ကချင်စစ်ဘေးဒုက္ခသည်နေရာပြန်ချရေး နိပွန်ဖောင်ဒေးရှင်းက ဒေါ်လာ ၅ သန်းပေး အပါအဝင်မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် AFP
Image caption အဲဒီအစီအစဉ်ကို ၂၀၂၀၊ မတ်လမှာစတင်မှာဖြစ်ပြီး အဲဒီမူလနေရာ ရွာ ၃ရွာကိုပြန်ပြောင်းရွှေ့မယ့် ဒုက္ခသည် ၁,၀၀၀ ကျော်ရှိတယ်

ကချင်စစ်ဘေးဒုက္ခသည်နေရာပြချရေး နိပွန်ဖောင်ဒေးရှင်းက ဒေါ်လာ ၅ သန်းပေး

ကချင်ပြည်နယ်အတွင်းက စစ်ဘေးဒုက္ခသည်တွေကို နေရာပြန်ချပေးရေးရာမှာ အသုံးပြုဖို့အတွက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ကို ဂျပန်နိပွန်ဖောင်ဒေးရှင်းက အမေရိကန်ဒေါ်လာ ၅သန်း ပေးအပ်ခဲ့တယ်လို့ KBC ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန်က ဘီဘီစီကိုပြောပါတယ်။

နိပွန်ဖောင်ဒေးရှင်းက ပေးအပ်ခဲ့တဲ့ ဒေါ်လာ ၅သန်း (ကျပ်ငွေ သိန်းပေါင်း ၇၅,၀၀၀) ကို ကချင်ပြည်နယ် အတွင်းက တာလောကြီး၊ ကျောက်စခန်းနဲ့ ရွှေညောင်ပင် စတဲ့ ရွာတွေကနေ ရွှေ့ပြောင်းနေထိုင်နေရသူ တွေကို ပြန်လည်နေရာချထားပေးရေး စီစဉ်မယ်လို့ သူကဆိုပါတယ်။

အဲဒီအစီအစဉ်ကို ၂၀၂၀၊ မတ်လမှာစတင်မှာဖြစ်ပြီး အဲဒီမူလနေရာ ရွာ ၃ရွာကိုပြန်ပြောင်းရွှေ့မယ့် ဒုက္ခသည် ၁,၀၀၀ ကျော်ရှိတယ်လို့ ဒေါက်တာခလမ်ဆမ်ဆွန်က ဘီဘီစီကိုပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ပြန်မယ့်နေရာက လုံခြုံရေးအတွက် မိုင်းရှင်းလင်းရေးကိုလည်း ပြုလုပ်ဖို့ သက်ဆိုင်ရာ နှစ်ဘက် လက်နက် ကိုင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ကိုလည်း နိပွန်ဖောင်ဒေးရှင်းကို KBC က အကြံပြုတင်ပြထားတယ်

ပြန်လည်နေရာချထားတဲ့ သူတို့ရဲ့ မူလနေရာတွေမှာ ကျန်းမာရေးအတွက်ဆေးရုံ၊ ပညာရေးအတွက် ကျောင်းတွေအပြင် အသက်မွေးဝမ်းကျောင်းဖို့အတွက် လယ်ယာတွေပြန်ဖော်ထုတ်တာ ဒါ့အပြင် လက်မှုပညာအတက်သင်ပေးတာတွေကိုလည်း ပြုလုပ်ဖို့ KBC က ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

ပြန်မယ့်နေရာက လုံခြုံရေးအတွက် မိုင်းရှင်းလင်းရေးကိုလည်း ပြုလုပ်ဖို့ သက်ဆိုင်ရာ နှစ်ဘက် လက်နက် ကိုင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ကိုလည်း နိပွန်ဖောင်ဒေးရှင်းကို KBC က အကြံပြုတင်ပြထားတယ်လို့ ဒေါက်တာခလမ်ဆမ်ဆွန်က ဘီဘီစီကိုပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ အမေရိကန်ဒေါ်လာသုံးသိန်းပေးခဲ့သလို အဲဒီငွေတွေကိုလည်း ဒုက္ခသည်တွေ နေထိုင် တဲ့ စခန်း ၃ခုပြန်တည်ဆောက်တာအပြင် စွမ်ဘရာဘွမ်က ရွာပြန်လည်တည်ဆောက်ပေးတဲ့ နေရာတွေကို မသုံးပြုခဲ့တယ်လို့ KBC ကသိရပါတယ်။

ဓာတ်ပုံ မူပိုင် Pyidaungsu Hluttaw
Image caption တရားစွဲဆိုမှုတွေမှာလည်း ဆက်သွယ်ရေးဥပဒေပုဒ်မ ၆(ဃ)နဲ့ တရားစွဲထားတာ အများဆုံးဖြစ်ပါတယ်။

လွှတ်တော်အမတ်တွေက ပြည်သူနဲ့ တက်ကြွလှုပ်ရှားသူတွေကို တရားစွဲဆိုမှု ၄နှစ်အတွင်း ၁၃မှုအထိ ရှိ

လွှတ်တော်အမတ်တွေက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)၊ အသရေဖျက်မှု ပုဒ်မ ၅၀၀၊ နဲ့ နိုင်လွတ်လုံ ပုဒ်မ ၁၀ တို့နဲ့ အရပ်သားအပါအဝင် နိုင်ငံရေးပါတီဝင်နဲ့ တက်ကြွလှုပ်ရှားသူ စုစုပေါင်း ၃၇ ဦးကို ပြီးခဲ့တဲ့ ၄နှစ် အတွင်းမှာ အမှုဖွင့်တရားစွဲဆိုခဲ့ကြတယ်လို့ အသံအဖွဲ့ကဒီဇင်ဘာ ၂၃ရက်မှာ ထုတ်ပြန်ပါတယ်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းနဲ့ပြည်နယ်လွှတ်တော်အမတ် ၁၁ဦးက၊ အရပ်သား ၁၁ဦး၊ တက်ကြွလှုပ်ရှားသူ ၄ဦးနဲ့ နိုင်ငံရေးပါတီဝင် ၇ဦးတို့ကို ၆၆ (ဃ)၊ ပုဒ်မ ၅၀၀နဲ့ နိုင်လွတ်လုံပုဒ်မ ၁၀ တို့နဲ့ ၄နှစ်နီးပါးကာလအတွင်း အမှုဖွင့်တရားစွဲခဲ့တာလို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အမှုဖွင့်တရားစွဲခဲ့တဲ ပုဒ်မတွေထဲမှာတော့ ဆက်သွယ်ရေးဥပဒေပါ ၆၆(ဃ) လူမှုကွန်ယက်ပေါ်မှာ ဝေဖန် ရေးသားမှုကဲ့သို့သောလုပ်ဆောင်ချက်ကြောင့် အမှုဖွင့်ခံထားရသူ ၁၃ ဦးထိရှိပြီး အရေအတွက် အများဆုံး ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

လွှတ်တော်အမတ်တွေတရားစွဲဆိုမှုတွေက ကချင်ပြည်နယ်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီနဲ့ မွန်ပြည်နယ်တွေမှာ ဖြစ်ခဲ့တာဖြစ်ပြီး ရန်ကုန်တိုင်းမှာအမှုအများဆုံးဖြစ်ကာ အမှုစုစုပေါင်းရဲ့ ၉မှုအထိရှိကာ တရားစွဲခံရသူ ၂၂ဦးအထိရှိတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အလားတူ ပုဒ်မတွေနဲ့ပဲ လွှတ်တော်အမတ်တွေကမဟုတ်ပဲ သူတို့နဲ့နီးစပ်သူတွေ၊ မိသားစုဝင်တွေနဲ့ အခြားလူ တွေက အမှုဖွင့် တရားစွဲဆိုတဲ့အမှုပေါင်းကလည်း ၉မှုအထိရှိပြီး တရားစွဲခံရသူ ၂၄ဦးအထိ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီတရားစွဲဆိုမှုတွေမှာလည်း ဆက်သွယ်ရေးဥပဒေပုဒ်မ ၆(ဃ)နဲ့ တရားစွဲထားတာ အများဆုံးဖြစ်ပါတယ်။

Image caption ဒီလအစောပိုင်းမှာပဲ အဲဒီမီးတောင်ပေါက်ကွဲမှုကြောင့် လူ ၁၉ဦးအထိ သေဆုံးခဲ့ရပါတယ်။ အဲဒီထဲမှာ အခု ရှာမတွေ့သေးတဲ့ ၂ဦးလည်း ပါပါတယ်။

မီးတောင်ပေါက်ကွဲမှုကြောင့် ပျောက်ဆုံးနေသူ ၂ဦးကို ရှာဖွေမှုရပ်ဆိုင်း

နယူးဇီလန်ရဲတပ်ဖွဲ့ကတော့ မီးတောင်ကျွန်းဖြူမှာ ပျောက်ဆုံးနေတဲ့ နှစ်ဦးကိုရှာဖွေတဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပြီးလို့ ထုတ်ပြန်လိုက်ပါတယ်။

ဒီလအစောပိုင်းမှာပဲ အဲဒီမီးတောင်ပေါက်ကွဲမှုကြောင့် လူ ၁၉ဦးအထိ သေဆုံးခဲ့ရပါတယ်။ အဲဒီထဲမှာ အခု ရှာမတွေ့သေးတဲ့ ၂ဦးလည်း ပါပါတယ်။

အသက် ၁၇နှစ်အရွယ် ဂျိမ်းနဲ့ အသက် ၄၀အရွယ် မာရှယ်တို့ရဲ့ ရုပ်အလောင်းတွေက အဲဒီကျွန်းရဲ့ ရေပြင် အတွင်းမှာရှိနိုင်တယ်လို့ ရဲကယူဆထားပါတယ်။

ဒါပေမယ့်လည်း ရှာဖွေခဲ့ချိန်မှာတော့ ဘယ်နေရာမှာရှိနိုင်တယ်ဆိုတဲ့ အမှတ်အသားတခုမှ မတွေ့ခဲ့ပါဘူး။

အခုလိုဆုံးဖြတ်ချက်ကိုလည်း ပျောက်ဆုံးနေတဲ့ မိသားစုတွေရဲ့ဆန္ဒအရ ရဲတပ်ဖွဲ့က ဆုံးဖြတ် ခဲ့တာဖြစ်ပေမယ့်၊ သတင်းအချက်အလက် ထူးခြားမှုတွေရှိခဲ့ရင်တော့ ရဲတပ်ဖွဲ့က ပြန်ရှာဖို့အတွက် အဆင့်သင့် အနေအထားမှာရှိနေတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ