ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ မြန်မာကို ကုလ ရှုတ်ချ

rohingya ဓာတ်ပုံ မူပိုင် Reuters
Image caption ရိက္ခာကို အလုအယက်ယူနေရတဲ့ ဒုက္ခသည်တွေ

မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာ မွတ်ဆလင်တွေနဲ့တကွ လူနည်းစုတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တာ၊ ဖမ်းဆီးနှိပ်စက်တာ၊ အဓမ္မပြုကျင့်တာနဲ့ ဖမ်းဆီးထိန်းသိမ်းထားစဉ် သေဆုံး ခဲ့တာတွေအပေါ် ပြစ်တင်ရှုတ်ချကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံက ဒီဇင်ဘာလ ၂၇ ရက်က ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီ လူနည်းစုတွေအပေါ် အမုန်းပွားလာအောင် လှုံ့ဆော်မှုတွေကို ရပ်တန့်ဖို့ တောင်းဆိုတဲ့ အချက်လည်း အဲဒီ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ထဲမှာ ပါဝင်ခဲ့ပါတယ်။

၂၀၁၇ အတွင်း မြန်မာ့တပ်မတော်ရဲ့ လုံခြုံရေး ရှင်းလင်းမှုမှာ ရိုဟင်ဂျာတွေ ထောင်နဲ့ချီ သေဆုံးခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီး ရိုဟင်ဂျာ ခုနစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရပါတယ်။

မြန်မာဘက်ကတော့ အစွန်းရောက် အန္တရာယ်ကို ကိုင်တွယ်နေရတယ် ဆိုပြီး ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်တယ် ဆိုတဲ့ စွပ်စွဲချက်တွေကို ပယ်ချကြောင်း အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ ဒီလအစောပိုင်းက ထွက်ဆိုထားပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အပြည်ပြည်ဆိုင်ရာ တရားရုံးရောက် ဒေါ်အောင်ဆန်းစုကြည်

နှစ်ပေါင်း လေးဆယ်ကျော်အတွင်း မြန်မာ လုံခြုံရေးနဲ့ စစ်ဝန်ထမ်းတွေ ကျူးလွန်ခဲ့တဲ့ ရက်စက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ကို ရိုဟင်ဂျာတွေ ဆက်ပြီး ထွက်ပြေးနေရတာကိုလည်း ကုလသမဂ္ဂ ဆုံးဖြတ်ချက်က ဖော်ပြခဲ့ပါတယ်။

ရိုဟင်ဂျာတွေနဲ့ တခြား လူနည်းစုတွေအပေါ် မြန်မာအစိုးရ တပ်တွေရဲ့ လူ့အခွင့်အရေး ကျူးလွန်ချိုးဖောက်မှုတွေဟာ နိုင်ငံတကာ ဥပဒေကို အကြီးမားဆုံး ချိုးဖောက်ထားတာ ဖြစ်တယ် ဆိုတဲ့ လွတ်လပ် တဲ့ နိုင်ငံတကာ စုံစမ်းရေး အဖွဲ့ရဲ့ တွေ့ရှိချက်တွေကိုလည်း ဒီဆုံးဖြတ်ချက်မှာ အသားပေး ဖော်ပြထားပါတယ်။

မြန်မာအစိုးရ အနေနဲ့ ဒီလူမျိုးစုတွေ အားလုံးကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တရားမျှတမှုရအောင် ဆောင်ရွက်ပေးဖို့လည်း ကုလသမဂ္ဂက တောင်းဆိုခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ကို အထွေထွေညီလာခံမှာ ၁၉၃ နိုင်ငံ ရှိတဲ့အထဲက ၁၃၄ နိုင်ငံက ထောက်ခံမဲပေးခဲ့ကြပြီး ကိုးနိုင်ငံက ကန့်ကွက်မဲပေးကာ ၂၈ နိုင်ငံက ကြားနေခဲ့ကြပါတယ်။

အထွေထွေညီလာခံ ဆုံးဖြတ်ချက်တွေက လိုက်နာဆောင်ရွက်စရာ မလိုပေမယ့် ကမ္ဘာ့ အထင်အမြင်ကို ထင်ဟပ်စေပါတယ်။

ဓာတ်ပုံ မူပိုင် STR
Image caption မြန်မာ လုံခြုံရေးနဲ့ စစ်ဝန်ထမ်းတွေ ရက်စက်မှု ကျူးလွန်ခဲ့တယ်ဆို

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး ဦးဟောက်ဒိုစွမ်းကတော့ ဒီဆုံးဖြတ်ချက်ဟာ လူ့အခွင့်အရေး စံနှုန်းတွေကို လိုသလို တဘက်သတ် အသုံးပြုပြီး မြန်မာနိုင်ငံကို မလိုလားအပ်တဲ့ နိုင်ငံရေး ဖိအား ပေးဖို့ ရည်ရွယ်တဲ့အပြင် ရှုပ်ထွေးတဲ့ ရခိုင်အရေးအဖြေရှာဖို့ ကြိုးစားမှုလည်း မပါဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ လူ့အခွင့်အရေးစံနှုန်းတွေကို ခွဲခြား ရွေးချယ်ပြီး တနေရာမှာ တမျိုးသုံးတဲ့ နမူနာတမျိုးသာ ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။

ဂမ်ဘီယာက ရိုဟင်ဂျာ ကိစ္စနဲ့ ပတ်သက်ပြီး တခြား မွတ်ဆလင်နိုင်ငံတွေကိုယ်စား အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

မြန်မာအပေါ် စွပ်စွဲမှုတွေက မပြည့်စုံ မမှန်ကန်ဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က သည်ဟိဂ်မြို့မှာ ပြောကြားခဲ့ပါတယ်။ ရခိုင်မှာ ဖြစ်နေတဲ့ ပြဿနာတွေက ရာစုနှစ်တွေနဲ့ ချီနေပြီ လို့လည်း သူက ဆိုပါတယ်။

ရိုဟင်ဂျာ စစ်သွေးကြွတွေက အစိုးရ ကင်းစခန်းတွေကို တိုက်ခိုက်ရာကနေ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားခဲ့တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မြန်မာ့တပ်မတော် အနေနဲ့ အင်အားအလွန်အကျွံသုံးခဲ့တာတွေ ရှိနိုင်ပေမယ့် စစ်ရာဇဝတ်မှု ကျူးလွန်သူတွေ ရှိခဲ့ရင်လည်း တရားစွဲဆို အပြစ်ပေးမှာ ဖြစ်တယ်လို့ သူက ချေပခဲ့ပါတယ်။

ဂမ်ဘီယာရဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ တိုင်ကြားချက်အရ ဒီစစ်ဆင်ရေးတွေ လုပ်ပြီး ရိုဟင်ဂျာတွေကို လူမျိုးတမျိုးလုံး သို့မဟုတ် တစိတ်တပိုင်းအနေနဲ့ ရှင်းလင်းဖျောက်ဖျက်လိုပုံရတယ်လို့ ဆိုပါတယ်။ အစုလိုက် သတ်ဖြတ်မှု၊ မုဒိမ်းမှုနဲ့ လူတွေကို အဆောက်အအုံထဲ ပိတ်ပြီး မီးရှို့မှုတွေ လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီဒုက္ခသည်ပြဿနာက လူမျိုးသုတ်သင် ရှင်းလင်းရေးလား

ဒီစွပ်စွဲမှုတွေကို စုံစမ်းဖော်ထုတ်ခဲ့တဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး အဖွဲ့ကတော့ မငြင်းနိုင်တဲ့ သက်သေတွေ အမြောက်အများ တွေ့ခဲ့ပြီးနောက် ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုတွေနဲ့ မြန်မာ့တပ်မတော်ကို စစ်ဆေးရမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

သြဂုတ်လက ထွက်ခဲ့တဲ့ ကုလသမဂ္ဂ အစီရင်ခံစာတခုမှာလည်း အမျိုးသမီးတွေ၊ မိန်းကလေးနဲ့ ယောက်ျားလေးတွေ၊ အမျိုးသားနဲ့ လိင်ပြောင်းလဲထားသူတွေအပေါ် မြန်မာ့တပ်မတော်သားတွေက မုဒိမ်းမှု၊ အစုလိုက် မုဒိမ်းကျင့်မှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကား ကျူးလွန်မှု တွေ စနစ်တကျ ကျူးလွန်နေတယ် ဆိုပြီး စွပ်စွဲထားပါတယ်။

ပြီးခဲ့တဲ့ မေလကလည်း ရိုဟင်ဂျာ အမျိုးသားနဲ့ ယောက်ျားလေး ၁ဝ ယောက်ကို သတ်မှုနဲ့ ထောင်ချထားတဲ့ စစ်သား ခုနစ်ယောက်ကို ထောင်ကနေ စောလွှတ်ပေးခဲ့ပါတယ်။ ရိုဟင်ဂျာ လက်နက်ကိုင်တွေကို ပစ်မှတ်ထားပြီး စစ်ဆင်ရေးတွေ လုပ်တယ်လို့ပဲ မြန်မာအစိုးရက ပြောဆိုခဲ့သလို အမှားအယွင်းလုပ်ခဲ့တာ မရှိဘူးလို့လည်း တပ်မတော်က အရင်က ပြောခဲ့ဖူးပါတယ်။

လက်ရှိ ရိုဟင်ဂျာတွေ အခြေအနေ

၂ဝ၁၉ စက်တင်ဘာလ ၃ဝ အထိ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ကိုးသိန်းကျော် ရှိပါတယ်။ ဒီထဲက ၈ဝ ရာခိုင်နှုန်းက ၂ဝ၁၇ သြဂုတ်နဲ့ ဒီဇင်ဘာလတွေအတွင်း ထွက်ပြေး လာသူတွေနဲ့ ဘင်္ဂလားဒေ့ရှ်က နောက်ထပ်လက်မခံတော့ဘူးလို့ ပြောပြီးနောက် ဒီနှစ် မတ်လမှာ နောက်ဆုံး ရောက်လာကြသူတွေ ဖြစ်ပါတယ်။

၂ဝ၁၉ သြဂုတ်လမှာပဲ ဆန္ဒရှိသူတွေ ပြန်နိုင်တဲ့ အစီအစဉ်ကို ဘင်္ဂလားဒေ့ရှ်က စတင်ခဲ့ပေမယ့် ရိုဟင်ဂျာတယောက်မှ မရွေးချယ်ခဲ့ကြပါဘူး။

ဒီဒုက္ခသည်တွေထဲက တသိန်းကို ဘင်္ဂလားဒေ့ရှ်က ဘင်္ဂလားပင်လယ်အော်ထဲက ဘာဆန်ချာဆိုတဲ့ ကျွန်းကလေးကို ရွှေ့ပစ်ဖို့ စီစဉ်နေပေမယ့် ကူညီရေးအဖွဲ့ ၃၉ ဖွဲ့နဲ့ လူ့အခွင့်အရေး အုပ်စုတွေက ကန့်ကွက် ထားကြပါတယ်။