မိုင်တဲလ် ဝန်ထမ်းနှစ်ဦးကို အေအေဖမ်းသွားတယ်လို့ တပ်ထုတ်ပြန်

ဒီဖမ်းဆီးခံရမှုအပေါ် ဌာနချုပ်ကို မေးမြန်းပြီးမှ အတည်ပြုနိုင်မယ်လို့ အေအေ ပြောခွင့်ရသူပြော ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ဒီဖမ်းဆီးခံရမှုအပေါ် ဌာနချုပ်ကို မေးမြန်းပြီးမှ အတည်ပြုနိုင်မယ်လို့ အေအေ ပြောခွင့်ရသူပြော

တပ်မတော် ပိုင်စီးပွားရေးလုပ်ငန်းဖြစ်တဲ့ ဆက်သွယ်ရေး အော်ပရေတာ မိုင်တဲလ်က ဝန်ထမ်းနှစ်ဦးကို အေအေက ဒီဇင်ဘာ ၂၃ ရက်မှာ ဖမ်းဆီးသွားတယ်လို့ တပ်မတော်ဘက်က သတင်း ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိမှာ ရက္ခိုင့်တပ်တော် အေအေ ဖမ်းဆီးထားတဲ့အထဲက ဘူးသီးတောင် အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဦးရဲသိန်း သေဆုံးသွားပြီဖြစ်ပြီး အေအေက ဖမ်းထားတဲ့ ဓားစားခံတွေရဲ့လုံခြုံရေးအပေါ် ဝေဖန်မှုတွေ ကျယ်လောင်နေချိန်မှာပဲ အခုလို အဖမ်းခံရတဲ့သတင်း ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

အခု ဖမ်းဆီးခံရသူတွေဟာ မိုင်လ်တဲက ပြည်နယ် ဆက်သွယ်ရေးဆိုင်ရာညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင်နဲ့ ယာဉ်မောင်း ဦးစောသိန်းမောင်တို့ဖြစ်ပြီး သူတို့ကို ကျောက်တော်မြို့၊ တောင်ပေါက်ကျေးရွာအနီးမှာ အေအေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒီဇင်ဘာ ၂၇ ရက်မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီဖမ်းဆီးခံရတယ်ဆိုတာနဲ့ ပတ်သက်လို့ ဌာနချုပ်ကိုမေးမြန်းပြီးမှ အတည်ပြုနိုင်မယ်လို့ အေအေ ပြောခွင့်ရ ခိုင်သုခက ဘီဘီစီကို ပြောပါတယ်။

တပ်မတော်ကတော့ မိုင်တဲလ်ဝန်ထမ်းနှစ်ဦး အေအေက ဖမ်းသွားတယ်လို့အတည်ပြုပြီး အေအေ လက်ထဲ မှာ တပ်မတော်သားတွေ၊ ဝန်ထမ်းတွေအပါအဝင် စုစုပေါင်းဖမ်းဆီးခံထားရသူ ၅၁ ဦးရှိနေတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါ တယ်။

ဖမ်းဆီးခံထားရသူတွေကို ကယ်တင်ဖို့နဲ့ ပတ်သက်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက

"ကယ်ထုတ်နိုင်ဖို့ မျှော်လင့်ချက်နဲ့ ပတ်သက်ပြီး အစွမ်းကုန် ဆောင်ရွက်လျက်ရှိတယ်။ တချို့ဟာတွေတော့ ထိန်းသိမ်းထားတယ်လို့ ယူဆနိုင်တဲ့နေရာမျိုးတွေတော့ သတင်းရရှိထားတာ ရှိပါတယ်"

"တချို့ဟာတွေကတော့ ဖမ်းဆီးသွားတာပဲ သတင်းရပြီး အခုချိန်ထိ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာ သိတာမရှိသေးပါဘူး။ အဲဒီ ၅၁ ဦးနဲ့ ပတ်သက်ပြီး စုံစမ်းတာတွေ အဆက်မပြတ်ဆောင်ရွက်လျက် ရှိပါတယ်" လို့ ပြောပါတယ်။

ဒါ့အပြင် ပြည်သူလူထုအနေနဲ့ ရခိုင်ပြည်နယ်တွင်း ခရီးသွားလာတဲ့အခါမှာ သက်ဆိုင်ရာအစိုးရဌာနတွေမှာ သတင်းစုံစမ်းပြီးမှ သွားလာကြဖို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty Images

မိုင်တဲလ်ဝန်ထမ်းနှစ်ဦး အပါအဝင် ဆိုရင် လက်ရှိ အေအေက ဖမ်းဆီးထားတဲ့ အရပ်သား၊ အစိုးရဝန်ထမ်း၊ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၃၆ ဦးရှိလာပြီ ဖြစ်ပါတယ်။

လဝက အစိုးရဝန်ထမ်း ၃ ဦး၊ အကျဉ်းဦးစီးဌာန ဝန်ထမ်း ၂ ဦး၊ ဆောက်လုပ်ရေးဝန်ထမ်း ၁ ဦး၊ အန်အယ်လ်ဒီပါတီက အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း တို့အပြင်ရွှေနဒီသဘောင်္ပေါ်က စစ်ဖက်နဲ့ဆိုင်တဲ့ တပ်နဲ့ရဲတပ်ဖွဲ့ဝင် ၁၃ ဦး၊ လမ်းသွားရင်း အဖမ်းခံရတဲ့ ရဲအရာရှိတစ်ဦး၊ ပလက်ဝတိုက်ပွဲမှာဖမ်းမိတဲ့ ဗိုလ်အဆင့်အပါအဝင် တပ်ဖွဲ့ဝင် ၁၃ ဦး စုစုပေါင်း ၃၄ ဦး ကို ဖမ်းဆီးထားတယ်လို့ အေအေက ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

ဒါ့အပြင် ပလက်ဝမြို့နယ်အတွင်း ပျောက်ဆုံးနေတဲ့အရပ်သား ၁၃ ဦးထက်မနည်းရှိပြီးတော့ အများစုကို အေအေက ဖမ်းထားတယ်လို့ ချင်းအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပေမယ့် အေအေဘက်ကတော့ ငြင်းထားပါတယ်။

တပ်ဘက်က အတည်ပြုတာက အရပ်သား၊တပ်မတော်သားနဲ့ ဝန်ထမ်းတွေအပါအဝင် စုစုပေါင်းဖမ်းဆီးခံထားရသူ ၅၁ ဦး ဖြစ်ပါတယ်။

အခုလို ရခိုင်ပြည်နယ်မှာ အရပ်သားတွေကို အပြန်အလှန်ဖမ်းဆီးမှု၊ သူတို့ရဲ့အသက်အန္တရာယ် လုံခြုံရေးနဲ့ ပတ်သက်လို့ လွှတ်တော်အမတ်လည်းဖြစ်၊ ဘူးသီးတောင်ဇာတိလည်းဖြစ်တဲ့ ဒေါ်ခင်စောဝေက

"ဟိုဘက်ကလည်း ဖမ်းလိုက်၊ ဒီဘက်ကလည်း ဖမ်းလိုက်နဲ့ပေါ့နော်။ ပိုပိုပြီးတော့ပဲ စစ်မီးက လောင်ဖို့ပဲ ရှိပါတယ်။ တကယ့်လိုအပ်ချက်က ဘာလဲဆိုတာကို တွေ့ဆုံဆွေးနွေးဖို့ လိုနေပါတယ်။ အဲဒီအတွက်ကြောင့် နိုင်ငံရေးအရရော နိုင်ငံရေး စားပွဲဝိုင်းမှာ နှစ်ဦး နှစ်ဖက် ဖြေရှင်းဖို့ကို ကျွန်မ တိုက်တွန်းလိုပါတယ်ရှင့်" လို့ ပြောပါတယ်။

အေအေက အရပ်သား ဖမ်းဆီးမှုတွေ ထပ်ပြီး လုပ်ဆောင်နေချိန် အေအေ ဖမ်းထားသူ အရေအတွက်နဲ့ သူတို့ကို ထိန်းသိမ်းထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အေအေက ပြောခွင့်ရ ခိုင်သုခက "အရေအတွက် ဘယ်လောက်လဲ ဆိုတာတော့ ကျွန်တော်တော့ အသေအချာ မပြောနိုင်ဘူး။ တချို့ဟာတွေက လုံခြုံရေးနဲ့ ဆိုင်တဲ့ ကိစ္စတွေ ဆိုတော့ အဲဒီဟာကို အကုန်လုံး ထုတ်ပြောလို့တော့ မဖြစ်ဘူး"

ရခိုင်တိုက်ပွဲကာလအတွင်းမှာ အရပ်သားဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်ကလည်း အေအေနဲ့ ပတ်သက်သူတွေကို ဖမ်းဆီးမှု အများအပြားလုပ်ဆောင်ခဲ့တယ်လို့ အေအေနဲ့ ရခိုင်အသိုင်းအဝိုင်းက ဆိုပါတယ်။တပ်မတော်ကတော့ တပ်က ဖမ်းဆီးတာဟာ ဥပဒေနဲ့ အညီလုပ်ဆောင်တာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။