ကချင်ဒေသအတွက် ဂျပန်အစိုးရက ယန်းငွေ သန်း ၅၀၀ ကူညီမယ်

အစိုးရနဲ့ တိုင်းရင်းသား အဖွဲ့တွေ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေကို ကူညီဆောင်ရွက်ဖို့ထောက်ပံ့တာလို့ဆို
Image caption အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေကို ထောက်ပံ့တာလို့ဆို

ဂျပန်အစိုးရနဲ့ နိပွန်ဖောင်ဒေးရှင်းက ကချင်ဒေသအတွက် ဂျပန်ယန်းငွေ သန်း ၅၀၀ ကူညီမယ်လို့ ဂျပန်အစိုးရ အထူးကိုယ်စားလှယ် (နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ) မစ္စတာဆာဆာကာဝါ က မြစ်ကြီးနားမြို့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

အဲဒီငွေသန်း ၅၀၀ ဟာ ၂၀၁၆ ခုနှစ်ကစပြီး ၅နှစ်တာကာလအတွင်း တိုင်းရင်းသား လူမျိုးစုများ နေထိုင်တဲ့ ‌ဒေသတွေအတွက် ဂျပန်အစိုးရက ကူညီထောက်ပံ့တဲ့ ယန်းငွေ သန်းပေါင်း ၄၀၀၀၀ ပမာဏရှိတဲ့ ငွေကြေးထောက်ပံ့မှုထဲက အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ အဲဒီသတင်းစာရှင်းလင်းပွဲမှာ ပါဝင်ခဲ့တဲ့ ဂျပန်သံအမတ် မစ္စတာ မာရုယာမ အိချီရို က ပြောပါတယ်။

မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေကို ကူညီဆောင်ရွက်ရာမှာ ဂျပန်အစိုးရအနေနဲ့ အဲဒီငွေထဲက ထောက်ပံ့ကူညီတယ်လို့ ဒီဇင်ဘာလ ၂၁ ရက်နေ့က မြစ်ကြီးနားမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂျပန်သံအမတ် က ပြောတာပါ။

"မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးဖို့အတွက် ဂျပန်အစိုးရ အနေနဲ့ အစွမ်းကုန် အကူအညီပေးပါမယ်။ ငြိမ်းချမ်းရေး ကဏ္ဍမှာ ဂျပန်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ ရှိပါတယ်။"

ဒါ့အပြင် ကချင်စစ်ဘေးရှောင်တွေ ပြန်လည်နေရာချပေးတဲ့အခါမှာ အသုံးပြုဖို့အတွက် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) ကို ဂျပန်နိပွန်ဖောင်ဒေးရှင်းက ဂျပန်ယန်းငွေ သန်း ၅၀၀ ပံ့ပိုးကူညီမယ့်အကြောင်းကိုလည်း ဂျပန်အဖွဲ့အစည်းဖြစ်တဲ့ နိပွန်ဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါက ဘာသာပြန်ကတဆင့် အခုလို ပြောပါတယ်။

"ကျွန်တော်တို့ အနေနဲ့ ပထမဦးဆုံး ကူညီပံ့ပိုးသွားမယ့် ကနဦး ကူညီပံ့ပိုးမှုမှာ ဆိုလို့ရှိရင် အိမ်ခြေ ၅၀၀၊ လူဦးရေ စုစုပေါင်း ၃၀၀၀ အတွက်ပါ။ သူတို့ရဲ့ မူလနေထိုင်ခဲ့တဲ့ ရွာမှာ ပြန်နေဖို့ပါ။ နေထိုင်ဖို့ရန်အတွက် နေအိမ်တွေ ဆောက်လုပ်ဖို့ရန် အတွက် ကျွန်တော်တို့အနေနဲ့ ကူညီပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်"

"ရွာသူရွာသားတွေ၊ တိုက်ပွဲရှောင်ပြည်သူတွေဟာ ဆိုလို့ရှိရင် ကိုယ့်ရဲ့နေရပ်ဒေသ၊ ကိုယ့်ရဲ့ရွာကို ပြန်နေဖို့ပါ။ အနာဂတ်ကောင်းမွန်ဖို့အတွက်ဆိုရင် သူတို့နေထိုင်ဖို့ရန်အတွက် ပထမဆုံးသော ကူညီပံ့ပိုးမှု ခြေလှမ်းတစ်ရပ်အနေနဲ့ ဂျပန်အစိုးရနဲ့ နိပွန်ဖောင်ဒေးရှင်းကနေပြီးတော့ KBC နဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ ဂျပန်ယန်းငွေ သန်း ၅၀၀ ပံ့ပိုးသွားမှာ ဖြစ်ပါတယ်"

နိပွန်ဖောင်ဒေးရှင်းဟာ ကချင်ပြည်နယ်အပြင် ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာလည်း စစ်ဘေးရှောင်တွေအတွက် အိမ်ဆောက်ပေးတာ၊ ဆန်တွေကူညီထောက်ပံ့နေတာတွေလည်း ဆောင်ရွက်နေပါတယ်။

ကချင်စစ်ဘေးရှောင်တွေအတွက် ဒေါ်လာ ငါးသန်း ကို ကချင်ပြည်နယ် အတွင်းက တာလောကြီး၊ ကျောက်စခန်းနဲ့ ရွှေညောင်ပင် စတဲ့ ရွာတွေကနေ ရွှေ့ပြောင်းနေထိုင်နေရသူတွေကို ပြန်လည်နေရာချထားပေးရေးရာမှာ အသုံးပြုမယ်လို့ KBC က ဆိုပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေဟာ တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အန်စီအေ လက်မှတ်ရေးထိုးမထားပေမဲ့ ရွာသားတွေဟာ တချိူ့ရွာတွေမှာ ပြန်နေလို့ရတယ်လို့ KBC ရဲ့ လူမှုဝန်ထမ်းခြင်းနဲ့ ဖွံဖြိုးရေးဌာန တာဝန်ခံ ဦးခါးလီက ပြောပါတယ်။

စစ်ဘေးရှောင်တွေကို နေရပ်ပြန်လည်နေရာချထားတဲ့နေရာတွေမှာ ဆေးရုံနဲ့ ကျောင်းတွေအပြင် အသက်မွေးဝမ်းကျောင်းဖို့အတွက် လယ်ယာတွေ ပြန်ဖော်ထုတ်တာတွေ၊ လက်မှုပညာ အတတ်သင်ပေးတာတွေကိုလည်း စီစဉ်ဆောင်ရွက်ဖို့ KBC က ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။