၂၀၁၉ရဲ့ ထူးခြားတဲ့ သတင်းဖြစ်ရပ် ၁၅ ခု

ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ မူပိုင် ANP/AFP/Getty Images

၂၀၁၉ ခုနှစ်ဟာ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး နဲ့ လူမှုရေးနယ်ပယ်တွေမှာ အလှုပ်အရမ်းများတဲ့ နှစ်တစ်နှစ်ဆိုတာ သတင်းတွေက ဖော်ပြနေပါတယ်။

မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ တရားစွဲခံရသလို ပြည်တွင်းမှာလည်း ရခိုင်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ ကျန်းမာရေးဘက်မှာဆိုရင် ရာသီတုပ်ကွေး H1N1 ဟာ၂၀၁၇ နောက်ပိုင်း လူအသေအပျောက် အများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သလို မွန်ပြည်နယ်မှာ လူအသေပျောက်များတဲ့ သဘာဝဘေးအန္တရာယ်တွေလည်း ရင်ဆိုင်ခဲ့ရပါတယ်။ ပညာရေးဘက်မှာဆိုရင်လည်း တက္ကသိုလ် ဆရာဆရာမတွေရဲ့ သုတေသန စာတမ်းအတု ပြဿနာတွေပေါ်လာပြီး အစိုးရက အဖွဲ့ဖွဲ့ စစ်ဆေးရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ပုဂံဒေသကို ယူနက်စကို အသိအမှတ်ပြု သတ်မှတ်ခြင်းခံရလို့ မြန်မာတွေ ဂုဏ်ယူခဲ့ကြရတာရှိခဲ့သလို၊မြန်မာနှစ်ဦး ဆိုင်ကယ် နဲ့ ရန်ကုန်ကနေ လန်ဒန်ကို ဦးတည်ပြီး ကမ္ဘာပတ်နိုင်ခဲ့တဲ့ သတင်းတွေလည်းရှိပါတယ်။

ဘီဘီစီက ဒီနှစ်ထဲ ထူးထူးခြားခြားဖြစ်ခဲ့တဲ့ သတင်းဖြစ်ရပ် ၁၅ ခု ကို စာဖတ်ပရိတ်သတ် ပြန်လည်ဖတ်ရှုနိုင်ဖို့ အတွက် ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် UN
Image caption ဂမ်ဘီယာက တရားစွဲမှု ကို ပယ်ဖျက်ပြီး ကြားဖြတ်စီရင်ခွင့် မပေးဖို့ မြန်မာဘက်က ချေပ

အိုင်စီဂျေမှာ ကိုယ်တိုင်ရင်ဆိုင်ဖြေရှင်းခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်

နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ် မြို့က အိုင်စီဂျေ တရားရုံးမှာ မြန်မာကို ဂမ်ဘီယာက လူမျိုးတုံးသတ်ဖြတ်မှု ဂျီနိုဆိုက် ကွန်ဗင်းရှင်း ချိုးဖောက်တယ်ဆိုပြီး တရားစွဲထားတာပြီး ကြားဖြတ်အစီအမံ ချမှတ်ပေးဖို့ တောင်းဆိုတာကို ဒီဇင်ဘာလအတွင်း ၃ ရက်တာ ကြားနာခဲ့ရာမှာ မြန်မာနိုင်ငံဘက်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး သွားရောက် ဖြေရှင်းခဲ့ပါတယ်။

တပ်မတော် ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အရပ်သား အစိုးရ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူ ဖြေရှင်းခဲ့တာက မြန်မာ့နိုင်ငံရေးနဲ့ ရင်ကြားစေ့ရေးအတွက် သက်ရောက်မှုတွေရှိနိုင်တယ်လို့ သုံးသပ်ဝေဖန်မှုတွေ ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ တပ်မတော်ဟာ ရာဇဝတ်မှုတွေ မကျူးလွန်ဘူးလို့ပြောတဲ့ အထိတော့ မရောက်ပေမယ့် ဒါဟာ ဂျီနိုဆိုက် မဟုတ်ဘူး အထူးသဖြင့် မျိုးတုံးသတ်ဖြတ်မှု ရည်ရွယ်ချက် မရှိဘူးဆိုတာ ပြောသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိုင်စီဂျေခရီးကို ထောက်ခံပွဲတွေ မြန်မာနိုင်ငံ မြို့ကြီးတွေမှာ ကျင်းပကြပေမယ့် နိုင်ငံတကာကတော့ စစ်ရာဇဝတ်မှု အတွက် စစ်ခေါင်းဆောင်တွေကို အကာကွယ်ပေးတယ်ဆိုပြီး ဝေဖန်ကြပါတယ်။

အတိုက်အခံ ကြံခိုင်ရေးပါတီ က အိုင်စီဂျေ အရေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံခဲ့တဲ့ အပေါ် မှာ မဟာမိတ်ပါတီတွေက ဝေဖန်မှုတွေရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲတွေ အများကြီးဖြစ်လာခဲ့ပြီး ဒီလိုမျိုး နိုင်ငံရေး အကျိုးအမြတ် ထွက်နိုင်တယ် ယူဆလို့ ဦးဆောင်မှုကို ယူသွားတယ်ဆိုပြီး စွပ်စွဲမှုတွေရှိပါတယ်။ ရွေးကောက်ပွဲ မတိုင်မီ အခုလို အိုင်စီဂျေ အရေးကို ဦဆောင်တာဟာ ပြည်တွင်း နိုင်ငံရေး သြဇာပိုကြီးလာတယ်လို့ မြန်မာ့ အရေးလေ့လာသူ စာရေးဆရာကျော်ဝင်းက ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့ ဂျီနိုဆိုက်စွပ်စွဲချက်နဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး အိုင်စီဂျေမှာ ဂမ်ဘီယာနိုင်ငံက နိုဝင်ဘာလအတွင်း အမှုဖွင့်ခဲ့ပါတယ်။

ဒါဟာ အိုင်စီဂျေသမိုင်းမှာ ဂျီနိုဆိုက် စွပ်စွဲချက်နဲ့ ၃ ခုမြောက် အမှုဖွင့်ခံရတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ၃၈၀၀ သော ဘုရားအဆူဆူ ရှိပြီး အမွေအနှစ်တွေရှိတယ်လို့ ဖော်ပြပြီး လျှောက်ခဲ့တာပါ။

ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်လာတဲ့ပုဂံ

မြန်မာ့ရှေးဟောင်းယဉ်ကျေးမှု နယ်မြေက ပုဂံဒေသဟာ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်း အဖြစ်၂၀၁၉ ခုနှစ် ဇူလိုင်လ ၆ရက်က သတ်မှတ်ခံခဲ့ရပါတယ်။

အဇာဘိုင်ဂျန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ယူနက်စကို ကမ္ဘာ့အမွေအနှစ် ကော်မတီ အစည်းအဝေးမှာ ပုဂံဒေသကို အခုလို သတ်မှတ်ခဲ့တာပါ။

၂၀၁၄ တုန်းက ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူမြို့ဟောင်းသုံးမြို့ ယူနက်စကို စာရင်းဝင်ခဲ့ပြီးနောက်ပိုင်း ပုဂံဟာ မြန်မာနိုင်ငံရဲ့ ဒုတိယမြောက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့တာ ဖြစ်ပါတယ်။

ဇူလိုင်လမှာ နိုင်ငံတကာ အထိမ်းအမှတ် အဆောက်အအုံနှင့် နေရာဒေသများကောင်စီက ပုဂံကို အချိန်ယူ လေ့လာ စစ်ဆေးပြီး အတည်ပြုခဲ့တာဖြစ်ပါတယ်။

ယူနက်စကို ကမ္ဘာ့ ယဉ်ကျေးမှု ကော်မတီဝင် ၂၁ နိုင်ငံက ပုဂံကို ကမ္ဘာအမွေအနှစ်စာရင်း ထည့်သွင်းဖို့ အတွက် ကန့်ကွက်မှု မရှိဘဲ အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ် ။

ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်ဖြစ်ဖို့ ပုဂံဒေသ တစ်ခုလုံးကို လျှောက်ခဲ့တာဖြစ်ပြီး ဘုရားတစ်ဆူချင်းစီ ခွဲလျှောက်တာ မဟုတ်ဘူးလို့ ရှေးဟောင်း ယဉ်ကျေးမှုနဲ့ သုတေသန ဦးစီးဌာန အမွေအနှစ် ထိန်းသိမ်းသူ နိုင်ငံတကာ ညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာမျိုးက ပြောပါတယ်။

"ဘုရားတွေအကုန်ပေါင်းပြီး ဒီနေရာမှာ ၃၈၀၀ သော ဘုရား အဆူဆူရှိပြီး အမွေအနှစ်တွေရှိတယ်လို့ ဖော်ပြပြီး လျှောက်ခဲ့တာပါ"လို့ သူက ရှင်းပြခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် MPA
Image caption သဲဖြူကုန်း မြေပြိုမှုဖြစ်စဉ် ဟာ လူ ၇၂ ဦး သေဆုံး

မလတ်တောင်မြေပြိုမှု

မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာက မလတ်တောင် မြေပြိုမှုဟာ၂၀၁၉ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် အသေအပျောက်များတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။

နိုဝင်ဘာလ ၂၂ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာတော့ ပေါင်မြို့နယ် အမတ် မိကွန်ချမ်းက သဲဖြူကုန်း မြေပြိုမှုဖြစ်စေခဲ့တဲ့ အကြောင်းအရင်း ဖော်ထုတ်ဖို့ မေးခွန်းမေးခဲ့ပါတယ်။

ဩဂုတ် ၉ ရက် မှာ ဖြစ်ပွားခဲ့တဲ့ သဲဖြူကုန်း မြေပြိုမှုဖြစ်စဉ်ဟာ လူ ၇၂ ဦး သေဆုံးပြီး ၂၈ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တာပါ။

လူ့ပယောဂကြောင့် ပါဝင်ပတ်သက်မှု အနည်းငယ်သာရှိတယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက လွှတ်တော်မှာ ပြန်လည်ဖြေကြားခဲ့ပါတယ်။

မုဒုံမြိုခံတစ်ဦးကတော့ မလတ်တောင်မြေပြိုမှုဟာ လူလုပ်တဲ့ ပယောဂဖြစ်ပြီး တောင်ကို အောက်ခြေကဝိုက် ပြီး အဆောက်အအုံတွေ ဆောက်တာနဲ့ ဆက်စပ်တယ်လို့ သူ့အမြင်ကို ပြောပါတယ် ။

လွှတ်တော်မှာ ဒုဝန်ကြီးဖြေကြားချက်ကို မွန်ပြည်နယ်မှာ နေထိုင်သူတွေက အားမရဘဲ လူ့ပယောဂမပါဝင်ဘဲ တောင်က အလိုလိုမပြိုနိုင်ကြောင်းလည်း သုံးသပ်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် MPA
Image caption ဂုတ်တွင်းတံတားကို မိုင်းနဲ့ ဖောက်ခွဲခဲ့

တပ်မတော်နည်း ပညာတက္ကသိုလ်အပါအဝင် ရှမ်းမြောက်ပိုင်းမြို့တွေတိုက်ခိုက်ခံရမှု

မန္တလေးတိုင်း၊ ပြင်ဦးလွင်က တပ်မတော်နည်း ပညာတက္ကသိုလ်အပါအဝင် နေရာ ၂နေရာ၊ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်အတွင်းက နေရာ ၃နေရာနဲ့ စုစုပေါင်း ၅နေရာကို သြဂုတ်လ ၁၅ရက် မနက် ၅နာရီက မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့ပါတယ်။

ပြင်ဦးလွင်က တပ်မတော် နည်းပညာတက္ကသိုလ်ကို ရှော့ခ်တိုက် ဒုံးနဲ့ တိုက်ခံရတာပါ။ နောင်ချိုမြို့နယ်ထဲက လော့ပန်ရွာ၊ တိုးဂိတ်နဲ့ တိုးဂိတ်တံတားအထက်နေရာတွေနဲ့ ဂုတ်တွင်းတံတားပါ ဖျက်ဆီးခံခဲ့ရပါတယ်။

အဲဒီနေရာတွေကို မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ ရက္ခိုင့်တပ်မတော် (AA)၊ မြန်မာအမျိုးသား ဒီမိုကရက် တစ်မဟာမိတ်တပ်ဖွဲ့ (MNDAA) နဲ့ ပလောင်လွတ်လပ်ရေးတပ် (TNLA) တို့ကပူးပေါင်း တိုက်ခိုက်ခဲ့တာလို့လည်း သတင်းထုတ်ပြန်ခဲ့ပါတယ်၊

တပ်မတော်က သတင်းထုတ်ပြန်ခဲ့ရာမှာတော့ အဲဒီတိုက်ခိုက်မှုတွေမှာ တပ်မတော်အရာရှိ၊စစ်သည် ကိုးဦး၊ ရဲတပ်ဖွဲဝင် သုံးဦး၊ အရပ်သား နှစ်ဦး စုစုပေါင်း ၁၄ ဦး သေဆုံးခဲ့ကြောင်း၊ တပ်မတော်သား တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ ရဲတပ်ဖွဲ့ဝင် လေးဦး ပျောက်ဆုံးနေကြောင်း ပါရှိပါတယ်။

ဂုတ်တွင်းတံတား မိုင်းထောင် ဖျက်ဆီးခံရတာကြောင့် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကြီး ၅ ရက်လောက် ပြတ်တောက်သွားခဲ့ပါတယ်။

ဒီလို နည်းပညာတ္ကသိုလ် အပါအဝင် ပြင်ဦးလွင် နဲ့ ရှမ်းမြောက်က မြို့တချို့ မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေ တိုက်ခိုက်ခံရတာဟာ လုံခြုံရေးစနစ် ကျိုးပေါက်တာကြောင့်ဖြစ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို အစိုးရက ပြည်ထဲရေးလက်အောက်ကနေ လွှဲယူခဲ့တာ အပါအဝင်၊ ဧည့်စာရင်းတိုင်တဲ့စနစ်ကို ဖျက်သိမ်းလိုက်တာတွေဟာ လုံခြုံရေး စနစ်ကျိုးပေါက်တာကို ဖြစ်စေတယ်လို့ မြန်မာအရေးလေ့လာသူ ဒေါက်တာအောင်မျိုးက ပြောပါတယ်။

ရှမ်းမြောက်တိုက်ပွဲတွေ နှစ်ကုန်ပိုင်းမှာ ပြန်လည်ငြိမ်သက်သွားပေမယ့် ကျောက်မဲ နဲ့ နောင်ချိုမြို့ အနီးတစ်ဝိုက်တွေကို ဒီဇင်ဘာလထဲမှာ ဝင်ရောက်ပစ်ခတ်မှုတွေရှိပြီး လူသေဆုံးမှုတွေရှိတယ်လို့ နောင်ချိုမြို့ခံ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Ko ko
Image caption သုတေသနစာတမ်းစစ်ဆေးမှု အဖွဲ့

ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွေက စာတမ်းအတုပြဿနာ

မြန်မာနိုင်ငံ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွေက ဆရာ၊ ဆရာမ တွေ ၂၀၁၉ ခုနှစ် ထဲမှာ တင်သွင်းခဲ့တဲ့ သုတေသန စာတမ်း ၂၀,၀၀၀ နီးပါး ကို နေပြည်တော် ပညာရေးဝန်ကြီးဌာန မှာ ဘာသာရပ်အသီးသီးက ဆရာ၊ ဆရာမ အင်အား ၅၀၀ ကျော်နဲ့ အောက်တိုဘာလအတွင်းက စစ်ဆေးခဲ့ရာမှာ စာတမ်းအတု ၁၀၀၀ ကျော် စိစစ်တွေ့ရှိခဲ့ပါတယ်။

တစ်ဦးတည်းကို သုတေသန စာတမ်း အတု ၂၀ ကျော်အထိ တင်ထားတာတွေ တွေ့ခဲ့ရတယ်လို့လည်း သုတေသနစာတမ်း စစ်ဆေးမှု အဖွဲ့ဝင်တွေက ပြောပါတယ်။

နေပြည်တော် ပညာရေးဝန်ကြီးဌာနမှာ တက္ကသိုလ် ဘာသာရပ်အသီးသီးက ဆရာ၊ ဆရာမ အင်အား ၅၀၀ ကျော်နဲ့ရာထူးတိုးပြောင်းမှုအတွက် သုတေသနစာတမ်းစစ်ဆေးမှုတွေကို အောက်တိုဘာ၂၄ ရက်မှာ စတင် စစ်ဆေးခဲ့တာလည်း ဖြစ်ပါတယ်။

စာတမ်းအတုတွေ အများဆုံးတွေ့ရတဲ့ ဘာသာရပ်ကတော့ သိပ္ပံ ဘာသာရပ်တွေ ဖြစ်ပြီး အိန္ဒိယဘက်က ဝယ်တာတွေ အများဆုံး တွေ့ရတယ်လို့လည်း သုတေသနစာတမ်း စစ်ဆေးမှု အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းနိုင်က ပြောခဲ့ပါတယ်။

အဲဒီ သုတေသနစာတမ်းတွေ တချို့ဟာ ဖြတ်ညှပ် ကပ် လုပ်ထားတာ၊ ပြန်ကူးထားတာတွေပါပြီး သက်ဆိုင်ရာ ဝက်ဆိုဒ်တွေမှာ ကျွမ်းကျင်သူတွေနဲ့ စစ်ဆေးပြီးတွေ့ရှိခဲ့တာ ဖြစ်တယ်လို့လည်း သုတေသနစာတမ်း စစ်ဆေးမှု အဖွဲ့ ဝင်တွေက ပြောပါတယ် ။

တချို့ဟာတွေက အတုတော့ မဟုတ်ဘူး ပိုက်ဆံပေးရင် နိုင်ငံတကာ သုတေသနဂျာနယ်မှာ ထည့်ပေးတာမျိုး လုပ်တာလည်းရှိတယ်လို့ ပြည်တက္ကသိုလ်က ကထိက ဆရာမ တစ်ဦးက ပြောပါတယ် ။

နိုင်ငံခြား သုတေသနစာတမ်း အတုတစ်စောင်ကို ၂၅ ဒေါ်လာ ကနေ ဒေါ်လာ ၅၀ ထိ ဝယ်ယူပြီး ရာထူးတိုးလျှောက်လွှာနဲ့အတူ တင်ကြတာကို စိစစ်ရေးအဖွဲ့က စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

တက္ကသိုလ်ဆရာ၊ ဆရာမတွေရဲ့ ရာထူးတိုးဖို့အတွက်ကို လုပ်သက်ရယ်၊ သုတေသနစာတမ်း ရယ် ပေါင်းပြီး ကြီးစဉ်ငယ်လိုက်စီပြီးတော့ ရာထူးတိုးပေးတာကို ပညာရေးဝန်ကြီးဌာနက ၂၀၁၈ က စတင်ခဲ့တာဖြစ်ပြီး စာတမ်းအတုတွေကို အခုလို စစ်ဆေးတွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

အခုလို စာတမ်းအတုပြဿနာတွေ စစ်ဆေးတွေ့ရှိခဲ့ပေမယ့် စာတမ်းတွေနဲ့ ရာထူးတိုးခဲ့သူတွေကို တစ်စုံတစ်ရာ အရေးယူတာမျိုးမတွေ့ရဘူးလို့ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်က ဆရာမ တစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် SHWE INTHAR KHING MG WIN
Image caption လွတ်မြောက်လာတဲ့ သတင်းထောက် ၂ ဦးကို အင်းစိန်အကျဉ်းထောင်ရှေ့မှာ မြင်ရစဉ်

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာကြတဲ့ထဲမှာ ရိုက်တာသတင်းထောက် နှစ်ဦး

နိုင်ငံတော်သမ္မတရဲ့ အမိန့်နဲ့ အကျဉ်းသား ခြောက်ထောင့်ငါးရာကျော် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာကြတဲ့ထဲမှာ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့လည်း ပါလာခဲ့ပါတယ်။

ရခိုင်ပြည်နယ် အင်းဒင်ရွာမှာ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက ကျူးလွန်ခဲ့တဲ့ လူသတ်မှု သတင်းကို ဖော်ထုတ်ရေးသားဖို့ ကြိုးစားရင်းသူတို့ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ သူတို့ နှစ်ဦးကို နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ တရားရုံးက ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခဲ့တာပါ။

အင်းစိန်ထောင်က လွတ်မြောက်လာတဲ့ ကိုကျော်စိုးဦးက သတင်းသမားအလုပ်ကို ဆက်လုပ်သွားမယ်လို့ ဘီဘီစီကို ပြောခဲ့ပါတယ်။

ဒါပေမယ့် သူတို့သတင်းတွေ ပြန်လည်ရေးသားတာနဲ့ ပြည်တွင်းမှာသတင်းယူတဲ့အခါမှာ သူတို့ကို မတွေ့ရကြောင်း ရန်ကုန် အခြေစိုက် နိုင်ငံခြား သတင်းထောက်တစ်ဦးက ပြောပါတယ်။

သတင်းထောက် နှစ်ဦးလုံးဟာ ရခိုင်ပြည်မြောက်ပိုင်း အင်းဒင်လူသတ်မှုအကြောင်း စုံစမ်းဖော်ထုတ်ရေးသားဖို့ ကြိုးစားနေစဉ် ၂၀၁၇ ဒီဇင်ဘာလ ၁၂ ရက်နေ့က မင်္ဂလာဒုံမြို့နယ်မှာ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

သူတို့တွေကို နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေနဲ့ မြောက်ပိုင်းခရိုင် တရားရုံးမှာ ကြားနာစစ်ဆေးခဲ့ပြီးတဲ့နောက် ပြစ်မှုထင်ရှားတယ်ဆိုပြီးတော့ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့မှာ နှစ်ဦးလုံးကို ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခဲ့ပါတယ်။

ဒီသတင်းထောက် နှစ်ဦးလုံးဟာ သတင်းစာလောကမှာ အထင်ရှားဆုံးဆုတစ်ခုဖြစ်တဲ့ ပူလစ်ဇာဆု ချီးမြင့်ခြင်း ခံခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် SENIOR GENERAL MIN AUNG HLAING
Image caption မြန်မာ့တပ်မတော်က ရေငုပ်သင်္ဘော မကြာမီ အချိန်အတွင်းမှာပဲ တပ်တော်ဝင်ဖို့ ရှိပါတယ်။

မြန်မာ့ပထမဆုံးရေငုပ်သင်္ဘော

အိန္ဒိယက မြန်မာနိုင်ငံကို လက်လွှဲပေးတဲ့ ရေငုပ်သင်္ဘောကို တပ်တော်ဝင်ဖို့ပြင်နေပြီလို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

ဒါဟာ မြန်မာနိုင်ငံအတွက်တော့ ပထမဆုံး ရေငုပ်သင်္ဘော ဖြစ်ပါတယ်။

အခုလို မြန်မာက ရေငုပ်သင်္ဘောပိုင်ဆိုင်တာဟာ ဒေသတွင်း အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနိုင်ငံတို့နောက်မှ ပိုင်ဆိုင်တာ ဖြစ်ပါတယ်။

အခုလို ပိုင်ဆိုင်ဖို့အတွက်ကို တပ်မတော်က ၁၀စုနှစ်တစ်ခုလောက် ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တာလို့လည်း တပ်မတော် သတင်းမှန် ပြန် ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒီရေငုပ်သင်္ဘော အမည်ကို အောင်ဆန်းလို့ အမည်ပေးထားတယ် ဆိုတာနဲ့ ပတ်သက်လို့ တပ်တော်ဝင်မှပဲ ထုတ်ပြောဖို့ ရှိတယ်လို့လည်း သူပ ပြောပါတယ်။

ရေငုပ်သင်္ဘောအတွက် လေ့ကျင့်ရေးကို အိန္ဒိယကနေပဲရယူထားတာ ဖြစ်ပေမယ့် ဝယ်ယူတဲ့ အမျိုးအစားက ရုရှားထုတ် အမျိုးအစား ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ဝယ်ယူခဲ့တဲ့ ရေငုပ်သင်္ဘောတန်ဖိုး အတိအကျကို တပ်မတော်က ထုတ်ပြန်မပြောဆိုနိုင်ပေမယ့် မူလရုရှားထုတ် 877EKM Kilo Class ဒီဇယ် - လျှပ်စစ် သုံးတိုက်ခိုက်ရေး ရေငုပ်သင်္ဘောတွေက အမေရိကန်ဒေါ်လာ ၁၃၈ သန်းဝန်းကျင်မှာရှိတယ်လို့ သေနင်္ဂဗျူဟာအဖွဲ့ထံက သိရပါတယ်။

ဓာတ်ပုံ မူပိုင် SIT THWAY KYAW
Image caption မန္တလေးလေဆိပ်မှာ အရေးပေါ်ဆင်းသက်ခဲ့

ရှေ့ဘီးမကျလို့ အရေးပေါ် ရှပ်ပြေး ဆင်းသက်ခဲ့ရတဲ့ မြန်မာအမျိုးသား လေကြောင်းလိုင်း MNA ပိုင် လေယာဉ်

ရန်ကုန်ကနေ ပျံသန်းလာတဲ့ မြန်မာအမျိုးသား လေကြောင်းလိုင်း MNA ပိုင် လေယာဉ် တစ်စင်း မေလ ၁၂ ရက်နေ့ မနက် မန္တလေး တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အဆင်းမှာ ရှေ့ဘီးမကျလို့ လေကြောင်းထိန်းမျှော်စင်နဲ့ ဆက်သွယ်ပြီး ဝမ်းဗိုက်နဲ့ အရေးပေါ် ရှပ်ပြေး ဆင်းသက်ခဲ့ရပါတယ်။

လေယာဉ်မှူး အပါအဝင် လေယာဉ် ဝန်ထမ်း ၇ ယောက်နဲ့ ခရီးသည် ၈၂ ယောက်တို့ လိုက်ပါလာကြပြီး တချို့ အနည်းပါး ထိခိုက်မိတာကလွဲလို့ အားလုံး အန္တရာယ် ကင်းခဲ့ကြပါတယ်။

မန္တလေး လေဆိပ်ကိုလေယာဉ် ဆင်းသက်ချိန် လေယာဉ်ဘီးချရာမှာ Nose Landing Gear မကျတဲ့ အတွက် ဆီကုန်ခါနီးတဲ့အထိ လေယာဉ်ကို ၂ ကြိမ် ပတ် ပျံသန်းပြီးမှ လေကြောင်းထိန်း မျှော်စင်နဲ့ ဆက်သွယ်ပြီး အရေးပေါ် ရှပ်ပြေး ဆင်းသက်ခဲ့ရတယ်လို့ MNA လေကြောင်းလိုင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

လေယာဉ်ရပ်တန့်တဲ့ အခါမှာလည်း ဦးစိုက်အနေအထားနဲ့ ရပ်တန့်ခဲ့ရတာ ဖြစ်ပါတယ်။

လေယာဉ် အရေးပေါ် ဆင်းသက်ချိန်မှာ လေယာဉ်ဝမ်းဗိုက်နဲ့ ပွတ်တိုက်ပြီး မီးတောက် ထွက်ရာကနေ မီးလောင်မှု မဖြစ်အောင် မီးသတ်ကားတွေနဲ့ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့က စောင့်ဆိုင်းပြီး အခြားလေယာဉ်တွေ အဆင်းအတက်ကို ခေတ္တ ပိတ်ထား ခဲ့ရပါတယ်။

ဒီလေယာဉ် ဆင်းသက်နိုင်ခဲ့မှုမှာ လေယာဉ်မှူး မြတ်မိုးအောင်ကို နိုင်ငံတကာကပါ ချီးကျူးခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် MOTOURGE
Image caption ဇူလိုင်၁၉မှာ ပိုလန် နယ်စပ် ရောက်

ဆိုင်ကယ်စီး စွန့်စား ကမ္ဘာလှည့်သူမြန်မာ ၂ဦး

ကမ္ဘာ့နိုင်ငံပေါင်း ၄၅ နိုင်ငံကို ဆိုင်ကယ်နဲ့ ၆ လကြာ ခရီးနှင်ထွက်ခွာသွားခဲ့ကြတဲ့ မြန်မာ နှစ်ဦး ဖြစ်ကြတဲ့ စိုင်းဇွမ်ဖ နဲ့ ကိုအောင်ကျော်ဝင်းတို့ နိုဝင်ဘာလ ၃၀ ရက်နေ့ ည ၇ နာရီမှာ သူတို့ စတင်ထွက်ခွာခဲ့တဲ့ ရွှေတိဂုံဘုရား အနောက်ဘက်မုခ် ပြည်သူ့ရင်ပြင် ရှေ့ကို ပြန်လည် ရောက်ရှိ ခဲ့ကြပါတယ်။

သူတို့ နှစ်ဦးက Motourlogue အဖွဲ့ရဲ့ ဆိုင်ကယ်စီး စွန့်စား ကမ္ဘာ လှည့်ခရီးကို ရန်ကုန်ကနေပြီး မေ လ ၂၆ ရက်နေ့က ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။

ဘီအမ်ဒဘလျု ဆိုင်ကယ်တွေနဲ့ ကမ္ဘာပတ်မယ့်ဒီလူငယ်တွေခရီးဟာ လွန်ခဲ့တဲ့ နှစ်၆၀ ကျော်က ဆိုင်ကယ်စီးပြီး ကမ္ဘာပတ်ခဲ့တဲ့ ကမ္ဘာလှည့် ဒေါ်တင်တင်စိန် အပြီးမှာ တကျော့ပြန် ကြိုးစားတဲ့ ခရီးလို့ ပြောနိုင်ပါတယ်။

အသွားခရီးကို ထိုင်း၊လာအိုဘက် ကနေထွက်တာ ဖြစ်ပြီးတော့ အပြန်ကို အိန္ဒိယဘက် ကနေ တမူး၊ကလေး ဘက်ကနေ ပြန်ဝင် လာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ သားနှစ်ယောက် ဆိုင်ကယ်နဲ့ အာရှ ဥရောပနိုင်ငံတွေ ကတစ်ဆင့် ကမ္ဘာပတ်တဲ့ ခရီးစဉ် ဟာ နှစ်ပေါင်း ၆၀ ကျော် အတွင်းပထမဆုံးဖြစ်ပါတယ်။

Image caption ကလေးငယ်နာမည်ကို ထုတ်ပြောခဲ့လို့ တာဝန်ရှိတဲ့ ရဲအရာရှိတွေ နုတ်ထွက်ပေးဖို့ လူထောင်ချီ ဆန္ဒပြခဲ့

လူတွေဝေဖန်တာခံရတဲ့ ဗစ်တိုးရီးယားအမှုရဲတပ်ဖွဲ့ သတင်းစာရှင်းလင်းပွဲ

နေပြည်တော် Wisdom Hill မူကြိုကျောင်းက အသက်သုံးနှစ် မပြည့်သေးတဲ့ ကလေးငယ် လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံရတဲ့ ဗစ်တိုးရီးယားအမှု ရဲတပ်ဖွဲ့ သတင်းစာ ရှင်းလင်းပွဲ နှစ်ခု လုပ်ခဲ့ပြီး နှစ်ခုစလုံးဟာ အကြီးအကျယ် ဝေဖန်ခံခဲ့ရပါတယ်။

စွပ်စွဲခံရသူ ကိုအောင်ကြီးကို တရားရုံးက တရားရှင် ပြန်လွှတ်ပေးလိုက်ပြီးနောက် ဒီဇင်ဘာ ၁၉ ရက်မှာ ရဲတပ်ဖွဲ့က သတင်းစာ ရှင်းလင်းစဉ် ကလေးငယ် နာမည်ကို ထုတ်ပြောခဲ့လို့ တာဝန်ရှိတဲ့ ရဲအရာရှိတွေ နုတ်ထွက်ပေးဖို့ ရန်ကုန်မှာ လူထောင်ချီ ဆန္ဒပြခဲ့ကြပါတယ် ။

ဗစ်တိုးရီးယားအမှု ရုံးချိန်း မစမီ ဇူလိုင်၅ ရက် သတင်းစာ ရှင်းလင်းပွဲမှာလည်း ဒုရဲချုပ် အောင်နိုင်သူက အောင်ကြီးဟာ သူ့လက်ကိုယ်သူ နမ်းနေတာကို စီစီတီဗီ ကင်မရာထဲမှာ တွေ့ခဲ့ရတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ဒုရဲချုပ် အောင်နိုင်သူက သူ့ရဲ့ မှန်းဆတွေးတောချက်ကိုလည်း သတင်းစာရှင်းလင်းပွဲမှာ

"ကလေးက ပြောနေတာ သူလက်နဲ့ လုပ်ပါတယ်လို့ ပြောနေတာ။ အဲသလိုဆိုရင် ဘာပြုလို့ sperm (သုက်ပိုး) ရှိနေတာလဲလို့ ခင်ဗျားတို့ မေးမှာပေါ့။ သူလည်း ဒီလိုစိတ်များရှိနေခဲ့ရင် ဒီထဲမှာ နှိုက်ထားမယ်လို့ (ပေါင်ကြားကို ညွှန်ပြရင်းပြော)ကျွန်တော်တို့ သုံးသပ်ရပါတယ်။ နှိုက်ထားပြီးတော့မှ ကလေးကို နှိုက်လိုက်ရင်တော့ ဒီ sperm ဟာ ပါသွားနိုင်ပါတယ် "လို့ ပြောခဲ့ပါတယ်။

ဒီစကားဟာ လူတွေ ကြားမှာ လက်ကနေ သုတ်ထွက်တယ်ဆိုပြီး ပြောဆို ဝေဖန်စရာ ဖြစ်ခဲ့ပါတယ် ။

ရဲတပ်ဖွဲ့ရဲ့ လုပ်ဆောင်မှုနဲ့ ရှင်းလင်းမှုတွေ အပေါ်မှာ လူတွေက အားမလို အားမရ ဖြစ်ပြီးဝေဖန်မှုတွေရှိပါတယ် ။

ရဲတပ်ဖွဲ့ကို ဖခင်ဖြစ်သူက တရားစွဲမယ်လို့လည်း ပြောထားပါတယ်။

ဓာတ်ပုံ မူပိုင် RAY THEIN
Image caption အိုင်စီဂျေသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲ လုပ်ဖို့စီစဉ်လို့ ဦးရဲသိန်းကို ဖမ်းတာလို့ အေအေက ပြော

ရက္ခိုင့်တပ်တော် အေအေ အဖွဲ့ ဖမ်းဆီးမှုများ

ရက္ခိုင့်တပ်တော်လို့ခေါ်တဲ့ အေအေအဖွဲ့ဟာ ၂၀၁၉ ခုနှစ်အတွင်း အစိုးရဝန်ထမ်း၊ အရပ်သား၊ လွှတ်တော် ကိုယ်စားလှယ် နဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် မြို့နယ်ပါတီဥက္ကဋ္ဌ တို့ကို ဖမ်းဆီးတာတွေ ရှိခဲ့ပါတယ်။

ဘူးသီးတောင် နဲ့ စစ်တွေ ပြေးဆွဲတဲ့ရွှေနဒီ အမြန်ရေယာဉ် ကို အောက်တိုဘာလ ၂၉ ရက်က စတင်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဖမ်းဆီးသွားသူတွေကို ကယ်တင်ဖို့ တပ်မတော်ဘက်က လိုက်လံတိုက်ခိုက်စဉ်မှာ ဓားစာခံ တချို့သေဆုံးခဲ့ပါတယ်။

ပလက်ဝက လွှတ်တော်ကိုယ်စားလှယ်ဦးဝှေ့တင်းကို တော့ တပ်မတော် သတင်းပေးလို့ ဖမ်းထားတာလို့ လည်း အေအေက ပြောပါတယ်။

ဦးဝှေ့တင်းကို ဖမ်းဆီးတုန်းက ပလက်ဝစီမံကိန်းကို လာတဲ့အိန္ဒိယနိုင်ငံ သားတချို့ကိုပါ ဖမ်းဆီးခဲ့ပြီး အဲဒီထဲကတစ်ဦးဟာ နှလုံးရောဂါနဲ့ သေဆုံးခဲ့ပါတယ်။

အေအေအဖွဲ့ဟာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း အပါအဝင် ဒေသခံ ၁၃ ဦးကို ဖမ်းဆီးထိမ်းသိမ်းထားတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ပြောပါတယ်။

ချင်းပြည်နယ် အစိုးရအဖွဲ့ကတော့ အေအေ အဖွဲ့ကဖမ်းဆီးထားတဲ့ ချင်းပြည်သူ ၈၂ ဦး ရှိနေကြောင်း ထုတ်ဖော်ပြောဆို ထားပါတယ်။

ဘူးသီးတောင် အန်အယ်လ်ဒီပါတီဥက္ကဋ္ဌ ဦးရဲသိန်းဟာလည်း အေအေဖမ်းဆီးထားစဉ် တပ်မတော်က ပစ်တဲ့ လက်နက်ကြီးထိမှန်လို့ သေဆုံးသွားတယ်ဆိုပြီး ဒီဇင်ဘာ၂၅ရက်မှာ အေအေက ထုတ်ပြန်ခဲ့ပါတယ် ။

ဘူးသီးတောင်မြို့ကနေ တောင်ဘဇာကို ခရီးသည်တင် စက်လှေနဲ့ သွားတဲ့ လဝက အရာရှိတွေကို ဒီဇင်ဘာ ၂၄ ရက်မှာ အေအေက ဖမ်းသွားတယ်လို့ အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အေအေနဲ့ပတ်သက်တယ်ဆိုပြီး မတရားဖမ်းထားသူတွေနဲ့ သုံ့ပန်း လဲလှယ်ဖို့ အေအေက အစိုးရကို ကမ်းလှမ်းတာရှိပေမယ့် အစိုးရက တော့ လက်မခံခဲ့ပါဘူး။

မြန်မာအစိုးရဘက်ကလည်း အေအေ နဲ့ပတ်သက်သူတွေဆိုပြီး အေအေ စစ်ဦးစီးချုပ်ဆွေမျိုးတွေကို ဖမ်းဆီး တရားစွဲဆိုတာတွေ ရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption လူနေထူထပ်တဲ့ ရန်ကုန်တိုင်းမှာ သေဆုံးသူ အများဆုံးဖြစ်ပြီး ၆၈ ဦးအထိ ရှိခဲ့

၂၀၁၉မှာသေဆုံးမှုစံချိန်တင်တဲ့ ရာသီတုပ်ကွေး H1N1

ရာသီတုပ်ကွေး H1N1 ရောဂါကြောင့် ၂၀၁၉ ခုနှစ် အစောပိုင်းကစလို့ အောက်တိုဘာလအထိ သေဆုံးသူ ၁၁၈ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

သေဆုံးသူတွေဟာ ရန်ကုန်တိုင်းထဲက အများဆုံးဖြစ်ပြီး ၆၈ ဦးအထိ ရှိခဲ့ပါတယ်။ ဒါ့အပြင် ဧရာဝတီ၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ မွန်၊ ကချင်၊ ရခိုင် စတဲ့ တိုင်းနယ်ပြည်နယ်တွေထဲမှာလည်း သေဆုံးသူတွေ ရှိခဲ့ပါတယ်။

H1N1 ကြောင့် သေဆုံးမှုတွေ ဆက်ရှိနေတဲ့အပေါ် ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကတော့ "ရောဂါပိုးကြောင့် သေဆုံးသူ အရေအတွက်က ဒီလောက်မများပါဘူး။ နာတာရှည်ရောဂါလို ရောဂါအခံရှိနေတဲ့ အသက်အရွယ် ကြီးရင့်သူနဲ့ ကလေးငယ်တွေ သေဆုံးတာ များနေတာပါ။ ဒါဟာ ကပ်ရောဂါအနေနဲ့ ကြေညာရမယ့် အနေအထား မရောက်သေးပါဘူး" လို့ ဘီဘီစီကို ပြောခဲ့ပါတယ်။

ရောဂါဖြစ်ပွားတဲ့ ၈ လကျော်ကြာကာလအတွင်း သံသယလူနာ ၁၂၅၄ ဦးကို ဆေးစစ်ခဲ့ရာမှာ လူနာ ၇၂၃ ဦးမှာ H1N1 ပိုးတွေ့ခဲ့ရတယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။

သေဆုံးသူအရေအတွက်ဟာ ဇူလိုင်လအတွင်း အများဆုံးဖြစ်ခဲ့ပြီး ပိုးကြောင့် ၅၇ ဦး သေဆုံးခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာ H1N1ရောဂါကြောင့် ၂၀၁၇ ခုနှစ်မှာ သေဆုံးသူ ၃၈ ဦးရှိခဲ့ပြီး၂၀၁၈ခုနှစ်မှာ ရောဂါ ဖြစ်ပွားသူ ၁၀၀ ကျော်ရှိခဲ့ပေမဲ့ လူသေဆုံးမှု မရှိခဲ့ဘူးလို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

Image caption မြန်မာ ယူနီကုဒ် စံစနစ် ကူးပြောင်း အသုံးပြုတဲ့ အခမ်းအနားကို နေပြည်တော်မှာကျင်းပ

မြန်မာ ယူနီကုဒ်စနစ်ပြောင်းလဲမှု

အောက်တိုဘာ ၁ ရက် ကနေစပြီး နိုင်ငံတဝန်းလုံး မြန်မာ ယူနီကုဒ်စနစ်ကို ပြောင်းသုံးဖို့ အစိုးရက တိုက်တွန်းပြီး မိုဘိုင်းဖုန်းနဲ့ ကွန်ပျူတာတွေ သုံးစွဲရာမှာ နိုင်ငံတကာ စံချိန် စံညွှန်း တွေနဲ့ ကိုက်ညီပြီး မြန်မာစာရေးထုံး ရေးနည်းနဲ့ ကိုက်ညီတဲ့ ယူနီကုဒ်စနစ်ကို ပြောင်းသုံးစွဲဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရုပ်သံကနေတဆင့် ပြည်သူတွေကို နှိုးဆော်ခဲ့ပါတယ်။

ဒီလို ပြောင်းလဲနိုင်ဖို့ ထင်ပေါ်ကျော်ကြား လူသိများတဲ့သူတွေကို သံတမန်အဖြစ် ခန့်အပ်ပြီး ယူနီကုဒ်စနစ်ကို အသုံးပြုဖို့ လှုပ်ရှားမှုတွေရှိခဲ့ပြီး မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်နဲ့ မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို)ကလည်း သီချင်းတွေနဲ့ ယူနီကုဒ်စနစ်ပြောင်းလဲ အသုံးပြုဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒီအတွက် တချို့သတင်းဌာနတွေ၊ မြန်မာနိုင်ငံ အခြေစိုက် တချို့ သံရုံးတချို့ ကလည်း သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ မြန်မာစာရေးသားရာမှာ ယူနီကုဒ် စနစ်ကို အခြေခံတဲ့ ဖောင့်တွေကို ပြောင်းလဲ အသုံးပြုခဲ့ကြပါတယ်။

အရင်ကတည်းက မြန်မာအစိုးရနဲ့ သက်ဆိုင်တဲ့ အင်တာနက် စာမျက်နှာတွေမှာ ယူနီကုဒ်စနစ်ကို အခြေခံထားတဲ့ ဖောင့်တွေ အသုံးပြုခဲ့ပေမယ့် အခုချိန်မှာ ပြည်သူတွေကိုပါ ယူနီကုဒ်စနစ်ကို အခြေခံတဲ့ ဖောင့်တွေ အသုံးပြုဖို့ တိုက်တွန်းလာတာကလည်း ထူးခြားချက်တစ်ခု ဖြစ်လာပါတယ်။

E-government အဖြစ် ပြောင်းလဲရာမှာ ဌာန အချင်းချင်းနဲ့ အရပ်ဘက် ပြည်သူတွေနဲ့ ဆက်သွယ်ရာမှာ ဘုံအသုံးပြုတဲ့ စနစ် တစ်ခု မရှိတာကြောင့် အခက်အခဲ ရှိနေပြီး ဒီအခက်အခဲကို ပြေလည်ဖို့ ယူနီကုဒ်စံ စနစ်ကို ပြောင်းလဲ အသုံးပြုရတာ ဖြစ်တယ်လို့ နည်းပညာရှင်တွေက ရှင်းပြပါတယ်။

ဇော်ဂျီဖောင့်ကတော့ အင်တာနက်ပေါ်မှာ မြန်မာစာသုံးမရသေးတဲ့ ၂ဝဝ၅ ခုနှစ် နောက်ပိုင်းက စတင် ပေါ်လာပြီး အင်တာနက်မှာ မြန်မာစာသုံးလို့ရတဲ့ ခေတ်ကို ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။

ယူနီကုဒ် (ယူနီကုဒ်စံစနစ်ကို လိုက်နာထားတဲ့ ဖောင့်တွေ)ကတော့ တီထွင်တဲ့ အချိန်ကြာမြင့်ပြီး နောက်ပိုင်းမှ အသုံးပြုသူတွေ လက်ထဲ ရောက်လာတာ ဖြစ်ပါတယ်။

ယူနီကုဒ် စနစ်ကို အခြေခံထားတဲ့ မြန်မာဖောင့် ၁ဝဝ ကျော် လောက် ရှိပြီး အစိုးရက Myanmar 3 ကို အသုံးများတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် DAGON UNIVERSITY STUDENTS' UNION
Image caption ကျားဖောင်လုပ်ငန်းလုပ်ကိုင်ဖို့ လူကုန်ကူးခံခဲ့ရသူ ကိုမြတ်သူရထွန်း

ဒဂုံတက္ကသိုလ်ကျောင်းသား ကျားဖောင်ပေါ်မှာ လူကုန်ကူးပြီးရောင်းစားခံရမှု

ငါးဖမ်းကျားဖောင်လုပ်ငန်းတွေမှာ လုပ်ကိုင်ဖို့ လူကုန်ကူးခံခဲ့ရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား ကိုမြတ်သူရထွန်းအမှုမှာ သူ့ကိုနှိပ်စက်တယ်ဆိုတဲ့ ကျားဖောင်ဦးစီးနဲ့အတူ ပွဲစားတစ်ဦးကို ဖျာပုံရဲစခန်းမှာ ဖမ်းဆီးပြီးစစ်ဆေး ခဲ့ပါတယ်။

ဒဂုံတက္ကသိုလ် သမိုင်းဘာသာ နောက်ဆုံးနှစ်ကျောင်းသား ကိုမြတ်သူရထွန်းဟာ အမျိုးသမီး ၂ဦးရဲ့ ခေါ်ဆောင်မှုနဲ့ ပင်လယ်ပြင်က ကျားဖောင်လို့ခေါ်တဲ့ ရေလုပ်ငန်းခွင်ထဲမှာ လုပ်ကိုင်ဖို့ ရောင်းစားခံခဲ့ရတာ ဖြစ်ပါတယ်။

သူ့ကို မိသားစုဝင်တွေက လုပ်ငန်းရှင်ဆီကနေ ငွေပေးပြီး ပြန်ရွေးယူခဲ့ရပါတယ်။

ကျားဖောင်လုပ်ငန်းခွင်ထဲမှာ တစ်လခွဲကြာ နေထိုင်ပြီး ပြန်လွတ်လာတဲ့ ကိုမြတ်သူရထွန်းဟာ ဒဏ်ရာအများစုနဲ့ ပြန်ရောက်လာခဲ့တာလည်း ဖြစ်ပါတယ်။

ကျားဖောင်အများစုဟာ ငါး၊ပုစွန်တွေကို ကမ်းခြေကနေ စက်လှေနဲ့ ၁၀ နာရီကျော်ကြာ မောင်းပြီးသွားမှရောက်တဲ့ ရေမိုင် ၅၀ ကျော်အကွာလောက်မှာ သွားရောက်ပြီး ဖမ်းဆီးလုပ်ကိုင်ကြတာ ဖြစ်ပါတယ်။

ဒီကျားဖောင်လုပ်ငန်းခွင်တွေထဲ လုပ်ကိုင်နေတဲ့သူတွေထဲမှာ ကိုမြတ်သူရထွန်းအပြင် အခြားသော ပုံစံအမျိုးမျိုးနဲ့ လူကုန်ကူးခံပြီး လုပ်အားခေါင်းပုံဖြတ်ခံရသူတွေလည်း ရှိနေပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ဟာ ဖျာပုံမြို့နယ်အနီးတစ်ဝိုက်က ငါးလုပ်ငန်းတွေနဲ့ ကျားဖောင်တွေမှာ လုပ်ကိုင်နေတဲ့ လုပ်သားတွေရဲ့ အခြေအနေကို ကွင်းဆင်း စစ်ဆေးမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

Image caption ပါမောက္ခချုပ် ဆရာတော်

ပါမောက္ခချုပ်ဆရာတော် ဆေးကုသမှု အတွက် အနားယူ

ရန်ကုန် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ သာသနာပြု တက္ကသိုလ် ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဆရာတော် ဒေါက်တာနန္ဒမာလာ ဘိဝံသဟာ အသည်းမှာဖြစ်နေတဲ့ အကြိတ်အတွက် ဆေးကုမှု ခံယူဖို့ ရာထူးကနေ အနားယူလိုက်တယ်လို့ သာသနာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ် ။

နိဝင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းကစပြီး ရာထူးက အနားယူလိုက်တာလို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပါမောက္ခချုပ်ဆရာတော် အသစ် ခန့်အပ်မှုနဲ့ ပတ်သက်လို့တော့ ဘယ်လိုခန့်အပ်မယ်၊ ဘယ်သူ့ကို ခန့်အပ်မယ် ဆိုတာတော့ ထုတ်ပြန်ချက်မှာ မပါရှိခဲ့ပါဘူး။

ပါမောက္ခချုပ် ဆရာတော်လို့ လူသိများတဲ့ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ ဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ရဝါဒသာသနာပြု တက္ကသိုလ်မှာ ၁၉၉၉ ကနေ ၂၀၀၅ခုနှစ် အထိ ဧည့်ပါမောက္ခနဲ့ ဒုတိယ ပါမောက္ခချုပ် တာဝန်တွေ ယူခဲ့ပြီးတော့ ၂၀၀၅ နိုဝင်ဘာလ ၁၄ ရက် ကနေ နိုဝင်ဘာလ၁၃ ရက် ၂၀၁၉ ရက် အထိ ပါမောက္ခချုပ်အဖြစ် ၁၄နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ပါမောက္ခချုပ် ဆရာတော်ဟာ မတ်လ ၂၂ ရက်က သက်တော် ၇၉ နှစ်ပြည့် ခဲ့ပါတယ်။ ဆရာတော်ဟာ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်နဲ့ အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာ မဟာသိပ္ပံ ပါမောက္ခချုပ် အဖြစ်လည်း တာဝန်ထမ်းဆောင်နေပါတယ်။

ဆရာတော်ကြီးရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေအရ စင်ကာပူနိုင်ငံကို မကြာခဏ ကြွရောက်ပြီး ဆေးကုသမှုခံယူနေရသလို ဆေးစစ်ချက် မှတ်တမ်းအရလည်း အသည်းအကြိတ်ကို Radio Frequency Ablation(RFA)နည်းစနစ်နဲ့ ဆေးကုသမှု ခံယူနေရတယ်လို့လည်း သာသနာရေးဘက်က ထုတ်ပြန်ခဲ့ပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ဦးစီးပြီး နှစ်စဉ် နှစ်သစ်ကူးတရားပွဲ ကျင်းပရာမှာတော့ ဒီနှစ်၂၀၁၉ နှစ်ကုန်မှာ ပါမောက္ခချုပ် ဆရာတော် တရားဟောဖို့ရှိနေပါတယ်။