ရက်ပေါင်း၂၀ ကျော်လာပြီဖြစ်တဲ့ ပုသိမ်မြို့အနီးက အထည်ချုပ် အလုပ်သမားသပိတ်။

ဓာတ်ပုံ မူပိုင် kha kha
Image caption ဟွာမှုံအထည်ချုပ် စက်ရုံအလုပ်သမား အများစုဟာ အမျိုးသမီးတွေဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ ကအင်အားသုံးဖြိုခွင်းမယ်လို့ သတိပေးထားတဲ့ ပုသိမ်မြို့ အနီးက ကန်ကြီးထောင့်မြို့ ဟွာမှုံအထည်ချုပ် စက်ရုံအလုပ်သမားသပိတ်ဟာ ဒီဇင်ဘာ ၂၉ ရက် မှာသပိတ်စခန်းဖွင့်တာ၂၁ ရက်အထိ ရှိလာပြီဖြစ်ပါတယ်။

အလုပ်သမား တွေတောင်းဆိုမှု တွေကို လွှတ်တော်ကိုယ်စားလှယ်တွေ ကလည်းဝင်ရောက် ညှိနိုင်းပေးနေတာလည်းရှိပေမယ့် သပိတ်စခန်းကတော့ ဆက်ပြီးဖွင့်ထားဆဲဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၉ ရက်နေ့မှာ အလုပ်သမားတွေတောင်းဆိုထားတဲ့ အချက်တွေထဲက မပြေမလည်ဖြစ်နေတဲ့ အချက်ရှစ်ချက်ထဲက ငါးချက်ကို အလုပ်ရှင်ဘက်က သဘောတူလိုက်ပါတယ်။

အဝေးသင့်ခွင့်ကိစ္စ ၊ရက်မှန်ကြေး၊ ခွင့်တိုင်ရင် ငွေမဖြတ်ဖို့နဲ့နှစ်စဉ် ဆုကြေးကိစ္စ ၊အပါအဝင် အလုပ်သမားသဘောမတူဘဲ ဌာနပြောင်းတဲ့ အချက်တွေ ကို ဒီဇင်ဘာ၂၉ ရက်နေ့မှာ ညှိနိုင်းလို့ရခဲ့တယ်လို့အလုပ်သမား အချင်းချင်း ရိုင်ပင်းကူညီရေး အဖွဲ့က တာ ဝန်ခံ ဒေါ်ခခ ကပြောပါတယ်။

ဓာတ်ပုံ မူပိုင် kha kha
Image caption ဒီဇင်ဘာ ၉ ရက် မှာစက်ရုံဝန်းအတွင်း စတင်သပိတ်မှောက်

ဘာကြောင့်ဒီအလုပ်သမား တွေသပိတ်မှောက်တောင်းဆိုတာလည်း

အလုပ်သမားတွေ သပိတ်မှောက်တောင်းဆိုရတဲ့ အကြောင်းအရင်းကတော့ ဒီအထည်ချုပ်စက်ရုံဟာ မြန်မာနိုင်ငံ ရဲ့ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ ကို မလိုက်နာတာ၊ တရုတ်နိုင်ငံ သားတွေ ကအော်ဟစ်ခိုင်းစေတာ၊ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာစော်ကားတာ ၊အလုပ်သမားဥပဒေတွေကို မလိုက်နာ တွေကြောင့် ဖြစ်တယ်လို့ လည်းသပိတ်မှောက်တဲ့ အလုပ်သမားတွေ ဘက်ကပြောပါတယ်။

လုပ်ငန်းခွင်အတွင်း လိုအပ်ချက်များဖြစ်တဲ့ တောင်းဆိုချက် ၅၇ ချက်ကို အောက်တိုဘာ ၇ ရက်မှာ စတင်စုပေါင်းတောင်းဆိုမှု ပြုလုပ်ခဲ့ပြီးနောက်၊ တောင်းဆိုချက်တွေအနက် သဘောတူညီရန်ကျန်တဲ့ အချက်ရှစ်ချက်ကို အလုပ်သမားခုံသမာဓိရုံးသို့ တက်ရောက် တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ခုံသမာဓိရုံးဆုံးဖြတ်ချက် ထွက်လာရာမှာတော့ ကျေနပ်မှုမရှိ လို့ ဒီဇင်ဘာ ၉ ရက် မှာစက်ရုံဝန်းအတွင်း စတင်သပိတ်မှောက်ခဲ့ပြီး ဒုတိယမြောက်နေ့မှစတင်ကာ စက်ရုံဝန်းအတွင်းသို့ ဝင်ရောက်ခွင့်မရတော့ လို့ စက်ရုံရှေ့လမ်းမကြီးမှာသပိတ်စခန်းဖွင့် ပြီး ဆက်လက်တောင်းဆို ခဲ့ကြတာလည်းဖြစ်ပါတယ်။

သပိတ်စခန်း စဖွင့်ပြီး ခုနစ်ရက်မြောက်နေ့ မှာဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဆုံးဖြတ်ချက် ဆိုပြီး သပိတ်အားရုပ်သိမ်းဖို့နဲ့ ရုပ်သိမ်းခြင်းမရှိပါက အင်အားသုံး ဖြိုခွင်း မယ်လို့ သတိပေးပြီးနောက်မှာ သပိတ်စခန်းမှာအင်အား ပိုမိုများပြားလာခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် kha kha
Image caption အင်အားသုံးဖြိုခွင်းမယ်လို့ သတိပေးပြီးနောက်မှာ အင်အား ပိုများလာ

တိုင်းအလုပ်သမားဝန်ကြီးကို ဘာလို့ နုတ်ထွက်ခိုင်းတာလဲ

ပြီးခဲ့တဲ့ ဒီဇင်ဘာ၂၂ရက်နေ့ကတော့ ဧရာဝတီတိုင်း ဒေသကြီး အလုပ်သမား ဝန်ကြီးဌာန သက်ဆိုင်ရာ တာဝန်ရှိသူများ နဲ့ ဝန်ကြီးတို့ နုတ်ထွက်ပေးရေး အတွက် ပုသိမ်မြို့နဲ့ ကန်ကြီးထောင့်မြို့ အထည်ချုပ်လုပ်သားတွေနဲ့ တက်ကြွလှုပ်ရှားသူ အင်အား ၁၀၀၀ ခန့်က ဒိဇင်ဘာလ ၂၂ ရက် နံနက်ပိုင်းက ပုသိမ်မြို့ အတွင်း စီတန်းလှည်လည် ကြွေးကြော် ကာ ဆန္ဒဖေါ်ထုတ်ကြပါတယ်။

ဟွာမှုံ အလုပ်သမား အလုပ်ရှင် အငြင်းပွားမှု တွေနဲ့ပတ်သက်ပြီး တာဝန်ရှိ အစိုးရဝန်ကြီး နဲ့ အလုပ်သမားဌာနတွေ က တရားမျှတစွာ တာဝန်ယူဖြေရှင်းမပေးတာ ၊စက်ရုံများ ရဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ကတိ ကဝတ် နဲ့ အလုပ်သမားများ အပေါ် လူမှုရေးဆိုင်ရာ အလုပ်ခွင်ဆိုင်ရာ အခွင့်အရေး ချိုးဖေါက်တာတွေကို စစ်ဆေး အရေးယူ ဆောင်ရွက်မှုမရှိလို့ ဆန္ဒဖေါ်ထုတ်ကြတာ လို့လည်းပြောပါတယ်။

အလုပ်သမားဝန်ကြီးဟာ အလုပ်သမားတွေ သဘောမတူတဲ့ ခုံသမာဓိ အဖွဲ့ က ဖြစ်ပြီးတော့ ခုံသမာဓိ အဖွဲ့ဆုံးဖြတ်ချက် မမျှတဘူးဆိုပြီး အလုပ်သမားသပိတ်ပေါ်လာတာလည်းဖြစ်ပါတယ်။

ကန်ကြီးထောင့်မြို့ ဟွာမှုံအထည်ချုပ်စက်ရုံ အလုပ်သမားသပိတ်မှာ ဥပဒေအရ မညီညွတ်တာကြောင့် ဖယ်ရှားပေး ဖို့ ကြေညာခဲ့ ပေမယ့်၊ အင်အားသုံး ဖယ်ရှားဖို့အစီအစဉ်မရှိဘူးလို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်းကပြန်လည် ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် kha kha
Image caption စက်ရုံဘွိုင်လာ အတွက် ဒေသတစ်ဝိုက်က ထင်းတွေကို သုံးနေ

ဘယ်အချက်တွေချိုးဖောက်တာလည်း

ဒီအထည်ချုပ်စက်ရုံဟာ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ကတိကဝတ် နဲ့ အလုပ်သမားများအပေါ်အခွင့်အရေး ဆိုင်ရာ ချိုးဖောက်တာတွေ ရှိခဲ့တယ်လို့လည်း အလုပ်သမား အချင်းချင်းရိုင်းပင်းကူညီရေး အဖွဲ့က တာ ဝန်ခံ ဒေါ်ခခ ကပြောပါတယ်။

တရုတ်နိုင်ငံ သားတွေ ဟာ အလုပ်သမားတွေ ကို ခြေထောက်နဲ့ခိုင်းတာ ၊အမျိုးသမီးတွေကိုလိင်ပိုင်းဆိုင်ရာ စော်ကားတာအပြင်၊ အလုပ်ရှင်အလုပ်သမားစာချုပ် မရှိတာ၊ ရေဆိုးကို တိုက်ရိုက်စွန့်ပစ်တာ၊ စက်ရုံဘွိုင်လာ အတွက် ဒေသတစ်ဝိုက်က ထင်းတွေကို သုံးနေတာ ကို သူကထောက်ပြခဲ့ပါတယ်။

ကန်ကြီးထောင့်က လွှတ်တော်ကိုယ်စားလှယ်တွေကတော့ သပိတ်စခန်းကို အစိုးရ အင်အားသုံးဖြိုခွင်းမှာကို လက်မခံ ဘဲ ကြားက နေ ဝင်ရောက်ညှိနိုင်းပေးခဲ့ကြတာဖြစ်ပါတယ်။

အလုပ်ရှင် အလုပ်သမားကြားအခု နောက်ဆုံးညှိနိုင်းနေတဲ့ ကိစ္စကတော့ အလုပ်သမားတွေ ညနက်ပိုင်း အကြို အပို့ကိစ္စနဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်သူ မန်နေဂျာကို အရေးယူဖို့ ၊အလုပ်သမားတွေ ကို အရည် အသွေးအလိုက် ခွဲခြားပေးဖို့ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ၅ ချက် သဘောတူလိုက်နိုင်တာဟာ အခြေအနေကောင်းတယ် လို့ ဒေါ်ခခ ကပြောပါတယ်။

အလုပ်သမားတွေဘက် ကတောင်းဆိုချက်တွေ မရမချင်းတိုက်ပွဲ ဝင်သွားမယ်လို့ပြောပြီး၊ အင်အားသုံးဖြိုခွင်းမယ်လို့ အစိုးရဘက် ကပြောထားတဲ့ အတွက်တောင်းဆိုမှုတွေ မရခင် ဖြိုခွင်းခံရမှာကိုလည်း စိုးရိမ်မှုတွေရှိနေကြပါတယ်။