ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် ညှိနှိုင်းဖို့လိုတယ်လို့ အေအေပြော

အေအေနဲ့မညှိနှိုင်းဘဲ ရွေးကောက်ပွဲလုပ်ရင် ဖြစ်လာမယ့်ပြဿနာတွေကို အေအေကိုအပြစ်ပုံမချဖို့လိုတ်ယလို့ ပြောပါတယ်။ ဓာတ်ပုံ မူပိုင် Getty Images
Image caption အေအေနဲ့မညှိနှိုင်းဘဲ ရွေးကောက်ပွဲလုပ်ရင် ဖြစ်လာမယ့်ပြဿနာတွေကို အေအေကိုအပြစ်ပုံမချဖို့လိုတ်ယလို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ လာမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပမယ်ဆိုရင် ရခိုင့် တပ်မတော်အေအေနဲ့ တိုင်ပင်ဆွေးနွေးဖို့လိုတယ်လို့ အေအေပြောခွင့်ရ ခိုင်သုခက ဘီဘီစီကိုပြောပါတယ်။

အဲဒီလို တိုင်ပင်ဆွေးနွေးမှုမရှိဘဲနဲ့ ရွေးကောက်ပွဲလုပ်မယ်ဆိုရင်တော့ မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

"အဲဒီလိုပြဿနာဖြစ်လာမှပဲ ကျွန်တော်တို့ကိုအပြစ်ပုံချတဲ့ပုံစံမျိုး လာပြောလို့ကတော့ ဒါ လက်ခံနိုင် စရာမရှိတဲ့ ကိစ္စ ဖြစ်တယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ကျွန်တော်တို့ကလည်း ပြည်သူ လူထုရဲ့ ဆန္ဒအပေါ်မှာ ကျွန်တော်တို့ဘက်က ဘယ်လို ပူးပေါင်း ဆောင်ရွက်ရမလဲဆိုတာကို အကောင်းဆုံး စဉ်းစားထားတာတွေရှိတယ်" လို့ ခိုင်သုခက ပြောပါတယ်။

အေအေနဲ့ ညှိနှိုင်းရမယ်ဆိုတာ အာဏာရပါတီလား အစိုးရလား ရွေးကောက်ပွဲကော်မရှင်ကို ဆိုလိုတာလားလို့ ဘီဘီစီကမေးတဲ့အခါ သူက အခုလိုပြောပါ တယ်။

"ညှိနှိုင်းတယ်ဆိုတာက ဒီရွေးကောက်ပွဲက ပြည်သူတွေအတွက် တကယ်အကျိုးရှိတဲ့ ရွေးကောက် ပွဲဖြစ်တယ်၊ မလုပ်ရင် မဖြစ်ဘူး။ အဲဒါကြောင့်မို့ ဒီဟာက လုပ်သင့်တယ်ဆိုတဲ့ဥစ္စာကို ရွေးကောက်ပွဲ ကော်မရှင်ဘက်ကလည်း ညှိနှိုင်းဖို့လိုသလို လက်ရှိအစိုးရကပဲ ဖြစ်ဖြစ်ပေါ့ဗျာ။ တစ်ဖက်နဲ့တစ်ဖက် ညှိနှိုင်းဖို့လိုတာပေါ့" လို့ သူက ဆိုပါတယ်။

အဲဒီလိုညှိနှိုင်းတဲ့အနေရာမှာလည်း ရွေးကောက်ပွဲကို ရခိုင်ပြည်သူတွေက တကယ်လိုလိုလားလား ဆန္ဒရှိလားဆိုတဲ့ ပြည်သူ့ဆန္ဒပေါ်မူတည်သုံးသပ်ပြီးမှ ဆက်လုပ်မယ်လို့ ခိုင်သုခက ဆိုပါတယ်။

တကယ်လို့ မညှိနှိုင်းဘဲ ရွေးကောက်ပွဲဆက်လုပ်ရင် ဖြစ်လာမယ့် ပြဿနာဆိုပြီး ခိုင်သုခပြောကြားချက်နဲ့ပတ်သက်လို့ ဘယ်လိုပြဿနာမျိုးလဲလို့ ဘီဘီစီက မေးတဲ့အခါ သူက

"တိုက်ပွဲဖြစ်နေတဲ့နေရာမှာ ရွေးကောက်ပွဲလုပ်တာ တိုက်ပွဲမရပ်ဘဲ လုပ်တာ ဘာမှချောချော မောမောဖြစ်မှာမဟုတ်ဘူး။ ချောမောချင်ရင် တိုက်ပွဲတွေဘယ်လိုရပ်တန့်မလဲဆိုတာ ညှိဖို့လိုတာပေါ့။ အဲဒီပေါ်မူတည်ပြီးမှ ရွေးကောက်ပွဲအဆင်ချောမချောအဖြေထွက်မယ်" လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်ကို ဘီဘီစီက ဒီဇင်ဘာ ၂၉ ရက်မှာ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။

ဒါကြောင့် ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကို ထပ်မံဆက်သွယ်တဲ့အခါမှာလည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး။

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၂၃ မှာပြောကြားထားပါတယ်။

အဲဒီပြောကြားချက်အရဆို ရခိုင်ပြည်နယ်မှာပါ ရွေးကောက်ပွဲကျင်းပမယ့်သဘောဖြစ်နေပါတယ်။

ဓာတ်ပုံ မူပိုင် Lauren DeCicca
Image caption တိုက်ပွဲတွေကြောင့် ရွေးကောက်ပွဲနေရာအနှံ့မကျင်းပနိုင်တောင်မှ ရခိုင်ပါတီတွေပဲနိုင်မှာလို့ ဒေသခံပါတီတွေဘက်က ပြောပါတယ်။

အခုအေအေဘက်က ပြောကြားချက်ဟာကော်မရှင်ရဲ့ ထုတ်ပြန်ပြောကြားချက်အပေါ်တုံ့ပြန်တယ်လို့ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ALD အတွင်းရေးမှူး ဦးမျိုးကျော်က ယူဆပါတယ်။

ဒါပေမဲ့ ပြည်နယ်မြောက်ပိုင်းမှာ စစ်ရေးပဋိပက္ခပြင်းထန်နေပြီး အခုလို အေအေဘက်ကလည်း သူတို့နဲ့ညှိနှိုင်းဖို့ ပြောလာတဲ့အတွက် ရခိုင်မှာရွေးကောက်ပွဲဖြစ်ဖို့က သိပ်မျှော်လင့်စရာမရှိဘူးလို့ ဦးမျိုးကျော်က ဘီဘီစီကိုပြောပါတယ်။

"မြောက်ပိုင်းမှာက အုပ်ချုပ်ရေးယန္တရားပျက်နေတာအမှန်ပဲ။ အဲဒီတော့ ရွေးကောက်ပွဲလုပ်ရင် ဘယ်သူ မဲရုံစောင့်မလဲ။ ဘယ်သူတွေမဲလာပေးမလဲ။ လူတွေကလည်း စစ်ဘေးနဲ့ ပြေးနေရတာ တစ်သိန်းနီးနီး ရှိလာပြီ" လို့ ၁၉၉၀ ရွေးကောက်ပွဲမှာ ရခိုင်မှာ ၁၁ နေရာအထိ အနိုင်ရခဲ့တဲ့ တတိယအင်အားအကြီးဆုံး ပါတီဖြစ်တဲ့ ALD ပါတီက ဦးမျိုးကျော်က အခုလို မှတ်ချက်ပြုတာပါ

ရခိုင်မှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအားလုံးနီးပါးမှာ ရခိုင်ဒေသခံတိုင်းရင်းသားပါတီတွေကပဲ အနိုင်ရခဲ့တာ ဖြစ်ပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်ဝန်ကြီးချုပ်ရာထူးကို အများစုအနိုင်ရတဲ့ ရခိုင်ပါတီတွေက ရွေးကောက်တင်မြှောက်ခွင့်မရဘဲ သမ္မတကသာ တိုက်ရိုက်ခန့်အပ်ခွင့်ရှိတဲ့အတွက် သဘောထား ကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။

တကယ်လို့ ရခိုင်မှာ တိုက်ပွဲတွေကြောင့် ရွေးကောက်ပွဲကို နေရာကွက်ပြီးသာ လုပ်ဖြစ်ဦးမယ်ဆိုရင်တောင်မှ ရခိုင်ပါတီတွေပဲ ဆက်နိုင်မှာဖြစ်တယ်လို့ ဦးမျိုးကျော်က သုံးသပ်ပါတယ်။

"ရခိုင်မှာကွက်ပြီးလုပ်ရင်တောင် ရခိုင်ပါတီတွေပဲ နိုင်ပါလိမ့်မယ်။ အန်အယ်လ်ဒီဘက်ကတော့ သူတို့ နိုင်တဲ့နေရာတွေက တောင်ပိုင်းပေါ့။ အခု အဲဒီတောင်ပိုင်းမှာလည်း လူထုအတော်များများက အမျိုးသားရေးဘက် အားသန်လာတော့ ရခိုင်တွေပဲနိုင်မှာပါ" လို့ သူက ဆိုပါတယ်။

လက်ရှိမှာ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ ရခိုင်ပြည်နယ်မှာ ရခိုင်အမျိုးသားပါတီ (ANP)နဲ့ ဒေါက်တာအေးမောင်ရဲ့ သား လွှတ်တော်အမတ် ဦးတင်မောင်ဝင်းဦးဆောင်တဲ့ ရခိုင့်ရှေ့ဆောင်ပါတီ(AFP) ဆိုပြီး အဓိက ပါတီကြီးသုံးခုရှိနေပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကို ALD က NLD နဲ့အတူ သပိတ်မှောက်ခဲ့ပြီး ဝင်မပြိုင်ခဲ့တဲ့အတွက် ဒေါက်တာ အေးမောင်ဦးဆောင်တဲ့ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ(RNDP) ကို တည်ထောင်ပြီ း ရွေးကောက်ပွဲ ဝင်ပြိုင်ရာမှာ နေရာအများစုနိုင်ခဲ့ပါတယ်။ အဲဒိနောက် ALD ဟာ သမ္မတဦးသိန်းစိန်လက်ထက်မှာ မှတ်ပုံပြန်တင်ပြီး RNDP နဲ့ပေါင်းကာ ရခိုင်အမျိုးသားပါတီ ANP ကိုဖွဲ့ခဲ့ပါတယ်။

အဲဒီ ANP ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်နယ်လွှတ်တော်အမတ်နေရာအများစုကို အဓိက ပါတီကြီး နှစ်ခုဖြစ်တဲ့ NLD နဲ့ ကြံ့ခိုင်ရေးတို့ကိုကျော်ပြီး အနိုင်ရခဲ့ပါတယ်။

အဲဒိနောက် ပါတီခေါင်းဆောင်တွေကြား သဘောထားကွဲလွဲမှုတွေဖြစ်လာပြီး ဒေါက်တာအေးမောင်ကို ပါတီက ထုတ်ပယ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် STR
Image caption ဒေါက်တာအေးမောင်ဟာ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ထောင်အနှစ်နှစ်ဆယ် ချမှတ်ခံရပြီး အထူးအယူခံဝင်ထားပါတယ်။

အဲဒီထုတ်ပယ်ခံရတဲ့ဒေါက်တာအေးမောင် နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲခံနေရချိန်မှာ ရခိုင့်ရှေ့ ဆောင်ပါတီ AFP ကို တည်ထောင်ခဲ့ပြီး လက်ရှိမှာ တစ်သီးပုဂ္ဂလဝင်ပြိုင်ပြီး အမတ်ဖြစ်လာတဲ့ သူ့ရဲ့ သား ဦးတင်မောင်ဝင်းက ဦးဆောင်နေပါတယ်။

ရခိုင်မှာစစ်မီးတွေ ပိုတောက်လောင်ပြီး နေ့တိုင်း လက်နက်ကိုင်တွေတိုက်တဲ့ကြား လူသေဆုံးထိခိုက်တဲ့သတင်းတွေ ရှိနေတဲ့အပြင် စစ်ရှောင်အရေအတွက်လည်း တိုးလာတဲ့အတွက် ရွေးကောက်ပွဲကို စိတ်ဝင်စားမှုမရှိပေမယ့် တကယ်တမ်း မဲပေးရမယ်ဆိုရင်တော့ ရခိုင်ပါတီတွေကိုပဲ ဦးစားပေးစဉ်းစားဖို့ရှိတယ်လို့ ရခိုင်ဒေသခံတစ်ဦးကပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ