ICJ အရေး တိုင်းရင်းသားနဲ့ ဘာသာပေါင်းစုံက ညီညွတ်စွာ ပါဝင်ဖို့ NLD တိုက်တွန်းအပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် Getty Images
Image caption မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတဲ့ အမှုအခင်းနဲ့ ရင်ဆိုင်ကြုံတွေနေရလို့ တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးပေါင်းစုံ ညီညွတ်စွာ ပါဝင်ကြ

ICJ အရေး တိုင်းရင်းသားနဲ့ ဘာသာပေါင်းစုံက ညီညွတ်စွာ ပါဝင်ဖို့ NLD တိုက်တွန်း

မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတဲ့ အမှုအခင်းနဲ့ ရင်ဆိုင်ကြုံတွေနေရလို့ မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးပေါင်းစုံ ညီညွတ်စွာ ပါဝင်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဒီဇင်ဘာ ၂၆ရက်မှာ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ်ထုတ်ပြန်ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်း ရေးသားခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတဲ့အရေးမှာ တိုင်းရင်းသားပေါင်းစုံ၊ ဘာသာပေါင်းစုံက တသားတည်း ညီညွတ်ခြင်းကို ကမ္ဘာ့ပြည်သူတွေ သိစေဖို့ စိတ်ဆန္ဒသာမကဘဲ၊ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဖော်ထုတ်ပြသရမယ့် အချိန်လို့ ထည့်သွင်းပါရှိပါတယ်။

ဒီဇင်ဘာလ ၂၆ရက်နေ့ဟာ ကရင်အမျိုးသားများရဲ့ ၂၇၅၉ နှစ်မြောက် ကရင်နှစ်သစ်ကူးလည်းဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မြန်မာအမှုကို ICJ မှာ စတင်ကြားနာ

မြန်မာနိုင်ငံထဲ ရိုဟင်ဂျာ မွတ်ဆလင်တွေ အတိုက်အခိုက် ခံခဲ့ရတာဟာ လူမျိုးတုံး သတ်ဖြတ်မှုထိ မြောက်နိုင်တယ်ဆိုတဲ့ နိုင်ငံတကာ စွဲချက်တွေ ရှိနေချိန်မှာ၊ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC ကို ကိုယ်စားပြုပြီး အနောက်အာဖရိက နိုင်ငံ ဂမ်ဘီယာက မြန်မာကို ICJ မှာ နိုဝင်ဘာ ၁၁ ရက်နေ့မှာ တရားစွဲခဲ့တာ ဖြစ်ပါတယ်။

ဂျီနိုဆိုက် ကွန်ဗင်းရှင်းလို့ ခေါ်တဲ့ လူမျိုးတုံး သတ်ဖြတ်မှုကို တားဆီးရေး၊ အပြစ်ပေးရေး ကုလသမဂ္ဂ ပဋိညာဉ်ကို မြန်မာက လက်မှတ်ထိုးထားပေမယ့်၊ လိုက်နာဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဂမ်ဘီယာက အမှုဖွင့်တာ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
သုံးရက်ကြာ နှစ်ဖက် အပြန်အလှန် လျှောက်လဲမှုတွေ မနေ့က ပြီးဆုံး

ရက္ခိုင့်တပ်တော် AA၊ တအာင်း၊ ပလောင် TNLA နဲ့ ကိုးကန့် MNDAA စတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကတော့ တပ်မတော်ကို ICC နဲ့ ICJ မှာ တရားစွဲဆိုထားတာကို ထောက်ခံတယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ဒီသုံးဖွဲ့ဟာလည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေဖြစ်ပါတယ်။

အခြားအပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်တွေကတော့ ICJ ရဲ့ တရားစွဲဆိုမှုမှာ မြန်မာအစိုးရဘက်က ထောက်ခံကြပါတယ်။ ထောက်ခံခြင်း မထောက်ခံခြင်းကို ထုတ်ဖော်မပြောဆိုကြ တဲ့အဖွဲ့တွေ့လည်း ရှိကြပါတယ်။

ဒီဇင်ဘာ ဒုတိယအပတ်ထဲမှာ နှစ်နိုင်ငံလုံးက ICJ မှာ လျှောက်လွှဲချက်တွေပေးထားပြီးဖြစ်လို့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေတာဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် HKS
Image caption ဒီဇင်ဘာ ၂၅ရက် နေ့လည် ၁နာရီလောက်က စကခ (၁၅) ဘူးသီးတောင်တပ်မဌာနချုပ်ကနေ အေအေတပ်တွေရှိရာ တောင်းကုန်းကို စတင်ပစ်ခတ်ခဲ့ရာ ၃နာရီ ၆မိနစ်မှာကျခဲ့တဲ့ လက်နက်ကြီးပေါက်ကွဲ မှုအတွင်း သေဆုံးခဲ့

ဖမ်းထားတဲ့ NLD ဘူးသီးတောင် ဥက္ကဋ္ဌ သေဆုံးဟု အေအေထုတ်ပြန်

အေအေက ဖမ်းထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဘူးသီးတောင်မြို့နယ် ဥက္ကဋ္ဌ ဦးရဲသိန်းမှာ တပ်ဘက်ကပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဒီဇင်ဘာ ၂၅ရက်ညပိုင်းမှာ အေအေက ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၂၅ရက် နေ့လည် ၁နာရီလောက်က စကခ (၁၅) ဘူးသီးတောင်တပ်မဌာနချုပ်ကနေ အေအေတပ်တွေရှိရာ တောင်းကုန်းကို စတင်ပစ်ခတ်ခဲ့ရာ ၃နာရီ ၆မိနစ်မှာကျခဲ့တဲ့ လက်နက်ကြီးပေါက်ကွဲ မှုအတွင်း သေဆုံးခဲ့တာလို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဦးရဲသိန်းကို စစ်ဆေးဖို့ဆိုကာ ဒီဇင်ဘာ ၁၁ရက်နေ့မှာ အေအေက ဖမ်းဆီးခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။

ICJ ကိုသွားရောက်ဖြေရှင်းမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမယ့်ပွဲ ပြုလုပ်ဖို့ ပြင်ဆင်နေချိန်မှာပဲ အေအေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

အေအေထုတ်ပြန်ချက်ထဲမှာတော့ ပလက်ဝ၊ မြေပုံနဲ့ ဘူးသီးတောင် မြို့နယ်တွေထဲမှာ တိုက်ပွဲ အပြင်းအထန် ဖြစ်နေပြီးတော့၊ တပ်ဘက်က ရဟတ်ယာဉ်တွေပါ အသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ ပါရှိပါတယ်။

ဓာတ်ပုံ မူပိုင် @SHAVEDDINOV
Image caption တပ်ဘက်ကတော့ သူကို စစ်မှုထမ်းဖို့အတွက် ပျက်ကွက်ခဲ့တာကြောင့်လို့ စွပ်စွဲပြီး ဖမ်းဆီးတာဖြစ်ပါတယ်။

ရှရှား အတိုက်အခံတက်ကြွလှုပ်ရှားသူကို ရှရှားတပ်က ပြန်ပေးစွဲ

ရှရှားအတိုက်အခံခေါင်းဆောင် အဲလစ်ဇေကတော့ အခုလိုပြန်ပေးစွဲတဲ့ကိစ္စကို ပြင်းပြင်းထန်ထန်ဝေဖန် လိုက်ပါတယ်။

အတိုက်အခံ တက်ကြွလှုပ်ရှားသူကို မော်စကိုက သူ့နေအိမ်မှာ တနင်္လာနေ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

တပ်ဘက်ကတော့ သူကို စစ်မှုထမ်းဖို့အတွက် ပျက်ကွက်ခဲ့တာကြောင့်လို့ စွပ်စွဲပြီး ဖမ်းဆီးတာဖြစ်ပါတယ်။

အတိုက်အခံဘက်ကတော့ အခုအဖမ်းခံရတဲ့သူကတော့ စစ်မှုထမ်းခြင်းကနေ လွတ်ငြိမ်းခွင့်ရထားတဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။

ရှရှားမှာတော့ အသက် ၁၈နှစ်ကနေ ၂၇နှစ်အတွင်း နိုင်ငံသားအမျိုးသားအားလုံးက စစ်မှုမထမ်း မနေရ ထမ်းကြရပါတယ်။ ဒါပေမယ့် ကျန်းမာရေးအပြင် အခြားသော လက်ခံနိုင်တဲ့ အကြောင်းပြချက်တွေအပေါ် မူတည်ပြီးတော့လည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးထားတာလည်းရှိပါတယ်။

အဖမ်းခံထားရသူက အတိုက်အခံခေါင်းဆောင်ဦးဆောင်လုပ်နေတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဖောင်ဒေးရှင်းမှာ လုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။