ရန်ကုန်မြို့ဟာ အရင်ထက်ပိုတိုးတက်လာတယ်လို့ မြို့တော်ဝန်ဦးမောင်မောင်စိုးပြော

အမှိုက်တွေနဲ့ ပြည့်နှက်နေတဲ့နောက်ဖေးလမ်းကြားအများစုကို ဥယျာဉ်တွေအဖြစ်ပြောင်းလဲနိုင်ခဲ့ ဓာတ်ပုံ မူပိုင် PCCD
Image caption အမှိုက်တွေနဲ့ ပြည့်နှက်နေတဲ့နောက်ဖေးလမ်းကြားအများစုကို ဥယျာဉ်တွေအဖြစ်ပြောင်းလဲနိုင်ခဲ့

ရန်ကုန်မြို့ဟာ အရင်ကထက် ပိုတိုးတက်လာတယ်လို့ မြို့တော်ဝန်ဦးမောင်မောင်စိုးက ဇန်နဝါရီ ၁၃ရက်နေ့က ရန်ကုန်မြို့တော်ခန်းမမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

ကားလမ်းတွေကြပ်တာ၊ ရေဆိုးထုတ်လွတ်တဲ့စနစ်တွေကို မထိန်းချုပ်နိုင် သေးတာတွေ အပါအဝင် ကျူးကျော်တွေကို အခုထိစနစ်တကျ နေရာပြန်ချ မပေးနိုင်သေးတာတွေအပေါ် မြို့နေလူထုအကြား စည်ပင်သာယာရေးလုပ်ဆောင်ချက်တွေကို ဝေဖန်ပြောဆိုတာတွေကလည်းရှိနေပါတယ်။

ဒါ့အပြင်စည်ပင်သာယာရေးကလုပ်နေတဲ့ လုပ်ငန်းတွေမှာ ပြည့်သူ့ဘဏ္ဍာငွေတွေ ဘီလီယံနဲ့ချီ ဆုံးရှုံးနေ တယ်လို့ ၂၀၁၇၀-၁၈ခုနှစ်ရဲ့ စာရင်းစစ်ချုပ်အစီရင်ခံစာမှာဖော်ပြထားပြီး လွှတ်တော် အမတ်တွေက ရန်ကုန်လွှတ်တော်မှာ ဆွေးနွေးကြဖို့ ပြင်ဆင်နေတာတွေလည်းရှိပါတယ်။

ဓာတ်ပုံ မူပိုင် PCCD
Image caption ရေဆိုးမြောင်းအတွင်း ရှင်းလင်းရေးလုပ်နေတဲ့ စည်ပင်လုပ်သားတစ်ဦး

'' တိုးတက်သင့်သလောက် မတိုးတက်ဘူးလို့ မြင်တာပေါ့။ ဒါပေမယ့် ၂၀၁၆ မတိုင်ခင်ကတည်းက လမ်းတွေ တံတားတွေ အမှိုက်တွေက အခုအခြေအနေက ပိုကောင်းလာပြီ။ ဒါက ပြည်သူလူထု လည်းပါသလို YCDC ရဲ့အားကျိုးမာန်တက်လုပ်ဆောင်ချက်တွေကြောင့်လည်းပါတယ်။''လို့ ဝေဖန်မှု တွေရှိနေပေမဲ့ ရန်ကုန်မြို့တိုးတက်လာတယ်လို့ ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောပါတယ်။

ဒါပေမဲ့လည်း မြို့နယ်တိုင်းက အမှိုက်သိမ်းစနစ်၊ ရေမြောင်းစနစ်တွေမကောင်းမွန်မှု၊ မိလ္လာစနစ်တွေ ကလည်း စနစ်ကျမှုမရှိသေးဘူးလို့ မြို့နေလူထုအများစုက ထင်မြင်နေဆဲဖြစ်ပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့က စည်ပင်သာယာကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ အချက်အချာကျတဲ့နေရာတွေကို အရင်အစိုးရ ခေတ်အဆက်ဆက် ပေါက်ဈေးထက် အဆမတန်နည်းပါးတဲ့နှုန်းနဲ့ ငှားထားတဲ့ကိစ္စတွေ ကိုလည်း အခုချိန်ထိ မဖြေရှင်းနိုင်သေးဘူးလို့ လွှတ်တော်ကနေ ထောက်ပြထားပါတယ်။

ဓာတ်ပုံ မူပိုင် PCCD
Image caption ရန်ကုန်မြို့အတွင်းနောက်ဖေးလမ်းကြားဥယျာဉ်တွေ ဖွင့်လှစ်လာနိုင်ခဲ့

ရန်ကုန်မြို့တော် စည်ပင်ရဲ့ လုပ်ဆောင်ချက်တွေကို အပြည့်အဝအားရမှုမရှိသေးပေမဲ့လည်း အရင်ထက်စာရင်တော့ ပိုတိုးတက်လာတယ်ဆိုတာ လမ်းတွေ၊ တံတားတွေကိုထောက်ပြပြီး မြို့တော်ဝန်က ပြောပါ တယ်။

'' ရေစီးရေလာရှိမယ်။ ရေရရှိမှုရှိမယ်။ ရေကြည်ရုံနဲ့မရဘူး ။ ရေကောင်းရေသန့် တင်မကဘူး ကွာလတီက လည်းကောင်းရမယ်။ နောက်လမ်းတွေ ဆက်သွယ်ရေးကြိုးတွေ အဲဒါတွေလည်းရှင်းရမယ်။ ဒါက ကျွန်တော်တို့နဲ့မဆိုင်ပေမဲ့ မြို့အလှပျက်တယ်။ ကျွန်တော်တို့ ရအောင်ရှင်းတယ် ။နောက်တစ်ခုက အလင်းရောင်ရဖို့ စိမ်းလန်းစိုပြေဖို့ ။ နံပါတ်တစ် အလိုချင်ဆုံးက လာဘ်မစားဖို့ ၊ခြမစားဖို့။ အဲဒါ အဓိကပဲ။ ကျေနပ်လားလို့ မေးရင်တော့မကျေနပ်ပေမယ့် သို့သော် တိုးတက်လားလို့မေးရင်တော့ တိုးတက်တယ်''

ရန်ကုန်က တိုးတက်နေတယ်လို့ဆိုပေမဲ့လည်း နှစ်စဉ်စာရင်းစစ်အစီရင်ခံစာတွေအရ ရန်ကုန် စည်ပင်ရဲ့ လုပ်ငန်းဆောင်တာတွေဟာ အရှုံးပေါ်နေတာ၊ ပြည်သူ့ဘဏ္ဍာငွေတွေဆုံးရှုံးနေတာက အများစုဖြစ်နေသေး ပါတယ်။