ရန်ကုန်မြို့သစ်စီမံကိန်း ခွင့်ပြုချက်မရသေးပေမဲ့ကျပ်သိန်း တစ်သောင်းကျော်အသုံးပြုထား

လူဦးရေထူထပ်တဲ့ ရန်ကုန်ကို မြို့သစ်အဖြစ်တိုးချဲ့ဖို့ လုပ်ဆောင်နေ ဓာတ်ပုံ မူပိုင် ROMEO GACAD/AFP via Getty Images
Image caption လူဦးရေထူထပ်တဲ့ ရန်ကုန်ကို မြို့သစ်အဖြစ်တိုးချဲ့ဖို့ လုပ်ဆောင်နေ

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဘဏ္ဍာငွေသုံးစွဲမှုနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းလွှတ်တော်မှာ တင်ပြ လာတဲ့ ၂၀၁၇ - ၂၀၁၈ စာရင်းစစ်ချုပ်အစီရင်ခံစာအရ ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်မယ့် NYDC ကုမ္ပဏီအနေနဲ့ စီမံကိန်းလုပ်ဆောင်ဖို့ ရင်းနှီးမြုပ်နှံမှုကော်မရှင်ကနေ ခွင့်ပြုချက်မရသေးပေမဲ့လည်း ကနဦးရင်းနှီးမြုပ်နှံငွေထဲက စစ်ဆေးချိန်အထိ ကျပ်ငွေသန်း ၁၁၈၃ ဒဿမ ၄၅၉ အားသုံးစွဲထားတာတွေ့ရှိရတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေနဲ့ မြို့သစ်စီမံကိန်းပါ လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်ဖို့ ရင်းနှီးမြုပ်နှံမှု ကော်မရှင်ကို တင်ပြထားသော်လည်း MIC အနေနဲ့ လွှတ်တော်ရဲ့ မှတ်ချက်ပါမှသာခွင့်ပြုမှာဖြစ်တဲ့အတွက် ခွင့်ပြုချက်မရသေးဘူးဖြစ်နေတယ်လို့လည်း ရန်ကုန်တိုင်းစာရင်းစစ်ချုပ် အစီရင်ခံစာပါအချက်အလက် တွေအရသိရပါတယ်။

'' ရန်ကုန်မြို့သစ်စီမံကိန်းအတွက်သုံးမယ့် ကျပ်ငွေ ၆၄ ဘီလီယံထဲက ၁၀ဘီလီယံကိုသုံးဖို့ ကုမ္ပဏီက လုပ်နေတာ။ အခု ၁၂ ရာခိုင်နှုန်းကို ဝန်ထမ်းတွေရဲ့ လစာနဲ့စရိတ်၊ အထွေထွေရုံးသုံးကုန်ကျစရိတ်တွေသုံးထားတာတွေ့တယ်ပေါ့။ ဒီမြို့သစ်စီမံကိန်းကိုလည်း လွှတ်တော်က အကြိမ်ကြိမ်မေးခွန်းတွေမေးတယ်။ အစိုးရအဖွဲ့က လာဖြေရှင်းတာမျိုးမရှိခဲ့ဘူး။ အခုကတော့ စာရင်းစစ်ချုပ် အစီရင်ခံထွက်လာပြီဆိုတော့ လွှတ်တော်မှာထပ်ပြီး မေးခွန်းမေးတာတွေ ထောက်ပြတာတွေထပ်လုပ်မှာပေါ့'' လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဘီဘီစီကို ပြောပါတယ်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ စီမံကိန်းတွေလုပ်ဆောင်ဖို့ ၂၀၁၆- ၂၀၁၇ ခုနှစ်ကတည်းက အသုံးပြုငွေ ကျပ် ငွေ ၁၃၄ ဘီလီယံအသုံးပြုဖို့ ခွင့်ပြုပေးခဲ့ပြီး အစိုးရအဖွဲ့အနေနဲ့ လုပ်ဆောင်ချက်တွေဟာ မူရင်းရည်ရွယ် ချက်တွေနဲ့ လွှဲချော်နေတယ်ဆိုပြီး လွှတ်တော်ကနေ ထောက်ပြတာတွေလည်းရှိခဲ့ပါတယ်။

' ' ဥပမာ တန်ဖိုးနည်းအိမ်ရာတွေဆောက်ဖို့ ဆိုပြီး မူလကတင်ပြလို့ ခွင့်ပြုထားတဲ့ငွေတွေကို အစိုးရအဖွဲ့ အနေနဲ့ မက်ထရိုပိုလီတန်နဲ့ NYDCဆိုပြီး ကုမ္ပဏီတွေဖွဲ့ပြီး တခြားလုပ်ငန်းတွေကို လုပ်နေတာတွေလည်း တွေ့ရတယ်။'' လို့ ဦးကျော်ဇေယျက ထောက်ပြပြောဆိုပါတယ်။

ဒါ့အပြင် ယခင်နှစ်ကတည်းက ပြင်ဆင်ဖို့ ထောက်ပြထားတဲ့ ပုဂ္ဂလိက ကို ချထားပေးတဲ့ လုပ်ငန်းတွေမှာ လည်း ခေတ်ကာလနဲ့မလျော်ညီတဲ့ ခွင့်ပြုငွေနဲ့ ဆက်လက်ငှားရမ်းတာတွေရှိနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

'' ဥပမာ ဝန်ကြီးများရုံးရဲ့ငှားရမ်းခဟာ နိုင်ငံတော်က ၂ဘီလီယံလောက်နစ်နာတယ်ဆိုတာ ၁၆ -၁၇ အစီရင် ခံစာထဲက စာရင်းစစ်ချုပ်ကြီးက ထောက်ပြထားတယ်။ လိုက်နာဖို့နေနေသာသာ ပိုတောင်ဆိုးသွား တယ်။ ရသင့်ရထိုက်တာမတောင်းတဲ့အပြင် တည်ဆောက်ဆဲကာလသတ်မှတ်ထားတာရှိတယ်။ သတ်မှတ်ကာလ မပြီးတော့ ဒဏ်ကြေး ၁၀ ရာနှုန်း ကျပ်သန်း ၃၀၀ ကျော်ပေးဆောင်ဖို့ MIC ကသတ်မှတ်ထားတာကိုလည်း မတောင်းထားဘူး။'' လို့လည်း အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး ဦးကျော်ဇေယျက ထောက်ပြပြောဆိုပါတယ်။

အစိုးရအဖွဲ့က လုပ်ဆောင်တဲ့ စီမံကိန်းတွေ၊ ဘဏ္ဍာငွေသုံးစွဲမှုတွေ နဲ့ ပတ်သက်ပြီး လွှတ်တော်က မေးမြန်းချက်၊ထောက်ပြချက်တွေကို အစိုးရအဖွဲ့အနေနဲ့လာရောက်ဖြေရှင်းတာမျိုးမရှိတဲ့အတွက် လွှတ်တော်အမတ်တွေကနေ အစိုးရကတိကဝတ်နဲ့ အာမခံချက်များကော်မတီ ကတဆင့် လိုအပ်သလို ဆောင်ရွက်ဖြေရှင်းပေးနိုင်ဖို့ တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။

ဆက်စပ် အကြောင်းအရာများ