ကိုယ့်မဲဆန္ဒနယ်က အမတ်လောင်းကိုသာ ကန့်ကွက်ဖို့ ရွေးကောက်ပွဲ ဥပဒေကို ပြင် အပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် Getty Images
Image caption မဲဆန္ဒနယ် မဲစာရင်းမှာပါရမယ်။ မဲပေးတဲ့သူဖြစ်ရမယ်။ မဲမပေးတဲ့သူက စိတ်မဝင်စားလို့လေ၊ သူတို့ကို ခွင့်ပြုလိုက်မယ်ဆိုရင်၊ မမျှတဘူးဖြစ်နိုင်တယ်

ကိုယ့်မဲဆန္ဒနယ်က အမတ်လောင်းကိုသာ ကန့်ကွက်ဖို့ ရွေးကောက်ပွဲ ဥပဒေကို ပြင်

ရွေးကောက်တင်မြှောက်ခံရတဲ့ အမတ်လောင်းကို ကန့်ကွက်ရာမှာ ကိုယ်မဲဆန္ဒနယ်အတွင်းမှာ ဝင်ပြိုင်ပြီး အရွေးခံထားရတဲ့ လွှတ်တော်အမတ်လောင်းကိုသာ သင့်လျော်တဲ့ အကြောင်းပြချက်နဲ့ ကန့်ကွက်နိုင် မယ်ဆို့တဲ့ အချက်ကို နိုင်ငံတော်သမ္မတဦးဝင်မြင့်က ဒီဇင်ဘာ ၂၄ရက်နေ့မှာ ပြင်ဆင်တယ်လို့ လက်မှတ်ထိုးထုတ်ပြန်ခဲ့ပါတယ်။

အခုပြင်ဆင်ချက်မတိုင်ခင်ကတော့ ရွေးကောက်ပွဲအပြီး ရွေးကောက်တင်မြှောက်ခံထားရတဲ့ အမတ်လောင်း ကို ဘယ်မဲဆန္ဒရှင်ကမဆို ဆီလျော်တဲ့ အကြောင်းနဲ့ ကန့်ကွက်နိုင်တယ်လို့ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းနဲ့ ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတွေမှာ ပြဋ္ဌာန်းထားခဲ့ပါတယ်။

ရွေးကောက်ပွဲကနေ ရွေးကောက်တင်မြှောက်ခံခဲ့ရသူကို ကန့်ကွက်မယ်ဆိုရင် သက်ဆိုင်ရာရွေးကောက်ပွဲ ဥပဒေတွေရဲ့ ပုဒ်မ ၁၀မှာ ပြဋ္ဌာန်းထားတဲ့ နိုင်ငံသားမိဘာ ၂ပါးက မွေးဖွားသူမဟုတ်တာ၊ စိတ်ပေါ့သွပ်သူ၊ လူမွဲအဖြစ် ကြေညာခံထားရသူ၊ မလွတ်မြောက်သေးသူ၊ နိုင်ငံပိုင်ငွေကြေး၊ မြေ၊ အိမ်အဆောက်အုံ၊ ယာဉ်စတာတွေကို တိုက်ရိုက်ဒါမှမဟုတ် သွယ်ဝိုက်တဲ့နည်းနဲ့ သုံးစွဲသူအပါအဝင် အစရှိတဲ့ အချက် ၁၄ ချက်ပါအတိုင်း ကန့်ကွက်နိုင် ပါတယ်။

အခုပြင်ဆင်ချက်က ကိုယ်မဲဆန္ဒနယ်အတွင်းက မဲပေးသူကိုယ်တိုင်က ကန့်ကွက်နိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် တဦးက ဘီဘီစီကိုပြောပါတယ်။

"မဲဆန္ဒနယ် မဲစာရင်းမှာပါရမယ်။ မဲပေးတဲ့သူဖြစ်ရမယ်။ မဲမပေးတဲ့သူက စိတ်မဝင်စားလို့လေ၊ သူတို့ကို ခွင့်ပြုလိုက်မယ်ဆိုရင်၊ မမျှတဘူးဖြစ်နိုင်တယ်" လို့ သူကပြောပါတယ်။

၂၀၁၅ခုနှစ်အပြီး လုပ်ခဲ့တဲ့ကြားဖြတ်ရွေးကောက်ပွဲတွေမှာတော့ ရွေးကောက်ပွဲကို ပြည်သူတွေရဲ့ စိတ်ဝင်စားမှုက အလွန်နည်းလာသလို၊ မဲလာပေးသူအရေအတွက်ကလည်း ၂၀၁၅ခုနှစ်ထက် သိသိသာသာ ကျလာတာကို သုတေသနလုပ်တဲ့ အဖွဲ့တွေက ကြားဖြတ်ရွေးကောက်ပွဲတွေ အပြီးတိုင်းမှာ အစီရင်ခံထုတ်ပြန်ထားပါတယ်။

အခုပြင်ဆင်မှုက ရွေးကောက်ပွဲဥပဒေတွေကို ၅ ကြိမ်မြောက်ပြင်ဆင်တာလည်းဖြစ်ပါတယ်။ ဒီတခါပြင်ဆင် ချက်မှာတော့ ကန့်ကွက်နိုင်မယ့် မဲဆန္ဒရှင်အမျိုးအစားကို ကန့်သတ်တာအပြင် ကြားဖြတ်ရွေးကောက်ပွဲတွေ ကိုလည်း လွှတ်တော်သက်တမ်း ပထမဆုံးနှစ်နဲ့ နောက်ဆုံးနှစ်တွေမှာ မပြုလုပ်ဖို့လည်း ပြင်ဆင်ဖြည့်စွက် ထားပါတယ်။

အခုဖြည့်စွက်ချက်ကတော့ ပြီးခဲ့တဲ့ ပြင်ဆင်ချက်တွေထဲမှာ လုံးဝမပါသေးတဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခြင်း အချိန်ကာလသတ်မှတ်ချက်လည်းဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption တိုက်ပွဲတွေအကြားမှာအရပ် သားတွေထိခိုက်သေဆုံးမှုတွေလည်းရှိနေပါတယ်

ခရစ်စမတ်ကာလ ရခိုင်က မြို့နယ်အချို့မှာ တိုက်ပွဲတွေပြင်းထန်နေ

တပ်နဲ့ အေအေတို့အကြား တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေပါတယ်။ ဒီဇင်ဘာ ၂၂ရက်ကစပြီး ပလက်ဝ မြို့နယ်၊ မင်းပြားအပါအဝင် မြို့နယ်အချို့မှာဖြစ်နေတာပါ။

တပ်မတော်ဘက်ကတော့ ရဟတ်ယာဉ်တွေပါသုံးစွဲတိုက်ခိုက်တာတွေရှိတယ်လို့ အေအေ ပြောခွင့်ရသူ ခိုင်သုခကပြောပါတယ်။ အဲဒီတိုက်ပွဲတွေအကြားမှာ နှစ်ဘက်အကျအဆုံးတွေရှိခဲ့ပါတယ်။

တိုက်ပွဲအများစုက အဲဒီမြို့နယ်တွေထဲက လူနေကျေးရွာတွေအနီးမှာ အများစုဖြစ်နေတယ်လို့လည်း ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

တပ်မတော် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို တိုက်ပွဲတွေနဲ့ ပက်သက်ပြီး မေးမြန်းရန် ဆက်သွယ်ခဲ့ပေမယ့် အလုပ်မအားတာကြောင့် ပြန်လည်ဖြေဆိုပေးနိုင်ခြင်းမရှိပါဘူး။

တိုက်ပွဲတွေအကြားမှာအရပ် သားတွေထိခိုက်သေဆုံးမှုတွေလည်းရှိနေပါတယ်။ အဲဒီထဲမှာ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့က အမျိုသမီးအပါအဝင် ၃ဦး၊ အမ်းမြို့နယ် မဲလပေါင်းအုပ်စု၊ ရေငံချောင်းကျေးရွာက ချင်းလူငယ် ၂ဦးတို့လည်း ဒီဇင်ဘာ ၁၈ရက်မှာ သေနတ်ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ကနေဒါနိုင်ငံသား ပေါ့စတားက သူရဲ့ ငါးခုမြောက် အယ်လ်ဘမ်၊ ယမ်မီ ကို လာမယ့် ဒီဇင်ဘာ ၃ရက်နေ့မှာ စထုတ်မယ်

ဂျက်စတင်ဘီဘာ ၂၀၂၀မှာ အနုပညာအလုပ်တွေပြန်လုပ်တော့မယ်

၂၀၂၀မှာ အနုပညာအလုပ်တွေပြန်လုပ်တော့မယ်ဆိုတဲ့ ခရစ်စမတ် သတင်းစကား လက်ဆောင်ကို ခရစ်စမတ်မတိုင်မီ တရက်အလိုမှာ ဂျက်စတင်ဘီဘာက သူ့ပရိတ်သတ်တွေအတွက် ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ကနေဒါနိုင်ငံသား ပေါ့စတားက သူရဲ့ ငါးခုမြောက် အယ်လ်ဘမ်၊ ယမ်မီ ကို လာမယ့် ဒီဇင်ဘာ ၃ရက်နေ့မှာ စထုတ်မယ်လို့လည်း သူကဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ မေကနေ စက်တင်ဘာလအတွင်း အမေရိကန်နဲ့ သူရဲ့ဇာတိနိုင်ငံမှာ လည်ပတ်နေခဲ့တာလို့ အသက် ၂၄နှစ်ရှိပြီးဖြစ်တဲ့ ဘီဘာက ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် မှတ်တမ်းရုပ်ရှင်ဇတ်လမ်းတွဲအသစ် မှာလည်း ဂျက်စတင်ဘီဘာ ပါဝင်ဖို့ရှိတယ်လို့ သိရပါတယ်။

ကမ္ဘာအနှံ့က ဖျော်ဖြေရေးအစီအစဉ် ၁၄ခုအထိကို ပယ်ဖျက်ခဲ့ပြီး နောက်ပိုင်း ၂၀၁၇ခုနှစ်ကစပြီး ဂီတလောက ကနေ ဂျက်စတင်ဘီဘာက အနားယူခဲ့တာလည်းဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ