သံခေတ်သင်္ချိုင်းနေရာက နှစ် ၁၀၀၀ ကျော် သက်တမ်းရှိ အရိုးစုတွေတွေ့

ရုပ်ကြွင်းတွေ ဓာတ်ပုံ မူပိုင် Nyunt Win Aye

နှစ်ပေါင်း ၁၀၀၀ ကျော် သက်တမ်းရှိတယ်လို့ ယူဆရတဲ့ အရိုးစု ရုပ်ကြွင်း ၇ ခုကို မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်း ရန်ကုန်-မန္တလေးလမ်း အနီးကနေ ဒီဇင်ဘာလ ဒုတိယပတ်မှာ တူးဖော်ရရှိခဲ့ပါတယ်။

ဒီရုပ်ကြွင်းတွေကို တွေ့တဲ့နေရာက ရန်ကုန်-မန္တလေးလမ်း မိုင်တိုင် အမှတ် ၃၃၀ ဘေး၊ ပေ ၁၅၀၀ ကျော်လောက် အကွာမှာ ဖြစ်ပါတယ်။

အဲဒီအရိုးစုတွေက နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိပြီလို့ ရှေးဟောင်းသုတေသနဦးစီးဌာနက ရရှိထားတဲ့ အချက်အလက်တွေကို ကိုးကားပြီး မန္တလေးတိုင်းလွှတ်တော် နွားထိုးကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ငြိမ်းသက်နွယ်က ဘီဘီစီကို ပြောပါတယ်။

"အမှန်ကတော့ အမြန်လမ်းဖော်ကတည်းက တွေ့ခဲ့တဲ့ အိုးခွက်ခွံကလေးတွေပေါ့နော်။ ရွာသားတွေက ပြောတော့ သူတို့နဲ့ ချိတ်ဆက်ပြီးတော့မှ လုပ်လိုက်တော့မှ နောက်ထပ်အရိုးစုတွေ တွေ့တာ"

"အရိုးစုက ဖော်လို့ရတယ်ဆိုတာ စပြီးတော့ တွေ့ပြီးတော့မှ တဖြည်းဖြည်းဖော်ရတာ သူက အရိုးစုက နှစ်ပေါင်း ထောင်ချီနေပြီ ဆိုတော့လေ။ အတော်လေး သိမ်သိမ်မွေ့မွေ့လေး လုပ်ရတာပေါ့နော်။ အခုက နောက်ထပ် နောက်ထပ် တွေ့တဲ့ဟာပါ"

အခုလို တူးဖော်ဖို့ မပြင်ဆင်ခင်ကတည်းက ရန်ကုန်၊ မန္တလေးအမြန်လမ်းကို ဖောက်လုပ်ရာကနေ အိုးခြမ်းပဲ့ အပါအဝင် ရှေးကျတဲ့ လူအသုံးဆောင်ပစ္စည်းတွေကို လူအများကတွေ့ရှိရာကနေ တူးဖော်ဖို့ ဖြစ်လာတာလို့ လည်းဆို ပါတယ်။

ရှေးဟောင်းသုတေသန ရဲ့တွေ့ရှိချက်တွေအရ အဲဒီနေရာ တစ်ဝိုက်ဟာ သံခေတ်သချိုင်းနေရာလို့ သိထားရတယ်လို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Nyunt Win Aye

အခုလို ရုပ်ကြွင်းတွေ တွေ့ရှိပြီးနောက် တူးဖော်တာတွေ ဆက်လုပ်နေတယ်လို့ တူးဖော်မှုမှတ်တမ်းပြုစုတဲ့ မြို့နယ် အထွေထွေဦးစီးဌာနကနေ ဝန်ထမ်းတဦးက ပြောပါတယ်။

"သံခေတ် သင်္ချိုင်းထဲမှာ ရုပ်ကြွင်းခုနစ်ခုထိ တူးဖော်ရရှိပြီးပြီ။ ဒီဇင်ဘာမှ တူးတာ။ ပထမပတ်မှာ စတွေ့တာ။ ဒုတိယပတ်မှာ အကုန်လုံးတွေ့တာ"

"သူတို့သတ်မှတ်တဲ့ ဧရိယာကိုပဲ ဆက်တူးနေတာ ရှိတယ်။ သတ်မှတ်တဲ့ ဧရိယာ မကုန်သေးဘူးလေ။ တစ်ဝက် သာသာလောက်ပဲ ပြီးပါသေးတယ်။ ရှေးသုကနေ သတ်မှတ်ထားတဲ့ ဧရိယာလေးရှိတယ်။ ပေ သုံးလေးဆယ်လောက်ရှိမယ်" လို့ ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
လူတူမျိုးနွယ်ထဲက ရှေးအကျဆုံးအရိုးစု

အိုးခြမ်းကွဲလို လူ့အသုံးအဆောင်တွေ အစရှိတဲ့ ရှေးကျတဲ့ ပစ္စည်းအစအနတွေကို တွေ့ရှိရာကနေ စတင် တူးဖော်ဖို့အတွက်ကို ရှေးဟောင်းသုတေသန စီးဌာနနဲ့ မန္တလေးတိုင်းအစိုးရတို့က ၂၀၁၇ခုနှစ်ကတည်းက စတင်ပြင်ဆင်ခဲ့ပြီး အခုဒီဇင်ဘာမှာ တိုင်းအစိုးရက ခွင့်ပြုချက်ပေးခဲ့တာလို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက သိရပါတယ်။

တွေ့ရှိတဲ့အရိုးစုတွေကို အမျိုးသမီး၊ အမျိုးသား ခွဲခြားတာ အစရှိတာတွေအပြင် တခြားသုတေသနဆိုင်ရာလုပ်ငန်းတွေကိုတော့ ရှေးဟောင်းသုတေသနဦးစီးဌာနက ဆက်လုပ်နေတယ်လို့ သိရပါတယ်။