အမတ်နေရာ အပေးအယူ မလုပ်ဘူးပြောတဲ့ အန်အယ်လ်ဒီအပေါ် တိုင်းရင်းသားပါတီတွေ သဘောထား

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုခရီးမှာ စောင့်ကြိုနေတဲ့ ပအိုဝ်းတိုင်းရင်းသားတွေ ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုခရီးမှာ စောင့်ကြိုနေတဲ့ ပအိုဝ်းတိုင်းရင်းသားတွေ

ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အန်အယ်လ်ဒီပါတီရဲ့ ဗဟိုကော်မတီအစည်းအဝေးမှာ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ရွေးကောက်ပွဲမှာ လွှတ်တော်အမတ် လောင်းနေရာ အပေးအယူမလုပ်ဘူးလို့ ပြောလိုက်တာနဲ့ ပတ်သက်ပြီး တိုင်းရင်းသားပါတီတွေ သတိထားစရာရှိလာပြီလို့ တိုင်းရင်းသားပါတီတချို့က ပြောပါတယ်။

အန်အယ်လ်ဒီပါတီရဲ့ လွှတ်တော်အမတ်လောင်းနေရာ အပေးအယူ မလုပ်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ဟာ အရင်တည်းက ရှိထားတဲ့ မူဝါဒဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲ နီးလာချိန် အခုလို ပြတ်ပြတ်သားသား သဘောထား ထပ်ပြောလာတဲ့အတွက် သတိထားစရာရှိလာပြီလို့ တိုင်းရင်းသားပါတီတွေဘက်က ပြောကြား လာပါတယ်။

နှစ်ပေါင်းများစွာ ဒီမိုကရေစီခရီးမှာ လက်တွဲခဲ့တဲ့ တိုင်းရင်းသားပါတီတွေအပေါ် အခုလို အန်အယ်လ်ဒီက သဘောထား ပြတ်ပြတ်သားသားထုတ်ပြောလိုက်တဲ့အတွက် တိုင်းရင်းသားပါတီတွေ ကိုယ့်အားကိုယ်ကိုးပြီး ဒီမိုကရေစီခရီးကို ဆက်သွားရမယ်လို့ တိုင်းရင်းသားပါတီ ၁၅ ခုနဲ့ ဖွဲ့စည်းထားတဲ့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA အတွင်းရေးမှူး ဦးမျိုးကျော်က ဘီဘီစီကိုပြောပါတယ်။

ဒါ့အပြင် အန်အယ်လ်ဒီဘက်က ဆွေးနွေးညှိနှိုင်းဖို့ ဖိတ်ကြားလာတဲ့အခါ UNA အဖွဲ့ဝင်တွေအနေနဲ့ တက်ရောက် ဆွေးနွေးဖို့အကြောင်းလည်း မရှိဘူးလို့ ဦးမျိုးကျော်က ပြောပါတယ်။

အခုလို အန်အယ်လ်ဒီပါတီရဲ့ ဆုံးဖြတ်ချက်က တိုင်းရင်သားပါတီတွေနဲ့ ဆက်ဆံရေးနဲ့ လာမယ့် ရွေး ကောက်ပွဲအပေါ် ဘယ်လို သက်ရောက်နိုင်သလဲဆိုတာနဲ့ ပတ်သက်ပြီး ဦးမျိုးကျော်က

"၂၀၁၅ အလွန်မှာ သူတို့အစိုးရကနေပြီးတော့ တိုင်းရင်းသားတွေ အပေါ်မှာ လုပ်ဆောင်ချက်တွေ၊ ပြည်နယ်တွေပေါ်မှာ သူတို့ရဲ့ လုပ်ဆောင်ချက် အမှားတွေ အများကြီး ရှိတယ်ဗျ။ ချောင်းဆုံတံတားကို နာမည်ပြောင်းတဲ့ကိစ္စတွေ၊ လွိုင်ကော်မှာ ကြေးရုပ်ကိစ္စတွေ၊ တခြားအမှားတွေ အများကြီး ရှိနေတယ်"

"အခုဆို ရခိုင်ဆိုရင် နှစ်ပေါင်း ၅၀ လောက်နေပြီး တည်ငြိမ်အေးချမ်းတဲ့နယ်မြေဟာ ဒီနေ့ဟာ စစ်တလင်း ဖြစ်နေပြီ။ ဒီတော့ ဒီလိုဟာမျိုးတွေ ဖြစ်နေတဲ့အချိန်မှာ အခုလို ပြောလိုက်တဲ့ဟာကတော့ ပိုပြီးတော့ တိုင်းရင်းသားတွေက တော့ သူတို့ပါတီ သူတို့ဒေသမှာ ပိုပြီး အနိုင်ရလာလိမ့်မယ်လို့ ထင်ပါတယ်" လို့ပြောပါတယ်။

ဓာတ်ပုံ မူပိုင် KNIC
Image caption ဗိုလ်ချုပ်အောင်ဆန်းရုပ်တုထားရှိရေး ပြည်နယ်အစိုးရနဲ့ ကရင်နီလူငယ်တွေ ညှိနှိုင်းမှု အဆင်မပြေဖြစ်ခဲ့

UNA ကို ၁၉၉၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီ တွေနဲ့ ဖွဲ့စည်း ထားတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အန်အယ်လ်ဒီနဲ့ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်အထိ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့ကြတာ ဖြစ်ပါတယ်။

အန်အယ်လ်ဒီပါတီနဲ့ တိုင်းရင်းသားပါတီတွေကြားမှာ နဂိုတည်းကလည်း သဘောထားကြီးကြီး မားမား တိုက် ဆိုင်ခဲ့တာမရှိခဲ့သလို အန်အယ်လ်ဒီရဲ့အမျိုးသား ရင်ကြားစေ့ရေးဆိုတဲ့ မူဝါဒကိုလည်း အခုအခါ တိုင်းရင်းသားတွေမှာ စဉ်းစားစရာတွေ ဖြစ်လာတယ်လို့ ဒေါ်ထုမေက ဘီဘီစီကို ပြောပါတယ်။

"အန်အယ်လ်ဒီက အများဆုံး အနိုင်ရထားတယ်။ ပြည်ထောင်စု ပါတီ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ဘယ်တိုင်းရင်းသားပါတီနဲ့မှ alliance လုပ်စရာမလိုဘူး၊ ညှိနှိုင်းတိုင်ပင်စရာ မလိုဘူးဆိုပြီး ပါတီတာဝန်တွေက ပြောထားတာ ရှိပါတယ်"

"အခု ၂၀၂၀ နီးလာတဲ့အခါမှာ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့မယ်ဆိုတဲ့ အန်အယ်လ်ဒီရဲ့ သဘောထားတွေ၊ အန်လ်အယ်ဒီရဲ့ ဆောင်ရွက်ချက်တွေက နဂိုကတည်းက ဆောင်ရွက်ရမယ့်ကိစ္စတွေ ဖြစ်တယ်။ ဒီကိစ္စတွေ အမြဲတမ်းနောက်ကျပြီးမှ လုပ်တာကကျတော့ စဉ်စားစရာတော့ ပိုပြီးများလာတာပေါ့"

ဓာတ်ပုံ မူပိုင် ဒေါ်ထုမေ
Image caption ဒေါ်ထုမေ

အန်အယ်လ်ဒီပါတီက သူဝင်ပြိုင်ခဲ့တဲ့ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲကစလို့ ရွေးကောက်ပွဲအားလုံးမှာ တိုင်းရင်းသားပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းနေရာ အပေးအယူလုပ်ခဲ့တာ မရှိခဲ့တဲ့အတွက် အခုဖြစ်စဉ်ဟာလည်း မျှော်လင့်ထားပြီးသားဖြစ်တယ်လို့ မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် မိစန္ဒာနွန်က ဘီဘီစီကိုပြောပါတယ်။

"ဒီလိုဖြစ်မယ်ဆိုတာက မျှော်လင့်ထားပြီးသားလေ။ ဟိုး byelection ၂၀၁၂ ကတည်းကပေါ့။ အဲဒီကတည်းက စညှိကြတာပေါ့ တိုင်းရင်းသားပါတီတွေနဲ့။ အဲဒီကတည်းကဆိုရင် အညှိမခံဘူးလေ"

"အစတုန်းက အညှိခံတယ်။ နောက်ပိုင်း သူတို့နည်း သူတို့ဟန်နဲ့ သွားတယ်ဆိုတော့ ၂၀၁၅ မှာ ပိုပြီးတော့ သဘောပေါက်လာတယ်။ ၂၀၂၀ မှာလည်း ထိုနည်းတူ ဖြစ်လာမယ်လို့ မျှော်လင့်ထားပြီးသားပဲ"

"ဒါပေမဲ့ ကျွန်မတို့လိုချင်တာကကျတော့ ဒီမိုကရေစီကို အတူတူသွားမယ်လို့ မျှော်လင့်ထားတာပေါ့နော်။ အတူတူသွားမယ်ဆိုရင် တိုင်းရင်းသားပါတီတွေနဲ့ အန်အယ်လ်ဒီ အာဏာရပါတီပေါင်းပြီဆို ထိရောက်မှု ပိုမြန်တာပေါ့။ ကျွန်မတို့ မျှော်လင့်ထားတာပေါ့"

Image caption ဗိုလ်ချုပ်အောင်ဆန်း နာမည် မပေးဖို့ မွန်ပြည်နယ်ထဲ လူတွေ ထောင်ချီ ဆန္ဒပြ

"ဒါပေမဲ့ အန်အယ်လ်ဒီက ညွန်ပေါင်းအစိုးရလည်း မလုပ်ဘူး။ ပူးပေါင်းဆောင်ရွက်မှုလည်း လုပ်မှာ မဟုတ်ဘူးဆိုတော့၊ ကျွန်မတို့ မျှော်လင့်ထားတဲ့ ဒီမိုကရေစီ မြန်မြန်ရောက်မယ်ဆိုတာက ခရီးက နည်းနည်းတော့ အလှမ်းဝေးမှာပေါ့"

ငါးနှစ်တစ်ကြိမ် ကျင်းပရမယ့် ရွေးကောက်ပွဲတွေကိုလာမယ့် ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းမှာ ကျင်းပဖို့ရှိနေပါတယ်။

အန်အယ်လ်ဒီအနေနဲ့ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အပါအဝင် သူတို့ရဲ့ ကတိတွေကို ဆက်ပြီး အကောင်အထည်ဖော်နိုင်ဖို့အတွက် ၂၀၂၀ ရွေးကောက်ပွဲမှာ အားကောင်းတဲ့ အစိုးရဖွဲ့နိုင်တဲ့အထိ အနိုင်ရဖို့ လိုပြီး ညွန့်ပေါင်းအစိုးရလည်း ဖွဲ့ဖို့မရှိဘူးလို့ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေက ပြောကြားထားပါတယ်။

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေက စုပေါင်းပြိုင်ကြမှာဖြစ်ပြီး အန်အယ်လ်ဒီပါတီကလည်း ပါတီတွင်း တိုင်းရင်းသားရေးရာကော်မတီကို ဖွဲ့စည်းထားခဲ့ပါတယ်။