တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ ကွင်းဆင်းခြင်း ကိစ္စ

လူထုနဲ့ ဆင်းတွေ့နေတဲ့ တပ်မတော်သား ကိုယ်စားလှယ် ဓာတ်ပုံ မူပိုင် U Min Thu FB
Image caption နိုင်ငံသားတွေ အခွင့်အရေးကို ပိုမို သိရှိနိုင်ဖို့အတွက် ကွင်းဆင်းတာလို့ပြော

ဒီဇင်ဘာလ ၁၉ရက်နေ့က ပြည်ထောင်စု လွှတ်တော်မှာ အခြေခံဥပဒေ ပြင်ဆင်ရေးတွေနဲ့ အလုပ်ရှုပ်နေတဲ့အချိန် ပြည်သူ့လွှတ်တော်မှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ မေးခွန်းတစ်ခု ပြည်သူ့လွှတ်တော် အစည်းဝေး လျာထားအစီအစဉ်မှာ တွေ့လိုက်ရပါတယ်။

ဒါပေမယ့် တကယ်တမ်း ပြည်သူ့လွှတ်တော်မှာ ဒီဇင်ဘာလ ၁၉ရက်နေ့ မေးခွန်းမေးတဲ့အစီအစဉ် မှာတော့ အဲဒီမေးခွန်း ပါမလာခဲ့ပါဘူး။

ဒီမေးခွန်းကတော့ ပြီးခဲ့တဲ့ လပိုင်းတွေက တပ်မတော်သားကိုယ်စားလှယ်တွေဟာ အချို့ဒေသတွေမှာ မိမိတို့ မဲဆန္ဒနယ်လို့ ရည်ညွှန်းပြီး လူထုနဲ့တွေ့ဆုံဖို့ ကွင်းဆင်းကြတဲ့ကိစ္စ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က သူ့လုပ်ပိုင်ခွင့်ကနေ ဒီမေးခွန်းကို ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။ လွှတ်တော် ဥက္ကဋ္ဌဟာ လိုအပ်ရင် လိုအပ်သလို လွှတ်တော်အစီစဉ်နဲ့ ပတ်သက်ပြီး ပယ်ဖျက်နိုင်ခွင့် ရှိပြီး ဘာကြောင့် ပယ်ဖျက်တယ် ဆိုတာ မသိကြောင်းလည်း ပြည်သူ့လွှတ်တော် အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာ လှမိုးက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption လူထုနဲ့ ကွင်းဆင်းတွေ့ဆုံနေ ခြင်းဟာ အငြင်းပွားဖွယ် ဖြစ်နေ။

ဒီအဆိုကို လွှတ်တော်မှာ မေးခွန်းမေးဖို့ အဆို တင်သူကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ညောင်ရွှေမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးဖြစ်ပါတယ်။

သူမေးထားတာက အခုလို တပ်မတော်သားကိုယ်စားလှယ်တွေ မဲဆန္ဒနယ်ထဲမှာ ဝင်ရောက်ကွင်းဆင်း စစ်ဆေးတာဟာ ရွေးကောက်ပွဲဥပဒေနဲ့ ညီညွတ်ခြင်းရှိမရှိ၊ ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော် ဥပဒေတွေနဲ့ ကိုက်ညီခြင်းရှိ မရှိ၊ ဆိုပြီးမေးမြန်းထားတဲ့ မေးခွန်းဖြစ်ပါတယ်။

ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်ရှိနေတဲ့ မဲဆန္ဒနယ်အချို့မှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက သက်ဆိုင်ရာ လွှတ်တော်ကိုယ် စားလှယ်ကို အသိပေးခြင်းမရှိဘဲ လူထုနဲ့ ကွင်းဆင်းတွေ့ဆုံနေခြင်းဟာ အငြင်းပွားဖွယ်ဖြစ်နေတယ်လို့ လွှတ်တော်ကိုယ်စားလှယ် အချို့ကပြောပါတယ်။

မန္တလေးတိုင်းထဲ မှာလည်း နေရာ အချို့မှာ တပ်မတော်သားကိုယ်စားလှယ်တွေ ကွင်းဆင်းတာတွေ တွေ့ရတယ်လို့ မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးကပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ပြည်သူလူထုအတွက် ဘာများနစ်နာသွားတာရှိလဲ လို့မေးခွန်းထုတ်

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်က သတင်းစာရှင်းလင်းပွဲမှာတော့ တပ်မတော်သားကိုယ်စားလှယ်တွေ ကွင်းဆင်းတာဟာ ပြည်သူလူထုအတွက် ဘာများနစ်နာသွားတာရှိလဲလို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးကော်မတီ က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောခဲ့ပါတယ်။

ဒါအပြင် သူက ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေအရ တပ်မတော်က ခန့်တာလည်း လွှတ်တော်ကိုယ်စားလှယ်၊ ရွေးကောက်ခံကိုယ်စားလှယ်ကလည်း လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပြီးတော့ ဘယ်ဟာကို မှ လွှတ်တော်ကိုယ်စားလှယ် ခေါ်ရမယ်လို့ ဥပဒေအရ ပိုင်းခြားသတ်မှတ်ထားတာ မရှိကြောင်းလည်း သူကပြောပါတယ်။

ဒါအပြင် အခုလို ကွင်းဆင်းတာတွေဟာ နိုင်ငံသားတွေ အခွင့်အရေးကို ပိုမို သိရှိနိုင်ဖို့အတွက် ကွင်းဆင်းတာဖြစ်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ညှိ ပြီးမှ ဆင်းတာ၊ တခြား ရည်ရွယ်ချက် မရှိဘူးလို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောခဲ့ပါတယ်။

တပ်မတော် သားကိုယ်စားလှယ်တွေကို နေပြည်တော်လို တစ်နေရာထဲကနေ ခန့်အပ်တာမဟုတ်ကြောင်း၊ ဒေသအလိုက် ရွေးပြီးခန့်တာဖြစ်ကြောင်း၊ သူနဲ့ဆိုင်တဲ့ ဒေသဖွံ့ဖြိုးရေးကို ဘာလိုလည်းဆိုတာ လိုက်ပြီး ကွက်လပ် ဖြည့်တာ ဖြစ်တယ်လို့ လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Pyihtaungsuhlutaw
Image caption အခြေခံဥပဒေပြင်ဆင်ရေးလမ်းကြောင်းကလည်း ရှုပ်ထွေးနေ

လွှတ်တော် မှာ အဲဒီနေ့ အစီအစဉ်မှာ ပယ်ဖျက်လိုက်ပေမယ့် မေးခွန်းဟာ တည်ရှိနေတာဖြစ်ကြောင်းနဲ့ အစီအစဉ်တစ်ရပ်ရပ်မှာ ပြန်ပါလာနိုင်စရာ ရှိတယ်လို့်လည်း ဒေါက်တာ လှမိုးက ပြောပါတယ်။

တပ်မတော် သားကိုယ်စားလှယ်တွေ ကွင်းဆင်းတဲ့ကိစ္စ အပေါ် မေးခွန်းမေးတာနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲ ကော်မရှင် နဲ့ လွှတ်တော်ကို မေးတာဖြစ်ပြီး သက်ဆိုင်ရာ နည်းဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေနဲ့ ကိုက်မကိုက် မေးတာဖြစ်တယ်လို့ လည်း သူကရှင်းပြပါတယ် ။

"၂၀၀၈ အခြေခံဥပဒေမှာ ပါပြီးသား ဖြစ်ပါတယ်၊ ပြည်သူလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဆိုပြီး တစ်မြို့နယ်ကို ၄ ဦးစီ ရှိပါတယ်။ တပ်မတော်သားကိုယ်စားလှယ်ကတော့ ရွှေးကောက်ခံ မဟုတ်တဲ့ အတွက် မဲဆန္ဒနယ်မြေမရှိပါဘူး" လို့ ဒေါက်တာလှမိုးကပြောပါတယ်။

ဒါ့အပြင် ကျင့်ဝတ်အရကိုက သက်ဆိုင်ရာမဲဆန္ဒနယ် မှာ ကိုယ်စားလှယ်လေးဦး ရှိပြီးသားကို တပ်မတော်သားကိုယ်စားလှယ်တွေက ဝင်ရောက်ဆောင်ရွှက်တဲ့အတွက် ကျင့်ဝတ်အရ မသင့်တော်ဘူးလို့လည်း ဒေါက်တာလှမိုးက သူ့အမြင်ကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် U Min Thu FB
Image caption တပ်မတော်သားကိုယ်စားလှယ်တွေ ဟာ ကွင်းဆင်းတာ မတွေ့ ရတော့

ဒီကီစ္စဟာ လွှတ်တော်မှာ မေးခွန်းမရောက်လာခင် ကတည်းကပဲ အမြင်တွေကွဲပြားနေပြီး အခြေခံ ဥပဒေပြင်ဆင်ရေးကိစ္စပြီးရင် လွှတ်တော်မှာ စိတ်ဝင်တစား ဆွေးနွေးဖွယ်ရာ ခေါင်းစဉ် ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းမှုတွေ ရှိပါတယ်။

တပ်မတော်သားကိုယ်စားလှယ်တွေဟာ အခုရက်ပိုင်း အခြေခံဥပဒေပြင်ဆင်ရေးကော်မတီကို ဝေဖန်တာရှိသလို သူတို့ကော်မတီက နုတ်ထွက်နိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိပေမယ့် ဒီမေးခွန်းပယ်ဖျက်တာဟာ ဒီအကြောင်းရာတွေနဲ့ သက်ဆိုင်တယ်လို့ မထင်ကြောင်း ဒေါက်တာလှမိုးကပြောပါတယ်။

အခုရက်ပိုင်းမှာတော့ တပ်မတော်သားကိုယ်စားလှယ်တွေ ကွင်းဆင်းတာ မတွေ့ရတော့ကြောင်းလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်အချို့ကပြောပါတယ် ။

တပ်မတော်သား ကိုယ်စားလှယ်တွေ ကွင်းဆင်းခြင်းကိစ္စနဲ့ ပတ်သက်ပြီး နည်းဥပဒေတွေမှာ တိတိကျကျ ပြဋ္ဌာန်းထားခြင်း မရှိဘဲ လုပ်ပိုင်ခွင့် ရှိ မရှိကလည်း ကွဲကွဲပြားပြား မသိတဲ့အတွက် ဒီလို မေးခွန်းမျိုး ဟာ မေးသင့်မေးထိုက်တဲ့ မေးခွန်းတစ်ခုဖြစ်ပြီးတော့ အဖြေတစ်ခု ရှိသင့်တယ်လို့လည်း တိုင်းရင်းသားပါတီ လွှတ်တော် ကိုယ်စားလှယ် အချို့ကပြောကြပါတယ်။

ဆက်စပ် အကြောင်းအရာများ