ပြည်ပရောက်မြန်မာတွေ ပြန်လာဖို့ အစိုးရ ဖိတ်ခေါ်ချက် အပေါ် သုံးသပ်ချက်များ

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ပခရီးစဉ်တွေမှာ ပြည်ပရောက်မြန်မာအသိုင်းအဝိုင်းနဲ့ တွေ့ဆုံလေ့ရှိ ဓာတ်ပုံ မူပိုင် Myanmar State Councellor office
Image caption ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ပခရီးစဉ်တွေမှာ ပြည်ပရောက်မြန်မာအသိုင်းအဝိုင်းနဲ့ တွေ့ဆုံလေ့ရှိ

ပြည်ပရောက် မြန်မာတွေ နိုင်ငံအကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်ရေး ဖိတ်ခေါ်ဖို့ဆိုပြီး ပြည်ပက မြန်မာသံရုံးတွေကို နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၃ ရက်မှာ ညွှန်ကြားခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်ကလည်း အခုလို ဖိတ်ခေါ်မှုတွေရှိခဲ့ပြီး မြန်မာ နိုင်ငံသားတချို့ ပြန်လာခဲ့ကြတာရှိခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၅ ခုနှစ်နှစ်ဆန်းပိုင်းက စလို့ အသိပညာရှင် အတတ်ပညာရှင်မြန်မာနိုင်ငံသားဟောင်းတွေကို နိုင်ငံခြားသားအမြဲတမ်းနေထိုင်ခွင့် တွေကို စိစစ်ခွင့်ပြုပေးခဲ့တာတွေ ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးတွေ သွားတိုင်း မြန်မာနိုင်ငံကို ပြန်လာပြီး ဝိုင်းကူညီဖို့ တိုက်တွန်းသလို အန်အယ်လ်ဒီအစိုးရတက်လာတော့လည်း ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ပြန်လာကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

အခုလို မြန်မာအစိုးရဖိတ်ခေါ်ချက်က ပြည်ပရောက်မြန်မာတွေပြန်လာဖို့အတွက် မြန်မာနိုင်ငံရဲ့ ကဏ္ဍအသီးသီးက အခင်းအကျင်းက အဆင်သင့်ဖြစ်ပါပြီလား။ ပြန်လာပြီး ကူညီချင်တဲ့မြန်မာနိုင်ငံသားတွေအတွက် ဘာတွေ အကြံပြုချင်ပါသလဲ စတဲ့ သုံးသပ်ချက်နဲ့အမြင်တချို့ကို စုစည်းဖော်ပြလိုက်ပါတယ်။

ဒေါ်ကေသီစိုး(ချက်သမ္မတနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး)

ဓာတ်ပုံ မူပိုင် Myanmar Embassy Prague
Image caption ဒေါ်ကေသီစိုး(ချက်သမ္မတနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး)

ဒါကတော့ Human Resource Management လို့ပြောလို့ရတာပေါ့။ သူတို့ကလည်း အကူအညီ ပေးချင်တယ်။ ကျွန်မတို့ကလည်း အသုံးကျမယ်ဆိုတဲ့နေရာမျိုးမှာ သုံးလို့ရသွားရင် ဒါနိုင်ငံတိုးတက်မှု အတွက် အများကြီးအထောက်အကူဖြစ်တာပေါ့။ လူတွေ ဘယ်သူက ဘယ်နေရာမှာလုပ်ချင်တယ်ဆိုတာနဲ့ သူ အသုံးဝင်မယ့်နေရာနဲ့ကို ကျွန်မတို့က ဆက်စပ်ပေးတာလို့ထင်တယ်။ ပြည်ပရောက်မြန်မာတွေ ပြန် လာဖို့ မြန်မာနိုင်ငံအခင်းအကျင်းက အဆင်သင့်ဖြစ်ပြီလားဆိုတာကတော့ တစ်ခုခုကို သွားတယ်ဆိုရင် အဆင်သင့်ဖြစ်ပါတယ်ဆိုတာ ဘယ်တုန်းကရှိဖူးလို့လဲ။ သူတို့ ဒီဘက်ကို ထွက်လာတုန်းကလည်း အခက်အခဲတွေအများကြီးရှိမှာပဲလေ။ လုပ်ချင်စိတ်နဲ့ ကိုယ်ဘယ်လောက် လုပ်နိုင်မလဲ။ ပိုင်ပိုင် နိုင်နိုင် ဆုံးဖြတ်ဖို့တော့လိုတာပေါ့။ ဒီမှာအလုပ်ကောင်းရဲ့သားနဲ့ မြန်မာပြည်ပြန်ပြီးတော့ ဒီမှာနေ တဲ့အတိုင်းနေရမယ်၊ ဒီမှာရတဲ့လစာအတိုင်းရမယ်။ ဒီကလုပ်သလို လုပ်နိုင်မယ်လို့ ယူဆပြီးသွားရင်တော့ ယူဆပြီးသွားတဲ့သူ မှားမှာပေါ့နော်။ ကျွန်မတို့ထင်တာကတော့ မြန်မာပြည် မှာပြန် အလုပ်လုပ်တဲ့လူတစ်ယောက်ကိုတော့ ဒီဘက်က နိုင်ငံတွေက ပေးသလောက်လိုမျိုးတွေတော့ ပေးနိုင်မှာ မဟုတ်ဘူးလေ။ အဲဒီလိုမျိုးမျှော်လင့်ထားပြီးတော လုပ်မယ်ဆိုရင်တော့ဒီလုပ်ငန်းမျိုးက အောင်မြင်မှာ မဟုတ်ဘူး။ အခက်အခဲတွေကတော့အများကြီး ရှိနေဦးမှာပဲလေ။ အ ဆင်သင့်ဖြစ်ပြီလို့ ကျွန်မတို့ကတော့ပြောနိုင်မယ်မထင်ဘူး။ ဒါပေမဲ့အဲဒီအခက်အခဲရှိနေတာကို ကျွန်မတို့က ကျော်လွှားချင်တဲ့စိတ်နဲ့ လုပ်မယ်ဆိုရင်အဆင်ပြေလာမှာပေါ့။ အခက်အခဲရှိတယ်ဆိုတာကိုတော့ အာမခံနိုင်တယ်။ အဆင်သင့်ဖြစ်တယ်ဆိုတာကိုတော့ အာမမခံနိုင်ဘူးပေါ့။

ဦးမင်းဇော်ဦး(အမှုဆောင်ဒါရိုက်တာငြိမ်းချမ်းရေးနဲ့လုံခြုံရေးဆိုင်ရာမြန်မာအင်စတီကျု)

ဓာတ်ပုံ မူပိုင် Min Zaw Oo fb
Image caption ဦးမင်းဇော်ဦး

သုံးချက်ရှိတယ်။ အရင်က နိုင်ငံရေးကြောင့် ထွက်သွားရတဲ့သူတွေ၊ ဥပမာ ဒုက္ခသည်တွေလည်းပါမယ်။ အားလုံးကြည့်ရင် နိုင်ငံတကာမှာ နှစ်သိန်းလောက်တော့ရှိတယ်။ တကယ်တမ်းပြန်လာတဲ့သူက လူတစ်ထောင်မှာ တစ်ယောက်မရှိဘူး။ ပြန်လာတဲ့အထဲမှာ တစ်နှစ်ကိုဒေါ်လာတစ်သိန်းလောက်ဝန်းကျင် ဝင်ငွေရှိတဲ့လူဆိုတာလည်းရှားတယ်။ နိုင်ငံတကာရောက်နေသူတွေထဲမှာ ပညာတတ်အသိုင်းအဝိုင်း မဟုတ်ဘဲ Blue collar workers (အခြေခံအလုပ်သမား) လူတန်းစာတွေဆိုလည်း ပြန်မလာကြဘူး။ မြန်မာ ပြည်ပြန်လာရင် ဘာလုပ်စားမလဲပေါ့။ ပညာတတ်တွေပြန်လာတယ်ဆိုရင်လည်း ဒီမှာ တိုင်းပြည်ကို လည်းအကျိုးပြုနိုင်မယ်။ သူတို့ရဲ့စားဝတ်နေရေးပြဿနာကိုလည်း ဖြေရှင်းနိုင်မယ်ဆိုတဲ့ စဉ်းစား ချက်မျိုးရှိတယ်။ အခုအနေအထားမှပြန်လာရင် တော်တော်လေး စွန့်စားပြီးပြန်လာတဲ့သူတွေ လောက်ပဲရှိမယ်။ ဒါပေမဲ့လည်း ဒါက တိုင်းပြည်တစ်ခုကိုအပြောင်းအလဲဖြစ်နိုင်လောက်အောင် ထုနဲ့ထည်နဲ့ပြန် လာတဲ့ ပမာဏမရှိဘူး။ နံပါတ်နှစ်က နောက်လူတွေခဏထားဦး။ လက်ရှိပြန်လာတဲ့ သူတွေကို အစိုးရက ဘယ်လောက်သုံးနိုင်လဲ။ အခုဆို အစိုးရမှာ လက်သင့်ရာစားတော်ခေါ်တာမျိုး တွေဖြစ်လာတာရှိတယ်။ သူ့ရဲ့ကျွမ်းကျင်မှုကိုမကြည့်ဘဲ နိုင်ငံရေးအရ ဘယ်လောက် အင်လိုင်းဖြစ်မလဲ။ ငါ့လူဖြစ်နိုင်မလား ၊ ငါ့အပေါ်သစ္စာရှိနိုင်မလားဆိုတာနဲ့ စဉ်းစားကြတော့ ခုပြန်ကြည့်လိုက်ရင် ပြန်လာတဲ့သူအများစုက ဒီအဝန်းအဝိုင်းထဲမှာမရှိဘူး။ နံပါတ် ၃ အချက်က ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ လူတစ်ယောက်ရဲ့ လုပ်ငန်း ကျွမ်းကျင်မှုပေါ်မူတည်ပြီး လူတွေကိုအသိအမှတ်ပြုတဲ့ယဉ်ကျေးမှုရှိတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ အဲဒါမရှိသေးဘူး။ ခုပြန်လာတဲ့သူတွေကို မူအရမဟုတ်ဘဲ လူကိုကြည့်ပြီး နေရာပေးတာဖြစ်လာနေတယ်။ အလုပ်လုပ်တဲ့နေရာမှာကျွမ်းကျင်မှုပေါ်အခြေခံပြီး မစဉ်းစားတော့ အများစုက ကျွန်တော်တွေ့သလောက် တော်တော်များများ စိတ်ပျက်နေကြပြီ။ အခြားနိုင်ငံတွေမှာလည်း ဒီလိုပထမဆုံးလှိုင်း (First wave) မှာ လာတဲ့သူတေ်ောတ်ာများများ စိတ်ပျက်ပြီးပြန်ကြတယ်။ အနည်းဆုံး တတိယလှိုင်း( Third wave) လောက်မှ ပြန်လာသူအများစုက တိုင်းပြည်မှာ ပြန်အခြေချမှာ။ ကျွန်တော့်အမြင် ကတော့ ပြန်လာတဲ့သူတွေထဲမှာ ဒီ ရွေးကောက်ပွဲအပြီးမှာ ပြန်ထွက်သွားမယ့်သူတွေ ရှိနေတယ်။

မပိုးဖြူသန့်(Strategy analyst၊ ကျန်းမာရေးဝန်ကြီးဌာန၊ လန်ဒန်)

ဓာတ်ပုံ မူပိုင် Poe Phyu Thant
Image caption မပိုးဖြူသန့်

ပြည်ပရောက်အများစုက ကျောင်းသား ဒါမှမဟုတ် ပြည်ပမှာအခြေကျတဲ့သူများတယ်။ ပြန်ဖို့က တော်ရုံ စွန့်ပြီး ပြန်ဖို့တော့ အရမ်းကြီးမလွယ်ဘူး။ အချိန်ကာလအပိုင်းအခြားအနေနဲ့ Volunteer လာလုပ် ပေးရတာ က ပိုပြီးအဆင်ပြေနိုင်တယ်။ ဥပမာ သုံးလတန်သည်လေးလတန်သည်ဆိုရင် career break သော် လည်း ကောင်း တစ်ခုခုလုပ်ပြီး ပြန်လာလုပ်ပေးလို့ရတယ်။ တချို့ဆို ရွေးကောက်ပွဲနားနီး ရင်တစ်လလောက် ကြိုပြီး ခွင့်ယူပြီးပြန်ကြဖို့ရှိတယ်။ ကာလတိုဆို ပိုအဆင်ပြေတယ်။ ကာလရှည်သွားမယ်ဆိုရင် သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့တွေ့ပြီး ဘာလုပ်ပေးနိုင်မလဲ၊ ဘယ်လိုကူညီပေးနိုင်မလဲဆိုတာမျိုးကမှ ပိုပြီးတော့ အဆင်ပြေမယ်ထင်တယ်။

(ပြန်ချင်တဲ့သူတွေအတွက် မြန်မာအခင်းအကျင်းက အဆင်သင့်ဖြစ်လားဆိုတာကတော့) အရမ်းစိတ် ဆန္ဒပြင်းပြတဲ့သူတွေကတော့ ပြန်လာမှာ။ ကျန်တဲ့သူတွေကတော့ ကူချင်တယ်ဆိုရင်တောင် မသေချာ သေးရင် အနေအထား ကို ကြည့်ဦးမှာပေါ့။ တကယ်တမ်းပြန်လာပြီး လုပ်ကိုင်တဲ့အခါ ဘယ်သူ့ကို ဆက် သွယ်ရမလဲဆိုတာတွေရှိတယ်။ ဘာတွေလုပ်ရမလဲဆိုတာရှိတယ်။ ဒါကို လက်ရှိအစိုးရယန္တရားထဲက ရာထူးရှိတဲ့သူတွေက တိတိကျကျမပြောနိုင်ရင် ကူချင်တယ်ဆိုရင်တောင် ထိရောက်ဖို့ ခက်ခဲမယ်။ ဒီမှာ အရမ်းတော်တဲ့ ပရော်ဖက်ရှင်နယ်ဆရာဝန်ကြီးတွေရှိတယ်။ ဒီလိုဆရာဝန်ကြီးတွေပြန်လာမယ် ထားပါ တော့။ သူတို့က volunteer ဆိုပြီးလိုက်ခွဲနေလို့ အဆင်မပြေဘူးလေ။ အန်တီက ဘယ်လောက်ပဲ ဆန္ဒရှိရှိ အန်တီ့အောက်က လူတွေက တကယ့်ကိုလက်တွဲခေါ်နိုင်ဖို့လိုပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနတေါမှာ volunteer အတွက် ခိုင်မာတဲ့မူဝါဒ ရှိသင့်တယ်။ ဥပမာ တစ်နှစ်လုံးမှာ ဘယ်လကနေ ဘယ်လအထိ ဒီလို volunteer တွေနဲ့ တွဲလုပ်မယ်ပေါ့။ အခု ခေါ်ထားတဲ့ ဖောင်ကိုကြည့်လိုက်တော့ အရမ်း ယေဘုယျဆန်နေတယ်။ ဒီထက်ပိုပြီး တိတိကျကျလေးဖော်ပြပေးထားနိုင်ရင်ကောင်းပါမယ်။

ဦးအောင်နိုင်ဦး(JMCပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီနည်းပညာအထောက် အကူပြုရုံး)

ဓာတ်ပုံ မူပိုင် Aung Naing Oo fb
Image caption ဦးအောင်နိုင်ဦး

ကျွန်တော်တို့ကတော့ ငြိမ်းချမ်းရေးပဲဖြစ်ဖြစ်၊ ဒီမိုကရေစီရေးပဲဖြစ်ဖြစ် ကူမယ်လို့ ဆုံးဖြတ်ထားတဲ့အတွက် ၂၀၁၀ တည်းက ပြန်ရောက်နေတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်နေတယ်။ ကျွန်တော်တို့တုန်းကတော့ ပြီးခဲ့တဲ့အစိုးရက မှတ်ပုံတင်တို့၊ နိုင်ငံကူးလက်မှတ်တို့ ပြန်ပေးတာပေါ့ဗျာ။ အဲဒီတော့ သွားရလာရလုပ်လို့ကိုင်လို့လွယ်တာပေါ့။ ဒီလိုမျိုးပြန်လာချင်တဲ့သူရှိရင်တော့ ပေးသင့်ပါတယ်။ တကယ်လို့ သူတို့အနေနဲ့ သူတို့လာတဲ့နိုင်ငံက နိုင်ငံသားတွေ ဘာတွေမစွန့်လွှတ်ချင် ဘူးဆိုရင်လည်း ဘယ်လိုပုံစံမျိုးနဲ့ ပြန်လာနိုင်မလဲပေါ့။ ဆိုလိုတာကတော့ ပြန်လာနိုင်မယ့်လမ်းတွေကိုသေသေချာချာလေးဖွင့်ပေးတယ်ဆိုရင်တော့အများစုက ပြန်လာကြမှာပဲ။ ဗီယက်နမ်က ဟိုချီမင်းစီးတီးကိုကြည့်ရင် နိုင်ငံခြားကပြန်လာပြီးတော့မှစီးပွားရေးလုပ်ထားတဲ့သူတွေနဲ့ ထူထောင်ထားတဲ့ မြို့ကြီးလိုဖြစ်နေတော့ အရမ်းကိုတိုးတက်တာပေါ့နော်။ ထွက်သွားတဲ့သူတွေရဲ့ သားသမီးတွေ ခုဆို ဗီယက်နမ်မှာ တတိယမျိုးဆက်တောင်ဖြစ်နေပြီ။ အဓိကက သေချာလေးစဉ်းစားပြီးတော့မှ စနစ်တကျ လေးကူညီဖို့ပေါ့နော်။ ပြန်လာမယ့်သူတွေကိုလည်း ကျောသားရင်သားမခွဲခြားဘဲ ခေါ်ဖို့လိုတယ်လို့ ထင်တယ်။ ဥပမာ ပြစ်မှုကျူးလွန်တာရင်တော့ ဒါက တစ်ခုပေါ့။ ပြစ်မှုတွေမကျူးလွန်ထားဘူး။ နိုင်ငံရေး အမှုနဲ့ ထွက်သွားတယ်ဆိုရင်တော့မိသားစုကိစ္စ ပြန်လာတာဖြစ်ဖြစ် အလုပ်ပြန်လုပ်ချင်တာပဲဖြစ် ဖြစ် ခွင့်ပြုသင့်တာပေါ့။ ဥပမာ နိုင်ငံခြားမှာစီးပွားရေးလုပ်ခဲ့တဲ့အတွေ့အကြုံတွေကိုပြန်လည်ဝေမျှချင်တယ် ၊ တချို့ဆို တက္ကသိုလ်တွေမှာဆရာတွေဖြစ်နေပြီ။ ဒါတွေကို ပြန်ဝေမျှချင်တဲ့သူတွေလည်းရှိတယ်။ ဒါက ပွင့်ပွင့်လင်းလင်းပြောရရင် တိုင်းပြည်က သေချာစဉ်းစားသင့်တဲ့ကိစ္စလို့မြင်ပါတယ်။

ကိုမင်းမင်း (နိုင်ငံရေးနဲ့ နိုင်ငံတကာဆက်ဆံရေးဘွဲ့ရ၊ ယော့ခ်တက္ကသိုလ်)

ဓာတ်ပုံ မူပိုင် Maunggyi Min Min
Image caption ကိုမင်းမင်း

ကျွန်တော်တို့က ပြန်လာချင်နေတာကြာပြီ။ ကျွန်တော်ဆို အိမ်ပြန်မရောက် တာ ၁၄ နှစ်။ ခု မနေ့က မှ(ဇန်နဝါရီ ၁၃) ကမှ မြန်မာပြည်ပြန်ရောက်တာ။ ဒီလို အစိုးရက ဖိတ်ခေါ် တာတောင် မသိသေးဘူး။ ခုလိုပြန်လာမယ့်သူတွေကို ကြိုဆိုတာ ဝမ်းသာတယ်။ ကျွန်တော်လည်း ကျွန်တော်သိထား တတ်ထား တာလေးတွေကို ပြန်မျှဝေပေးလို့ရမယ့် နေရာမျိုးတွေမှာ ဝိုင်းကူဖို့ စဉ်းစားထားပါတယ်။ ကျွန်တော်တို့ အပြင်မှာရှိနေတဲ့သူတွေက ဟိုဘက်မှာ ပညာ အရည်အချင်းရောအတွေ့အကြုံရော အနည်းအကျဉ်း လည်းရှိလာတော့ ကိုယ့်နိုင်ငံကိုပြန် လုပ်ပေးချင် တာတွေရှိတယ်။ အရင်ကလို ဒီလိုပြန်လုပ်ပေးဖို့က အတားအဆီးတွေ အများကြီးရှိတယ်။ ခုလို ပြန်ဖိတ် ခေါ်တာ ကျေနပ်တယ်။ မြန်မာပြည် အခင်းအကျင်းက ပြန်လာဖို့ အဆင်ပြေလားဆိုတာတော့ နိုင်ငံခြား မှာနေတဲ့ပုံစံမျိုး၊ စနစ်မျိုးတော့ မရဘူးပေါ့။ ဒီနိုင်ငံမှာ ရှိတဲ့စနစ်နဲ့ လုပ်ထုံးလုပ်နည်းနဲ့ လုပ်ရမှာပေါ့။ ညှိနှိုင်းပေးရင်တော့ အဆင်ပြေတာပေါ့။ တချို့ကြိုးနီစနစ်တွေ ဖြေလျှော့ပေးရင်တော့ ကောင်းတာပေါ့။ ချက်ချင်း တော့ အံ့ဝင်ခွင်ကျဖြစ်မှာ မဟုတ်ဘူး။ ပြန်လာမယ့်သူတွေအတွက် ဗီဇာစနစ်တွေကိုပါ ပြန်ဖြေလျှော့ပေးမယ်ဆိုရင် ပိုကောင်းတာပေါ့။