မော်လမြိုင်-မုဒုံလမ်း ဘုရားဖူးကားတိုက်မှု ၁၀ ဦးသေ၊ ကလေးတစ်ဦးကို ခက်ခက်ခဲခဲကယ်ခဲ့

အသက်ရှင်လျက်ပိတ်မိနေတဲ့ ကလေးကို ခက်ခက်ခဲခဲ ကယ်ခဲ့ရတယ်လိုဆို ဓာတ်ပုံ မူပိုင် Zin Moe
Image caption အသက်ရှင်လျက်ပိတ်မိနေတဲ့ ကလေးကို ခက်ခက်ခဲခဲ ကယ်ခဲ့ရတယ်လိုဆို

မော်လမြိုင်-မုဒုံလမ်းမှာ ဟိုက်ဂျက် ဘုရားဖူးကားတစ်စီး ဒီဇင်ဘာ ၂၆ ရက် မနက် ၁၀ နာရီလောက်က သဲကားနဲ့ တိုက်မိခဲ့လို့ လိုက်ပါလာသူ ၁၅ ဦး ထဲက ၁၀ ဦး သေဆုံးခဲ့ပါတယ်။

ဒီကားဟာ ကျိုက်ခမီကို ဘုရားဖူးလာတဲ့ ကားဖြစ်ပြီး မုဒုံမြို့အဝင် ကွမ်တာကျေးရွာနားမှာ လားရာတူသွားနေတဲ့ ခြောက်ဘီးတပ်သဲကားကို ကျော်တက်ပြီး ယာဉ်ကြောထဲ ပြန်ဝင်ချိန်မှာ တိုက်မိခဲ့တာပါ။

ကားပေါ်ပါလာသူတွေထဲက ကိုးဦးက နေရာမှာတင် သေဆုံးခဲ့ပြီး တစ်ဉီးက မော်လမြိုင်ဆေးရုံကို ပို့ဆောင်ခဲ့စဉ် သေဆုံးခဲ့တာလို့ သိရပါတယ်။

ဓာတ်ပုံ မူပိုင် Zin Moe

အသက်ရှင်လျက် ကယ်တင်ခဲ့သူ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးလေးဦးကိုတော့ မော်လမြိုင်ဆေးရုံကို ပို့ထားပြီး ဒဏ်ရာပြင်းထန်သူတွေ ရှိပေမဲ့ သူတို့တွေ အခြေအနေ မစိုးရိမ်ရဘူးလို့ ယူဆထားတယ်လို့ မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့က အတွင်းရေးမှူး ကိုဇင်မိုးက ပြောပါတယ်။

"ကားနှစ်စီးက လားရာတူပေါ့၊ ခြောက်ဘီးသဲကားရယ်၊ ဘုရားဖူးကားအသေးရယ်ပေါ့၊ လားရာတူလာရင်းနဲ့ ကားအသေး မစ်ဆူဘစ်ရှီ ဟိုက်ဂျက်လေးကနေပြီးတော့ သဲကားကို ကျော်တက်တာ"

"ကျော်တက်ပြီး သူ့လမ်းကြောထဲ သူပြန်ဝင်တာပေါ့။ ပြန်ဝင်တဲ့ အချိန်မှာ သဲကားနဲ့ မလွတ်တော့ဘဲနဲ့ ဝင်တိုက်တာပေါ့"

"ဝင်တိုက်ပြီးတော့ သူ့ကို တက်ကြိတ်သလို ဖြစ်ပြီး ကားက တောက်လျှောက်ပါသွားတာ"လို့ ကားတိုက်ခဲ့ပုံကို ကိုဇင်မိုးက ပြောပြပါတယ်။

ဓာတ်ပုံ မူပိုင် Zin Moe
Image caption မော်လမြိုင်နဲ့ မုဒုံက ကယ်ဆယ်ရေးအဖွဲ့တွေ လာရောက်ကယ်ဆယ်

အဲဒီကားတိုက်မှုကို မုဒုံနဲ့ မော်လမြိုင်မြို့က လူမှုကယ်ဆယ်ရေးအဖွဲ့တွေက မီးသတ်၊ရဲ၊ကြက်ခြေနီအဖွဲ့တွေနဲ့အတူ ကူညီခဲ့ပါတယ်။

အသက်ရှင်ခဲ့သူတွေထဲမှာ ကားရှေ့ခန်းမှာ အသက်ရှင်လျက် ပိတ်မိနေတဲ့ ကလေးတစ်ဦးကို ခက်ခက်ခဲခဲ ကယ်ခဲ့ရတယ်လို့ ကိုဇင်မိုးက ပြောပါတယ်။

"ကားခေါင်းခန်းထဲမှာ ကလေးတစ်ယောက်က အသက်ရှင်လျက် ရှိနေတာကို တွေ့ရတယ်။ တွေ့ရတဲ့အခါ ကလေးကို ကယ်ထုတ်၊ဆွဲထုတ်ဖို့လုပ်တာ ကားကပိပြီး ညပ်နေတဲ့အခါကျတော့ ဒီကလေးက ဘယ်လိုမှ ထုတ်လို့မရဘူး ဖြစ်နေတယ်"

ဓာတ်ပုံ မူပိုင် Zin Moe
Image caption လူလေးဦးကို ကယ်ဆယ်ခဲ့

"ကားကို လုံးဝ ရွှေ့လို့မရဘူး။ မလို့မရဘူး။ ဒါကြောင့်မို့ ကရိန်းကားခေါ်တယ်။ အပေါ်ကားကြီးကို မတင်တဲ့ အခါကျလို့ ရှိရင်လည်း သဲကားက ဝိတ်ကြီးနေတယ်။ ကရိန်းကားက သုံးတန်ပဲ နိုင်တယ်။ မနိုင်ဘဲနဲ့ မတင်လိုက်လို့ ပြန်ပြုတ်ကျတဲ့အခါ ထပ်ပိပြီး ကလေး အသက်အန္တရာယ် ထိခိုက်မှာ စိုးရိမ်တယ်။ အဲတော့ မီးသတ်တပ်ဖွဲ့ကို အကြောင်းကြားပြီး အကူအညီတောင်းတယ်"

"မော်လမြိုင် အရန်မီးသတ်တပ်ဖွဲ့ကနေပြီးတော့ ကတ်တာတွေ ရှာဖွေကယ်ဆယ်ရေးယာဉ်နဲ့ ရောက်လာတယ်။ ရောက်တဲ့အချိန်မှာ ဒီကလေးက အသက်ရှင်နေတဲ့အတွက်ကြောင့် ကလေးကို အားပေးစကားတွေပြော၊ ကားထဲကို ခက်ခက်ခဲခဲ တိုးဝင်ပါတယ်"

ဓာတ်ပုံ မူပိုင် Zin Moe
Image caption ကားကျော်တက်ပြီး ယာဉ်ကြောထဲ ပြန်ဝင်ချိန်မှာ ကားတိုက်မှု ဖြစ်ခဲ့

"မော်လမြိုင် လူမှုကယ်ဆယ်ရေး အဖွဲ့ဝင် တစ်ယောက်ဆိုလို့ရှိရင် ကားထဲကို အလောင်းတွေကြားထဲ၊ ကားခေါင်းမှာ ညပ်နေတဲ့ အလောင်းကြားထဲ တိုးဝင်ပြီးတဲ့အခါ ကလေးကို မကြောက်ဖို့၊ မစိုးရိမ်ဖို့ အားပေးစကားပြောတယ်။ နောက်ကလေးအတွက် အောက်ဆီဂျင် တောက်လျှောက်ပေးပေးနေပါတယ်"

"အဲဒီအချိန်မှာ မီးသတ်တပ်ဖွဲ့က ကားဒီဘက်အခြမ်းကနေ ကတ်တာတွေနဲ့ ဖြတ်တောက်ပြီး ကလေးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်" လို့ ကလေးကို ကယ်ဆယ်ခဲ့ပုံကို ပြောပါတယ်။

ဒီဘုရားဖူးကားမှာ လိုက်ပါလာသူတွေဟာ ပဲခူး၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ ပြည်၊ အောင်လံတို့က ဖြစ်ပြီး ဘားအံကိုလာရင်း ဘုရားဖူးသွားတာလို့ သိရပါတယ်။

ကားတိုက်မှု ဖြစ်ချိန်မှာ ရာသီဥတု အခြေအနေက ကောင်းမွန်နေပြီး မနက်ပိုင်း ၁၀ နာရီလောက် ဖြစ်တဲ့အတွက် မြင်ကွင်းကလည်း ရှင်းရှင်းလင်းမြင်ရချိန် ဖြစ်တယ်လို့ ကယ်ဆယ်ရေးအဖွဲ့ထံက သိရပါတယ်။

ဓာတ်ပုံ မူပိုင် Zin Moe

သေဆုံးသူတွေရဲ့ အလောင်းတွေကို မုဒုံဆေးရုံကို ပို့ထားပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက သူတို့မိသားစုတွေကို ဆက်သွယ်ပေးနေတယ်လို့ သိရပါတယ်။

ဆက်စပ် အကြောင်းအရာများ