အေအေ အဖွဲ့ဟာ လူနေအိမ်တွေကို အကာကွယ်ယူပစ်ခတ်နေတယ်လို့ တပ်ကပြော

ကျောက်တော်မြို့မဟာကံကြီးသျှင်ဘုရား ဓာတ်ပုံ မူပိုင် CNICDS
Image caption ကျောက်တော်မြို့ပေါ်ပစ်ခတ်မှုတွေကြောင့်ရုတ်ရုတ်သဲသဲဖြစ်

အေအေအဖွဲ့ဟာ မြို့၊ ရွာအတွင်း စိမ့်ဝင် လှုပ်ရှားနေပြီး ရပ်ရွာနေ ပြည်သူလူထု ရဲ့အဆောက်အအုံတွေကို အကာအကွယ်ယူပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒီဇင်ဘာလ ၂၈ ရက်နေ့ကျောက်တော်မြို့ပေါ် ပစ်ခတ်မှုနဲ့ပတ်သက်လို့ တပ်မတော်ကထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းတွေ ကျောက်တော်မြို့ လုံခြုံရေးအတွက် ဒီဇင်ဘာလ၂၈ရက်နေ့က ဆောင်ရွက်နေစဉ် မြို့တွင်းက စိုက်ပျိုးရေး သိပ္ပံကျောင်း အနီး၊ ကျောက်တော်ကားကွင်း အနီး နဲ့ လျှပ်စစ်ဓာတ်အားပေးရုံနေရာတို့ကနေ ပြည်သူ လူထု နေအိမ်တွေကို အကာအကွယ်ယူပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့လည်းထုတ်ပြန်ချက်ကပြောပါတယ်။

အေအေဘက်က တော့စစ်တပ်ဟာ ဓမ္မာရုံမှာစခန်းချပြီးဒေသခံတွေကို မတရားစစ်ဆေးတာ ၊ရိုတ်ပုတ်တာ ၊ခြိမ်းခြောက်တာတွေရှိခဲ့တဲ့ အတွက်အခုလိုပစ်ခတ်ရတာဖြစ်တယ်လို့ လည်းအေအေ ပြောခွင့်ရသူခိုင်သုခ က ဘီဘီစီကို ပြောပါတယ်။

ကျောက်တော်မြို့အတွင်းက မဟာကံကြီးသျှင်ဘုရားဝန်း အပါအဝင် နေရာတချို့မှာ ဒီဇင်ဘာလ၂၈ရက်နေ့ ကပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားတွေ ထိခိုက်ဒဏ်ရာရခဲ့တာရှိသလို မဟာကံကြီးသျှင်ဘုရားက အဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် SOE THANT AUNG
Image caption ကျောက်တော်မှာပေါက်ကွဲမှုတွေမကြာခဏဖြစ်

အေအေကလည်းဒီဇင်ဘာလ၂၈ ရက်နေ့ပစ်ခတ်မှုကို သူတို့ဘက်က ပစ်ခတ်တယ်လို့ အတည်ပြုပြောပါတယ်။

တပ်မတော်ဘက်ကတော့မြို့အဝင်မြို့အထွက်လုံခြုံရေးအတွက် စစ်ဆေးတာဖြစ်ပြီး အခုပစ်ခတ်သူတွေဟာ အရပ်ဝတ်တွေနဲ့ဖြစ်တယ်လို့ လည်းဘီဘီစီကို ပြောပါတယ်။

အေအေက ပစ်ခတ်မှုကြောင့် ကျောက်တော်မြို့ လူနေရပ်ကွက်တွေအတွင်းနဲ့ ကျောက်တော်မြို့အဝင်က မဟာကံကြီး သျှင်ဘုရားအနားမှာ လက်နက်ကြီးဗုံးသီးတွေ ကျရောက်ပေါက်ကွဲခဲ့လို့ ဘုရားဝန်းထဲ ထိခိုက်ပျက်စီးခဲ့တာတွေရှိတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

မြို့ပေါ်လုံခြုံရေးဆောင်ရွှက်နေတဲ့ တပ်ကို နေရာ ၃ နေရာ ကပစ်တာပါ လူထုကို စစ်ဆေးမေးမြန်းတာဆိုတာ ကလည်းသူတို့ကိုယ်တိုင် လူထုထဲ မှာရောပြီး အရပ်ဝတ်နဲ့ လာပစ်တယ်ဆိုတာသိသာပါတယ် လို့လည်း သူကပြောပါတယ်။

ဓာတ်ပုံ မူပိုင် Myint Lwin
Image caption ကျောက်တော်မှာ စက်တင်ဘာတုန်းကလည်း ရွာထဲလက်နက်ကြီးကျပြီး အသက် ၇၀ အရွယ် အမျိုးသားကြီးတစ်ဦးထိမှန် သေဆုံးခဲ့

ကျောက်တော်မြို့ပေါ်က တိုက်ပွဲကြောင့် အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူလေးဦးထဲက မျက်လုံးကျည်ထိမှန်သူတစ်ဦးနဲ့ နောက်တစ်ဦးကို တော့ ဒဏ်ရာပြင်းထန်တဲ့အတွက် ကျောက်တော်ဆေးရုံကနေ စစ်တွေဆေးရုံကြီးကို လွှဲပြောင်းပေးခဲ့ပြီး ကျန်တဲ့နှစ်ဦးကိုတော့ ကျောက်တော်ဆေးရုံမှာ ဆေးဝါးကုသမှုတွေ ပြုလုပ်ပေးနေတယ်လို့ သိရပါ တယ်။

မဟာကံကြီးသျှင်ဘုရားနားက ပေါက်ကွဲမှုနဲ့ တဆက်တည်းမှာ ပစ်ခတ်မှုတွေဖြစ်ပွား ခဲ့ပြီး တစ်မြို့လုံးကရုတ်ရုတ်သဲသဲဖြစ်ခဲ့တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ဘီဘီစီကိုပြောပါတယ်။

အေအေက ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့် တပ်မတော်တပ်သား အနည်းဆုံး၂၀ ကျော်ထိခိုက်ကျဆုံးခဲ့တယ်လို့ သတင်းအခိုင်အမာသိရကြောင်း ခိုင်သုခ က ပြောပါတယ်။ ဒါပေမဲ့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုချက်မရခဲ့ပါဘူး။

ပစ်ခတ်မှုတွေ ကြောင့် အဲ့ဒီရပ်ကွက်အတွင်းက လူနေအိမ်တစ်ချို့ရဲ့အိမ်ရှေ့တွေမှာ လက်နက်ကြီးကျည် အချို့ ဟာ မပေါက်ကွဲဘဲ မြေထဲစိုက်ဝင်နေတာကိုတွေ့ရတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောပါတယ်။ ကျောက်တော်မြို့နယ်အတွင်းက တိုက်ပွဲတွေဟာ တောတောင်တွေအပြင် လူစည်ကားတဲ့မြို့ပေါ် ရပ်ကွက်လိုနေရာမျိုးတွေမှာ မကြာခဏဆိုသလို ဖြစ်ပွားနေတဲ့အတွက် ရွာသူရွာသားတွေက နေအိမ်မှာနေရင်တောင် မလုံခြုံသလို ခံစားနေကြရတယ်လို့ သူကဆိုပါတယ်။

ကျောက်တော်မြို့ပေါ်မှာ ဒီဇင်ဘာ ၆ ရက်နေ့မနက်ပိုင်းကလည်း အခုလိုပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အသက်ရှစ်နှစ်အရွယ်ကျောင်းသားကလေးငယ်တစ်ဦးကျည်ထိမှန်သေဆုံးခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။

တပ်မတော်နဲ့ အေအေတို့က တစ်ဘက်နဲ့တစ်ဘက် ညှိနှိုင်းလို့မရတဲ့အခြေအနေမျိုးတွေမှာ တိုက်ပွဲတွေဆင်နွှဲကြရင်လည်း အခုလိုအရပ်သားတွေကိုထိခိုက်နိုင်တဲ့ မြို့ပေါ်လိုနေရာတွေကို ရှောင်ရှားကြဖို့နဲ့ လူထုတွေနဲ့ဝေးတဲ့နေရာတွေမှာ တိုက်ပွဲဖြစ်ကြရင်ကောင်းမယ်လို့ ဦးဦးထွန်းဝင်း က ပြောပါတယ်။