပ်ငန်းရှင်တွေ ပါတဲ့ ကော်မတီကို ဖွဲ့စည်းခဲ့ပြီးတော့ အမှုမှန်ပေါ်ပေါက်ရေးနဲ့ ကလေးရဲ့နစ်နာမှုတွေ အတွက် ထိုက်သင့်တဲ့တာဝန်ယူမှု တာဝန်ခံမှု အဲဒါတွေကိုဖော်ဆောင် နိုင်ဖို့ အတွက် ဒီကော်မတီ ကလုပ်သွားမယ်လို့ ဗစ်တိုးရီးယားအတွက် အမှန်တရား တောင်းဆိုမှု ကော်မတီက ထုတ်ပြန်ထားပါတယ်။

ကိုအောင်ကြီးကို လွှတ်ပေးလိုက်အပြီး ဗစ်တိုးရီးယားအမှု ဘာဆက်ဖြစ်မလဲ

Image caption မူကြိုမှာ ပထမဆုံး ယာဉ်မောင်းစလုပ်တဲ့နေ့မှာ ကျူးလွန်သူ သံသယ တရားခံအဖြစ် စွပ်စွဲခံခဲ့ရသူ ကိုအောင်ကြီး

ပြီးခဲ့တဲ့ရုံးချိန်းက ဗစ်တိုးရီးယား အမှု သံသယတရားခံကို တရားရုံးက ပယ်လိုက်တဲ့အတွက် တရားရုံးစစ်ဆေးမှုတွေပြီးဆုံးသွားပြီဖြစ်ပြီးတော့ ရဲတပ်ဖွဲ့က သံသယတရားခံကို ထပ်မှန်ရှာဖွေရမှာ ဖြစ်ပါတယ်။

ဗစ်တိုးရီးယားအမှုက သံသယတရားခံအဖြစ် စွပ်စွဲခံထားရသူ ကိုအောင်ကြီးကို တရားရှင်လွှတ်ပေးပြီးနောက် အမှုရှေ့ဆက်ဘယ်လိုဖြစ်မလဲဆိုတာနဲ့ ပတ်သက်ပြီး တရားရုံးရဲ့ အမိန့်ကို မကျေနပ်တဲ့သူအနေနဲ့ အဆင်မြင့် တရားရုံးကို တက်ရောက်နိုင်တယ်လို့ ဒက္ခိဏခရိုင်တရားရုံး တရားရုံးသတင်းပြန်ကြားရေး အရာရှိက ပြောပါတယ်။

ဗစ်တိုးရီးယားအတွက် အမှန်တရား တောင်းဆိုမှု ကော်မတီ ကို ဒီဇင်ဘာလ ၂၂ရက်က စတင်ဖွဲ့စည်းခဲ့ပြီး တရားစွဲဆိုရေး အပါအဝင် အထက်ပါကိစ္စအဝဝအတွက် ရှေ့ထွက်ဆောင်ရွက်ရန် ဦးထင်လင်းဦးကို တာဝန် ပေး ထား ပြီး ကော်မတီ ရဲ့ ရုံးပိုင်းဆိုင်ရာကိစ္စများ ၊ ဘဏ္ဍာရေး ကဏ္ဍများကိုဆောင်ရွက်ရန် အတွက် ဦးစိုင်းသက်နိုင်ထွေး ၊ ဦးသန်းထွန်းဦး ၊ ဦးသက်နောင်ဟိန်း နှင့် ဦးအောင်ချမ်းထက် တို့ကိုတာဝန် ပေးအပ်ထား တယ် လို့ လည်း ကော်မတီ ကထုတ်ပြန်ပါတယ်။

၂၀၁၉ ခုနှစ် အတွင်းအတည်ပြုထားတဲ့ ကလေးသူငယ် ဥပဒေမှာ ပုဒ်မ ၉၆ ပုဒ်မခွဲ (ဃ) ပါ ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်ရင် ကလေးသူငယ် ဥပဒေ ပုဒ်မ ၁၀၁ (က) အရ အနည်းဆုံး လေးလကနေ အများဆုံး တစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ အနည်းဆုံး (ကျပ်) လေးသိန်းက အများဆုံး ကျပ်ခြောက်သိန်း အထိ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

Image caption မေလ ၁၆ ရက်မှာ ကလေး လိင်မတရားကျင့်ခံခဲ့ရတယ်ဆိုတာ စစ်ဆေးတွေ့ခဲ့ရတယ်လို့ တိုင်ကြားခဲ့

ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းခဲ့တဲ့ အမှုဟာ နေပြည်တော် Wisdom Hill မူကြိုက အသက် သုံးနှစ်မပြည့်သေးတဲ့ ကလေးငယ် လိင်မတရားပြုကျင့်ခံရတယ်ဆိုပြီး မေလလယ်မှာ မိသားစုက တိုင်တန်း ထားတဲ့ အမှုဖြစ်ပြီး ဒီအမှုကို နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးမှာ စစ်ဆေးနေတာဖြစ်ပါတယ်။

ဒီအမှုမှာ နစ်နာသူကလေးငယ်ကို အကာအကွယ်ပေးနိုင်ဖို့အတွက် ကလေးနာမည်ကို ထုတ်ဖော်မပြောကြားဘဲ၊ ဒီအမှုကို ဗစ်တိုးရီးယားအမှုလို့ အများက ခေါ်ဝေါ်သုံးစွဲနေကြရာက အခုလို သတင်းစာရှင်းလင်းပွဲကနေ မိသားစု ဘယ်သူဘယ်ဝါဆိုတာ ပေါ်ထွက်လာတာဖြစ်ပါတယ်။

သတင်းစာရှင်းလင်းပွဲက အဲဒီလို ထုတ်ပြောအပြီးမှာ သတင်းစာရှင်းလင်းပွဲကို ထုတ်လွှင့်ခဲ့ကြတဲ့ မီဒီယာတွေက ရဲတပ်ဖွဲ့ရှင်းလင်းချက်မှာ ကလေးမိသားစုကို ဖော်ထုတ်တာပါတယ်ဆိုပြီး အဲဒီထုတ်လွှင့်မှုကို ပြန်ဖြုတ် ချခဲ့ပါတယ်။

ဖေ့စ်ဘွတ်ခ်သုံးသူတွေကလည်း ရဲဇာနည် စာမျက်နှာမှာ ကလေးကို ထုတ်ဖော်ပြောကြားတဲ့အတွက် ဝေဖန်မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။

အဲဒီနောက် ရဲဇာနည် စာမျက်နှာကနေ သတင်းစာရှင်းလင်းပွဲ ထုတ်လွှင့်ထားတဲ့ ဗီဒီယိုဖိုင်နဲ့ အမှုနဲ့ ကလေးမိသားစုနာမည်နဲ့ အချက်အလက်တွေပါတဲ့ သက်သေအချက်အလက်၊ အထောက်အထား စာရွက်တွေကို ပြန်ဖြုတ် ချသွားခဲ့ပါတယ်။

Image caption အသက် ၃ နှစ်အောက် မိန်းကလေးငယ် အဓမ္မ ပြုကျင့်ခံရတယ်ဆိုတဲ့ အမှုမှာ တရားမျှတမှု ရှိဖို့ အများပြည်သူဆန္ဒပြ

ပုဒ်မ၂ ခုနဲ့ တရားစွဲရာ တစ်ခု ကဆက်သွယ်ရေး ပုဒ်မ နဲ့ဖြစ်ပြီး နောက်တစ်ခုက ကလေးသူငယ် ဥပဒေနဲ့ ဖြစ်တဲ့ အတွက် ဘယ်သူ့ကို တရားစွဲ မယ်ဆိုတာနဲ့ ပတ်သက် ပြီး ရှေ့နေနဲ့တိုင်ပင်နေဆဲဖြစ်တယ်လို့လည်း ဘီဘီစီကို ပြောပါတယ်။

လာမယ့်ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ တော့ တခါတည်း ထုတ်ပြန်ကြေညာ ပေးသွားမယ်လို့ လည်း ဦးထင်လင်းဦး ကပြောပါတယ် ။

ရဲတပ်ဖွဲ့ ကို တရားစွဲမှာ လားဆိုတာနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ ဟာမြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရဲတပ်ဖွဲ့ ဝင် အားလုံးကို စုပေါင်းထား တာဖြစ်ပြီး အခု ဖြစ်သွားတဲ့ကိစ္စ ကလည်း မြန်မာ တစ်နိုင်ငံ လုံးက ဆောင်ရွက် တာမဟုတ်ဘူးလို့ ယူဆတဲ့ အတွက် ရဲတပ်ဖွဲ့ကို တရားစွဲမယ် လို့ မသုံးနှုံး ပါဘူး။ သက်ဆိုင်ရာတာဝန်ရှိသူတွေကို ပဲတရားစွဲမှာ ပါ လို့ ဦးထင်လင်းဦးကပြောပါတယ်။

အခုလိုမျိုး ရဲတပ်ဖွဲ့ က တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ သတင်းတွေဖော်ပြတဲ့စာမျက်နှာကို တရားစွဲဆိုမှုကို တရားစွဲလို့ ရတယ်၊ မရ ဘူး။ တရားရုံးက လက်ခံနိုင်တယ်၊ လက်မခံနိုင်ဘူး ဆိုတာနဲ့ပတ်သက်ပြီး ကော်မတီက ဥပဒေ ပညာရှင်တွေ ကတိုင်ပင်နေပါတယ်လို့ လည်း ဦးထင်လင်းဦးကပြောပါတယ်။