အိုင်စီဂျေ ရလဒ် ဘယ်လိုဖြစ်လာနိုင်သလဲ၊ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်မဖြစ်နဲ့ ရည်ရွယ်ချက်ရှိမရှိ

လူမျိုးတုံးသတ်ဖြတ်ဖို့ရည်ရွယ်ချက်မရှိကြောင်း မြန်မာအဖွဲ့က ဦးတည်လျှောက်လဲခဲ့ ဓာတ်ပုံ မူပိုင် Reuters
Image caption လူမျိုးတုံးသတ်ဖြတ်ဖို့ရည်ရွယ်ချက်မရှိကြောင်း မြန်မာအဖွဲ့က ဦးတည်လျှောက်လဲခဲ့

မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေရှိနေလို့ ကြားဖြတ်အရေးယူ ဆောင်ရွက်မှုတွေလုပ်ပေးဖို့၊ ဟန့်တားပေးဖို့ဆိုတဲ့ ဂမ်ဘီယာနိုင်ငံရဲ့ လျှောက်ထားချက်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂ နိုင်ငံတကာတရားရုံး အိုင်စီဂျေက ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ဆုံးဖြတ်ချက်ချမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းတုန်းက ဒီအမှုနဲ့ပတ်သက်ပြီး ကြားနာခဲ့ရာမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ခဲ့ပါတယ်။ မြန်မာဘက်က လျှောက်လဲရာမှာ လူမျိုးတုံးသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက် Genocidal Intent မရှိဘူးဆိုတဲ့ အချက်ကို အဓိကထား လျှောက်လဲသွားခဲ့ပါတယ်။

ဂမ်ဘီယာဘက်က လျှောက်လဲရာမှာတော့ လူမျိုးတုံးသတ်ဖြတ်မှုမြောက်တယ်ဆိုတဲ့ လူသတ်မှု၊ မီးရှို့မှု၊ မုဒိမ်းကျင့်မှု စတဲ့ ရာဇဝတ်မှုတွေလုပ်ခဲ့တယ်ဆိုတဲ့အချက်ကို စွဲချက်တင်နိုင်ဖို့ ကြိုးစားသွားတာ တွေ့ရပါတယ်။

ဒီအမှုရဲ့ ထွက်ပေါ်လာနိုင်တဲ့ ရလဒ်အလားအလာနဲ့ပတ်သက်ပြီး ဥပဒေ အထောက်အကူပြု ကွန်ရက်တည်ထောင်သူ လူ့အခွင့်အရေး ရှေ့နေ ဦးအောင်ထူးကို ဘီဘီစီက မေးမြန်းခဲ့ပါတယ်။

Provisional Measures လို့ခေါ်တဲ့ ကြားဖြတ်အရေးယူ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကိုတော့ အိုင်စီဂျေက ဂမ်ဘီယာတောင်းဆိုတဲ့ဘက်ကို အလေးပေး ဆုံးဖြတ်နိုင်တယ်လို့ ဦးအောင်ထူးက သုံးသပ်ပါတယ်။

ဂမ်ဘီယာတောင်းဆိုတဲ့အတိုင်း လူမျိုးတုံးသတ်ဖြတ်မှုတွေကို ဟန့်တားပေးဖို့၊ သက်သေအထောက်အထားတွေကို မဖျောက်ဖျက်ဖို့ဆိုတဲ့ တောင်းဆိုချက်တွေကို လိုက်လျောတဲ့ ဆုံးဖြတ်ချက်မျိုး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

Genocidal Intent လို့ခေါ်တဲ့ ရည်ရွယ်ချက်နဲ့ ကျူးလွန်သလား၊ မကျူးလွန်ဘူးလားဆိုတဲ့ အချက်နဲ့ ပတ်သက်ရင်တော့ ဆုံးဖြတ်ချက်က တမျိုးတမည် ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ဦးအောင်ထူးကဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption လူသတ်မှု၊ မီးရှို့မှု၊ မုဒိမ်းမှု အပါအဝင် လူမျိုးတုံး သတ်ဖြတ်မှုမြောက်စေတဲ့ ရာဇဝတ်မှုတွေ ဖြစ်ပွားခဲ့ကြောင်း ဂမ်ဘီယာက ဦးတည်လျှောက်လဲ

ကြားဖြတ်အရေးယူဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ဂမ်ဘီယာရဲ့ လျှောက်လဲချက် အနိုင်ရသွားနိုင်တယ်လို့ ဘာ့ကြောင့် ဦးအောင်ထူး သုံးသပ်ပါသလဲလို့ ဘီဘီစီက မေးခဲ့ပါတယ်။

ဦးအောင်ထူးက ပြန်လည် ဖြေကြားခဲ့ရာမှာ "ဂျီနိုဆိုက်ဖြစ်သွားတယ်ဆိုတဲ့အထိကို အထောက်အပံ့ပေးတဲ့ အချက်အလက်တွေက အများကြီးရှိခဲ့တာပဲ။ မြန်မာစစ်အာဏာပိုင်တွေဘက်က ကျူးလွန်တာတွေကို သူတို့ကိုယ်တိုင် ဝန်ခံတာတွေလည်း ရှိတယ်။

လက်တွေ့အရ ၇ သိန်းကျော် ၈ သိန်းက ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတာလည်း ရှိတယ်။ သူတို့ထွက်သွားပြီးတဲ့အခါ ကျန်ခဲ့တဲ့ မြေယာပစ္စည်းတွေ အပေါ်မှာ မတရားစီမံခန့်ခွဲ၊ သိမ်း၊ ဟိုဘက်ချရောင်း ဒီဘက်လုပ်တာတွေလည်း ရှိတယ်။

မြန်မာနိုင်ငံထဲမှာ ကျန်ရှိနေသေးတဲ့ ရိုဟင်ဂျာတွေမှာလည်း စိုးရိမ်သောကတွေရှိနေတယ်ဆိုတဲ့ သက်သေခံချက်တွေလည်း ရှိနေတယ်။ ဒါ့ကြောင့် ယာယီဆုံးဖြတ်ချက်ကိုတော့ဖြင့် ဂမ်ဘီယာဘက်ကို ဦးစာပေးပြီးချနိုင်တယ်လို့ ကျွန်တော်သုံးသပ်တာ ဖြစ်ပါတယ်" လို့ဆိုပါတယ်။

လူမျိုးတုံး သတ်ဖြတ်မှု တကယ်ဖြစ်ခဲ့သလား၊ မဖြစ်ခဲ့ဘူးလား ဆိုတဲ့အချက်နဲ့ လူမျိုးတုံးသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်ရှိမရှိကို အိုင်စီဂျေဘက်က နှစ်ပိုင်းခွဲ စဉ်းစားဖွယ်ရှိတယ်လို့ ဦးအောင်ထူးက ယူဆပါတယ်။

Image caption ကြားဖြတ်ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ဂမ်ဘီယာ အနိုင်ရနိုင်တယ်လို့ ဦးအောင်ထူးယူဆ

မြန်မာရှေ့နေအဖွဲ့က အိုင်စီဂျေမှာ လျှောက်ထားရာမှာတော့ လူမျိုးတုံးသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက် မရှိဘူးလို့ အဓိက ဦးတည်လျှောက်လဲခဲ့ပါတယ်။ မြန်မာအဖွဲ့ရဲ့ လျှောက်ထားတဲ့ ခုခံရေးနည်းဗျူဟာကိုကြည့်ရင် လူမျိုးတုံးသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်မရှိရင် လူမျိုးတုံးသတ်ဖြတ်မှု မမြောက်နိုင်၊ လူမျိုးတုံးသတ်ဖြတ်မှု မမြောက်ရင် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်တဲ့ ကြားဖြတ်အရေးယူဆောင်ရွက်မှုတွေ လုပ်စရာမလိုဆိုတဲ့ စဉ်းစားတွေးခေါ်မှုပေါ်မှာ အခြေခံလျှောက်ထားခဲ့ဟန် ရှိပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပွားခဲ့သလား၊ မဖြစ်ပွားခဲ့ဘူးလားဆိုတဲ့အချက်နဲ့ လူမျိုးတုံးသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်ရှိမရှိဆိုတဲ့ အချက်ကို ၂ ပိုင်းခွဲခြား စဉ်းစားမလား၊ တဆက်တစပ်တည်းအဖြစ် မှတ်ယူမလားဆိုတဲ့ အချက်ဟာ ဇန်နဝါရီလကုန် ထွက်လာမယ့် ရလဒ်အတွက် အရေးပါတဲ့အချက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ရှေ့နေ ဦးအောင်ထူးကတော့ အခုလိုပြောပါတယ်။

"နှစ်ခုက နည်းနည်းခြားနားချက်ရှိတယ်။ ဆက်စပ်မှုမရှိဘူးလားဆိုတော့ ရှိတယ်။ သို့သော်လည်းပဲ Genocidal Intent လို့ခေါ်တဲ့ ရည်ရွယ်ချက်နဲ့ ကျူးလွန်တာ မဟုတ်ဘူးဆိုတဲ့ဘက်က ဥပဒေကြောင်းအရ သာတယ်လို့ ပြောလို့ ရချင်လည်း ရမှာပေါ့လေ။ သို့သော် အချက်အလက်အရတော့ သာတယ်လို့ ကျွန်တော်မမြင်ဘူး။ အဲဒါကြောင့် Provisional Measures ကြားဖြတ်အရေးယူဆောင်ရွက်ချက်မှာတော့ ဂမ်ဘီယာဘက်ကို ဦးစားပေးပြီး ချနိုင်တယ်လို့ ကျွန်တော်က သုံးသပ်ခြင်းဖြစ်ပါတယ်"

ဓာတ်ပုံ မူပိုင် Reuters
Image caption ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ဆုံးဖြတ်ချက်ကို အိုင်စီဂျေက ကြေညာမယ်

ဆက်စပ် အကြောင်းအရာများ