မန္တလေးမှာ စက်ရုံ၊အလုပ်ရုံတွေကို သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးမလုပ်ရင် ပိတ်သိမ်းတဲ့အထိ အရေးယူမယ်

မန္တလေးတိုင်းဒေသကြီးမှာ စက်မှုလုပ်ငန်း မှတ်ပုံတင်ထားတဲ့ လုပ်ငန်းပေါင်း ၈ ထောင်နီးပါးအထိရှိ ဓာတ်ပုံ မူပိုင် DEA / C. SAPPA
Image caption မန္တလေးတိုင်းဒေသကြီးမှာ စက်မှုလုပ်ငန်း မှတ်ပုံတင်ထားတဲ့ လုပ်ငန်းပေါင်း ၈ ထောင်နီးပါးအထိရှိ

မန္တလေးတိုင်း ဒေသကြီးအတွင်းက စက်ရုံ၊အလုပ်ရုံ တချို့ကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲမှု EMP ကို သတ်မှတ်ကာလအတွင်း မတင်ပြနိုင်ရင် ပိတ်သိမ်းဖို့အထိ အရေးယူဖို့ မန္တလေးတိုင်းဒေသကြီး အစိုးရက ထုတ်ပြန်လိုက်ပါတယ်။

စက်ရုံအမျိုးစား ၉ မျိုးသတ်မှတ်ထားပြီး ဒီထဲမှာ အရက်ဘီယာ စက်ရုံ၊ ပိုးသတ်ဆေးစက်ရုံ၊ ဘိလပ်မြေ/ထုံး နဲ့ အဝတ်အထည်ဆေးဆိုးစက်ရုံ၊ သတ္တု အရည်ကျို၊ သားရေနယ် အစ ရှိတဲ့ စက်ရုံအမျိုးအစားတွေပါဝင်ပြီး ဒီစက်ရုံတွေဟာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာစီမံခန့်ခွဲရေး မူဝါဒတွေ ရေးဆွဲပြီး သက်ဆိုင်ရာကို တင်ပြရမှာဖြစ်ပါတယ်။

'' သတ်မှတ်ကာလအတွင်း မတင်ပြနိုင်ရင် သဘာဝပတ်ကျင်ထိန်းသိန်းရေးဆိုင်ရာ ဥပဒေနဲ့ ဆက်လက် အရေးယူ ဆောင်ရွက်သွားမယ်'' လို့ မန္တလေးတိုင်း သံယံဇာတနဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးမျိုးသစ်က ပြောပါတယ်။

အဲဒီစက်ရုံတွေကို ၂၀၁၈ ခုနှစ်ကတည်းက သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှု Enviromental Management Plan ကို ရေးဆွဲဖို့ အစိုးရကနှိုးဆော်ထားတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မရေးဆွဲရသေးတဲ့ စက်ရုံ တွေအများအပြားရှိတာကြောင့် သက်တမ်းဆက်တိုးပြီး ရေးဆွဲဖို့ တိုက်တွန်းလာခဲ့တာဖြစ်ပြီး လာမယ့် ဇန်နဝါရီလ ၂၉ ရက်နေ့မှာတော့ သက်မှတ်ကာလ ပြည့်တော့မှာပါ။

ဒီလို လုပ်ဆောင်ဖို့ ညွှန်ကြားတာဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်အောင် လျှော့ချဖို့ လုပ်တာဖြစ်တယ်လို့ ဝန်ကြီးဦးမျိုးသစ်က ပြောပါတယ်။

သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှု (EMP )ရေးဆွဲပြီးတဲ့ စက်ရုံတွေကိုလည်း လိုက်နာမှု ရှိမရှိဆိုတာ ဆက်လက်စောင့်ကြည့်သွားမှာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနဲ့ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်ကပြောပါတယ်။

မန္တလေးတိုင်းဒေသကြီးမှာ စက်မှုလုပ်ငန်း မှတ်ပုံတင်ထားတဲ့ လုပ်ငန်းပေါင်း ၈ ထောင်နီးပါးအထိရှိပြီး သတ္တုအရည်ကျိုလုပ်ငန်းတွေနဲ့ သားရေနယ်လုပ်ငန်းတွေက အများဆုံးရှိတယ်လို့ သိရပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ပလပ်စတစ်ညစ်ညမ်းမှုနဲ့ သဘာဝပတ်ဝန်းကျင်

ဆက်စပ် အကြောင်းအရာများ