အေအေက ဖမ်းဆီးထားတဲ့ လဝကအရာရှိရဲ့ မိခင်နဲ့ ဆက်သွယ်မေးမြန်းချက်

ပန်ဇင်းချောင်းအတိုင်း သွားနေတုန်း ကျောက်ရစ်ရွာသစ်အနီးမှာ ခရီးသည်တင်စက်လှေကို ကမ်းကပ်ခိုင်းပြီး ဖမ်းသွားတာလို့ဆို ဓာတ်ပုံ မူပိုင် MYINT LWIN
Image caption ပန်ဇင်းချောင်းအတိုင်း သွားနေတုန်း ကျောက်ရစ်ရွာသစ်အနီးမှာ ခရီးသည်တင်စက်လှေကို ကမ်းကပ်ခိုင်းပြီး ဖမ်းသွားတာလို့ဆို

ရခိုင့်တပ်တော် အေအေက ဘူးသီးတောင်မြို့နယ်က လဝကအရာရှိသုံးဦးကို ဒီဇင်ဘာ ၂၄ ရက်မှာ ဖမ်းဆီး သွားတာ အခုဆို နှစ်ပတ်ကျော် ကြာလာပါပြီ။ အေအေဘက်ကလည်း ဒီလဝကအရာရှိတွေကို ဖမ်းဆီးထား တယ်လို့ အတည်ပြုထားပြီး ရခိုင်ပြည်နယ်အတွင်းမှာ ရဲတပ်ဖွဲ့ဝင်တွေက လဝက ဝန်ထမ်း ယူနီဖောင်းတွေ ဝတ်ဆင်ပြီး သွားလာလှုပ်ရှားမှုရှိတဲ့အတွက် အခုလိုဖမ်းဆီး စစ်ဆေးနေတာတွေ လုပ်နေတယ် လို့ ပြောကြားထားပါတယ်။ အခု ဖမ်းဆီးခံထားရတဲ့ လဝကအရာရှိသုံးဦးထဲက ဒုလက်ထောက်ဦးစီးမှူး ကိုမျိုးဆွေဦးရဲ့ မိခင် ဒေါ်ဆောင်းသီတာကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။

ဘီဘီစီ-ကိုမျိုးဆွေဦးက ဘယ်ဇာတိလဲ။ ပြီးတော့ လဝကမှာ တာဝန်ထမ်းဆောင်တာက ဘယ်လောက် ကြာပါပြီလဲ

ကိုမျိုးဆွေဦးမိခင်-ကျွန်မတို့က ရှမ်းပြည်နယ် ၊တောင်ကြီးဇာတိပါ။ သားက လဲချားလဝကမှာ အရင် အလုပ်ဝင်ပါတယ်။ အဲဒီမှာ တစ်နှစ်ကျော်လောက်တာဝန်ထမ်းဆောင်ပြီး ဘူးသီးတောင်မောင်တောမှာ ပြီးခဲ့တဲ့ သင်္ကြန်ကမှ ပြောင်းမိန့်ကျလို့ တာဝန်ထမ်းဆောင်နေတာပါ။ လဝကမှာလုပ်နေတာ သုံးနှစ်လောက်တော့ရှိပါပြီ။

ဘီဘီစီ-ကိုမျိုးဆွေဦးကို အေအေက ဖမ်းသွားတယ်လို့ ဘယ်လိုစပြီးသိတာလဲ။ ဘယ်သူတွေက အကြောင်းကြားတာပါလဲ

ကိုမျိုးဆွေဦးမိခင်-ကျွန်မတို့က သားကို ၂၃ ရက်နေ့ ည ၉ နာရီအထိကတော့ သူနဲ့ စကားပြောဖြစ်တယ်။ ၂၄ ရက်နေ့ကျတော့ ကျွန်မတို့က ဖုန်းလည်း မခေါ်ဖြစ်ဘူး။ ခါတိုင်းဆို ညနေပိုင်းတွေ ကျွန်မတို့ မခေါ်ရင် သားက ပြန်ခေါ်တတ်တယ်။ အဲဒီနေ့က အမှုမဲ့အမှတ်မဲ့နေလိုက်တယ်။ ၂၅ ရက်နေ့မနက်ကျတော့ ကလေးရဲ့ ဦးလေးတွေက သိပြီးတော့ ကျွန်မကိုဖုန်းဆက်တယ်။ သူတို့က ပေါ်တင်မပြောသေးဘူး။ အစ်မရေ လိုင်းပေါ်မှာတော့ ဒီလိုဒီလိုတွေ့မိတယ်။ အစ်မသားသတင်းဘာကြားသေးလဲဆိုတော့ ဘာမှ မကြား ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဘက်မှာ ဒီလို ဒီလိုကြားတယ်ပေါ့။ လုပ်စရာရှိတာ လုပ်ရအောင် အစ်မကို အသိပေးလိုက်တယ်ဆိုတော့ ကျွန်မ ဘာမှမပြောနိုင်တော့ဘူး။ ၂၅ ရက်နေ့ မနက် ရှစ်နာရီခွဲလောက်မှ သိရတာပါရှင့်။

ဘီဘီစီ-အဲဒီလို ဖမ်းသွားပြီဆိုတာသိပြီးတဲ့နောက် လဝက တာဝန်ရှိသူတွေနဲ့ အစိုးရဘက်ကရော ဆက်သွယ်လာတာရှိလား။

ကိုမျိုးဆွေဦးမိခင်-ကျွန်မက နှလုံးရောဂါရှိတော့ သူတို့က ဖုန်းပေးမပြောဘူးပေါ့နော်။ ကျွန်မရဲ့ခဲအိုကိုတော့ လဲချားဌာနက ဖုန်းလှမ်းဆက်ပေးတယ်။ ၂၄ ရက်နေ့ ညတည်းက သူတို့က သိတယ်။ ဒါပေမဲ့ ကျွန်မကို သူတို့က မပြောကြဘူး။

ဘီဘီစီ-မိသားစုဘက်ကရော ကိုမျိုးဆွေဦးလွတ်မြောက်ဖို့ သက်ဆိုင်ရာတွေကို ဆက်သွယ်အကူအညီ တောင်းခံထားတာရှိလား။

ကိုမျိုးဆွေဦးမိခင်-ကျွန်မ ဘယ်သူ့ကိုအကူအညီတောင်းရမှန်း မပြောတတ်မဆိုတတ်တဲ့အခါကျတော့ ဘုရားတရားက လွဲပြီး ဘာမှလည်း အကူအညီမတောင်းတတ်ဘူး။ ဟိုကိုလိုက်စုံစမ်းလိုက် ဒီကိုလိုက်စုံစမ်းလိုက်နဲ့ သတင်းလေးအပေါ်မှာပဲ တက်ကြည့်လိုက်နဲ့ပေါ့။ နေ့တိုင်းကတော့ တက်တဲ့သတင်းတွေ လိုက်ကြည့်ပြီး ကိုယ့်သားလွတ်မြောက်ဖို့အတွက်ကိုပဲ မျှော်လင့်နေရတာပေါ့။

ဘီဘီစီ-ဖမ်းဆီးခံရတဲ့အချိန်ကနေ ဒီကနေ့ထိ ကိုမျိုးဆွေဦးရဲ့ဌာနဘက်က ထပ်ဆက်သွယ်တာမျိုးရှိလား။

ကိုမျိုးဆွေဦးမိခင်-ဟိုတစ်ရက်ကတော့ လစာလွှဲပေးဖို့ဆိုပြီး ဦးစီးတစ်ယောက်ကတော့ ဘယ်ဌာနကလဲတော့မသိဘူး။ ဖုန်းဆက်လာတယ်။ ကျွန်မ နေမကောင်းနေတော့ ကျွန်မခဲအိုနဲ့ပဲ ပြောဖြစ်ပြီးတော့ သူတို့ လစာတော့ လွှဲလာပါတယ်။

ဘီဘီစီ-အေအေဘက်ကတော့ ရဲတပ်ဖွဲ့ဝင်တွေက လဝကယူနီဖောင်းတွေဝတ်ပြီး ရခိုင်ပြည်နယ်ထဲ လှုပ်ရှားတာရှိလို့ ဖမ်းဆီးစစ်ဆေးတယ်လို့ပြောတာတွေရှိပါတယ်။ ကိုမျိုးဆွေဦးက လဝက ဝန်ထမ်း ဟုတ်တယ်ဆိုတာကို မိသားစုက ဘယ်လိုများ ပြောချင်လဲ။

ကိုမျိုးဆွေဦးမိခင်-ကျွန်မသားက လဝကထဲဝင်တာ အခုမှ သုံးနှစ်တည်းရှိပါသေးတယ်။ လဝက ဟုတ်မှန်ကြောင်း ကျွန်မ ပြောချင်ပါတယ်။ ဝန်ထမ်းအနေနဲ့ သူတို့ ဒါဝတ်ရမယ်ဆိုရင် အဝတ်အစားကတော့ သူတို့ ကတော့ ဝတ်ရမှာပေါ့ရှင့်။ လဝက အစစ်အမှန်ဟုတ်ကြောင်း ကျွန်မပြောလိုပါတယ်။ စစ်တပ်နဲ့လည်း မပတ်သက်ပါဘူး။ ရဲဘက်နဲ့လည်း ဘာမှမပတ်သက်ပါဘူးရှင့်။

ဘီဘီစီ-အေအေဘက်ကိုရော မိသားစုက ဘာများတောင်းဆိုပြောကြားလိုပါသလဲ။

ကိုမျိုးဆွေဦးမိခင်-သားက စစ်ရေးလည်းနားမလည်ပါဘူး။ နိုင်ငံရေးလည်းနားမလည်ပါဘူးရှင့်။ သူ့ဘာသာ သူ ကားတာယာဆိုင်မှာ လုပ်နေလည်း အဆင်ပြေပါတယ်။ မအေကိုရှာကျွေးနေတာပါ။ မအေက သြော် သားလေးတစ်ယောက်နဲ့ ကိုယ်လည်း အေးဆေးလေးနေရပါစေတော့ဆိုပြီး ဒီလဝက ဝင်ပါ ဆိုပြီး သားကို ဒီလဝကထဲ သွင်းလိုက်မိတာပါရှင့် (ငိုလျက်) အဲဒါကြောင့် ဒီစစ်ရေးစစ်ရာနဲ့ နိုင်ငံရေး ဘာတစ်ခုမှနားမလည်တဲ့ ကလေးလေးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့တောင်းဆိုချင်ပါတယ်ရှင့်။

ဘီဘီစီ-ဒေါ်ဆောင်းသီတာမှာ သားနှစ်ဦးရှိတာ တစ်ဦးကလည်းဆုံးသွားပြီလို့သိရပါတယ်။ ဒီသားတစ်ယောက်ပဲရှိတော့ ခုအချိန်မှာ ဘယ်လောက်ထိ ပူပန်စိုးရိမ်နေရပါသလဲ။

ကိုမျိုးဆွေဦးမိခင်-ကျွန်မက သားနှစ်ယောက်မှာ သားငယ်လေးကတော့ ပြီးခဲ့တဲ့နှစ်က ဆုံးသွားပါပြီ။ အကြီးကောင်လေးပဲရှိပါတော့တယ်။ ကျွန်မတောင်းဆိုချင်တာက နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး အဆင်ပြေရင် ကျွန်မသားလေးကို ပြန်လွှတ်ပေးဖို့ပါပဲရှင့်။ ကျွန်မ နိုင်ငံတော်တွေကိုလည်း တောင်းပန်ချင်ပါတယ်ရှင့်။ ကျွန်မ သားကို အသက်ချမ်းသာခွင့်လေးပေးကြပါလို့ ကျွန်မ ပြောဆိုလိုပါတယ်ရှင့်။ နိုင်ငံရေးလည်း စိတ်မဝင်စားပါဘူးရှင့်။ (ငိုလျက်) ရတဲ့အလုပ်နဲ့ မိဘကိုလုပ်ကျွေးနေတာပါရှင့်။ အခုတော့ အစိုးရအနေနဲ့လည်း ဘာမှလုပ်မပေးနိုင်၊ ကိုယ့်ဘက်က ဘာလုပ်လို့လုပ်ရမှန်း မသိတော့ ကျွန်မတို့ ဘယ်သူ့ကိုမှလည်း အားမကိုးရဲဘူး၊ မတိုင်ပင်ရဲဘူးရှင့်။ ဒီဘက်ကို သွားပြောလိုက်ရင်လည်း ဟိုဘက်က ကိုယ့်ကလေးကို တစ်ခုခု လုပ်မှာလည်း စိုးပါတယ်ရှင့်။ ဒီဘက်ကိုပြောရင်လည်း ကိုယ်က ပြောမှားဆိုမှားဖြစ်မှာလည်း စိုးနေရတယ်ရှင့်။ ကျွန်မတို့မှာ ဘာတစ်ခုမှ လုပ်မထား တဲ့အတွက် ဒီကလေးလေးကိုပဲ ပြန်လိုချင်ပါတယ်ရှင့်။