မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး သမ္မတ ရှီကျင့်ဖျင်ထံ ကချင်အရပ်ဘက်အဖွဲ့တွေ တောင်းဆို

သမ္မတ ရှီကျင့်ဖျင် ဓာတ်ပုံ မူပိုင် Pool
Image caption သမ္မတ ရှီကျင့်ဖျင်

မြစ်ဆုံစီမံကိန်းဟာ ဒေသခံတွေနဲ့ မြန်မာပြည်သူတွေရဲ့ သာယာဝပြောရေးကို ခြိမ်းခြောက်နေပြီး နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ထိခိုက်စေတဲ့အတွက် ဒီစီမံကိန်းကို အပြီးတိုင် ဖျက်သိမ်းပေးဖို့ တရုတ် သမ္မတ ရှီကျင့်ဖျင်ထံကို ကချင်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းတွေက အိတ်ဖွင့်စာပေးပို့ မှာဖြစ်ပါတယ်။

ဒီစာကို နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးနဲ့ တရုတ်သံရုံးတို့ကို သမ္မတရှီကျင့်ဖျင် ရောက်မယ့်နေ့ ဇန်နဝါရီ ၁၇ ရက် နေ့စွဲနဲ့ ရောက်ရှိအောင် ပေးပို့မယ်လို့ ကချင်အရပ်ဖက် အဖွဲ့တွေ့ကိုယ်စား ပြောရေးဆိုခွင့်ရှိသူ ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ရက် အထွေထွေအတွင်းရေးမှူးဦးအင်ဝပ် နော်အောင်က ဘီဘီစီကို ပြောပါတယ်။

"ငှက်ပျောစီမံကိန်းတွေ၊ အထူးသဖြင့် မြစ်ဆုံ ဆို ကျွန်တော်တို့ပြည်သူတွေ လုံးဝမလိုလားဘူး။ ဒါကြောင့် ရပ်ဆိုင်းဖို့အလေးအနက်တောင်းဆိုတာ။ တရုတ်ရဲ့ တခြားအကြီးစားစီမံကိန်းတွေမှာလည်း နှစ်နိုင်ငံ အိမ်နီးချင်းကောင်းပီသစွာနဲ့ မူကောင်းကောင်းချမှတ်သင့်တယ်။ သဘာဝပတ်ဝန်းကျင် ဆိုးကျိုး၊ လူမှုပတ်ဝန်းကျင်ဆိုးကျိုးတွေဖြစ်နိုင်တာမျိုးကို နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီ တရုတ်ပြည်မှာ ရှိတဲ့စံချိန်စံညွှန်းနဲ့အညီ လုပ်ဆောင်ပေးပါ။ တစ်ဦးတစ်ဖက်ရဲ့အကျိုးအမြတ်ပဲတွက်ပြီး တခြားဘာဖြစ်ဖြစ် ဆိုတာမျိုးထက် နှစ်ဖက်အကျိုးရှိတဲ့အပိုင်းကို ထည့်သွင်းစဉ်းစားလုပ်ဖို့ပါ" လို့ ဦးအင်ဝပ်နော်အောင်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် ISP Myanmar China Desk
Image caption မြစ်ဆုံစီမံကိန်းပြမြေပုံ

လက်ရှိမှာ တရုတ်သမ္မတနဲ့ အရပ်ဖက်အဖွဲ့တွေ တွေ့ဆုံဖို့ ကြိုးစားနေပြီး တကယ်လို့ တွေ့ခွင့်မရခဲ့ရင် သမ္မတနဲ့တွေ့ဆုံခွင့်ရမယ့် ကချင်နိုင်ငံရေး ပါတီလိုအဖွဲ့အစည်းတွေကတစ်ဆင့် ပေးပို့မယ်လို့ သူက ဆက်ပြောပါတယ်။

အဲဒီစာမှာ သမ္မတ ရှီကျင့်ဖျင်လာရောက်တာကို ကချင်ပြည်သူတွေက ကြိုဆိုတဲ့ အကြောင်းနဲ့ ကချင်ပြည်နယ်ဟာ တရုတ်နဲ့နယ်နိမိတ်ချင်းထိစပ်နေပြီး ကျောက်စိမ်းကူးသန်းရောင်းဝယ်ခြင်းကြောင့် ဟိုအရင်တည်းက ဖော်ရွေတဲ့ဆက်ဆံရေးရှိခဲ့တယ်လို့ စတင်ဖော်ပြထားပါတယ်။

ကချင်ပြည်နယ်မှာ လက်ရှိတရုတ်က အကောင်အထည်ဖော်နေတဲ့၊ ဒါမှမဟုတ် အကောင်အထည် ဖော်ဖို့ပြင်ဆင်နေတဲ့ ဧရာဝတီ မြစ်ဆုံနဲ့ တခြားရေအားလျှပ်စစ်စီမံကိန်းတွေ၊ ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးဇုန်၊ မြစ်ကြီးနားစီးပွားရေးဇုန်တို့ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်တွင်းက ကျောက်စိမ်း၊ တစ်သျှူးငှက်ပျော၊ ကြံစိုက်ပျိုးမှုနဲ့ မြေရှားသတ္တု တူးဖော်မှုတွေမှာ တရုတ်လုပ်ငန်းရှင်တွေ ပါဝင်ပတ်သက်နေတယ်လို့လည်း ဖော်ပြထားပါတယ်။

Image caption ဧရာဝတီမြစ်ဆုံတည်နေရာ

ဒီစီမံကိန်းတွေဟာ ကချင်ပြည်နယ်ရဲ့ တည်ငြိမ်အေးချမ်းမှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ဌာနေပြည်သူတွေရဲ့ အကျိုးစီးပွားမြှင့်တင်ဖို့ အထောက်အကူပြု ပေမယ့် လက်တွေ့မှာ မြေယာပြဿနာတွေ၊ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးရာအကျိုးသက်ရောက်မှုတွေရှိပြီး ဌာနေပြည်သူတွေရဲ့ သမိုင်းဝင်နေရာတွေ ပျက်စီးစေတဲ့အပြင် ဌာနေပြည်သူတွေတည်ရှိမှုကို ခြိမ်းခြောက်နေတယ်လို့ ရေးသားထားပါတယ်။

ဒါဟာ ဘာကြောင့်လဲဆိုရင် တရုတ်နိုင်ငံကစီမံကိန်းတွေဟာ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးအကျိုးသက်ရောက်မှုတွေကို လေ့လာဆန်းစစ်ဖို့ ပျက်ကွက်ခြင်း၊ ဌာနေပြည်သူတွေရဲ့ ဓလေ့ထုံးတမ်းနဲ့ တန်ဖိုးထားမှုတွေကို လေးစားမှုမရှိခြင်းနဲ့ ဒေသခံတွေနဲ့ ဆွေးနွေးတိုင်ပင်မှုမရှိခြင်း၊ အစိုးရချင်းသာ ညှိနှိုင်းသဘောတူခြင်း၊ ရင်းနှီးမြှုပ်နှံမှုစာချုပ်တွေကိ ချပြဖို့ ပျက်ကွက်ခြင်းနဲ့ နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ မူဝါဒ မျှတမှုမရှိတာတို့ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြန်မှာပါဝင်တဲ့စီမံကိန်းတွေကိုအကောင်အထည်ဖော်ခြင်းနဲ့ နယ်စပ် ကုန်သွယ်မှုတွေကတစ်ဆင့် ကချင်ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံနေတဲ့ စီမံကိန်းတွေ၊ စီးပွားရေး လုပ်ငန်းတွေကို အောင်မြင်စွာအကော်ငအထည်ဖော်နိုင်ရေးနဲ့ ဒေသခံတွေရဲ့ဘ၀ တည်ငြိမ်အေးချမ်းရေးကို အထောက်အ ကူပြုဖို့ အချက် ၉ ချက်ကို လိုက်နာဖို့တောင်းဆိုထားပါတယ်။

အဲဒီအချက်တွေကတော့ တရုတ်စီမံကိန်းတွေ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုစံနှုန်းတွေကို လိုက်နာဖို့၊ ဒေသခံ တွေရဲ့ဓလေ့ထုံးတမ်းတွေနဲ့ တန်ဖိုးထားမှုတွေကို လေးစားဖို့၊ စီမံကိန်းတွေကို ဒေသခံတွေ သဘောတူတဲ့ တတိယအုပ်စုတွေနဲ့ ပုံမှန်လေ့လာဆန်းစစ်ဖို့နဲ့ ဒီလိုလုပ်ရပ်တွေကို ပွင့်လင်းမြင် သာမှုရှိရှိချပြဖို့၊ ဒေသခံ တွေနဲ့တိုင်ပင်ဖို့၊ စီမံကိန်းတွေကြောင့် ဒေသခံတွေရဲ့မြေယာ အိုးအိမ်တွေ ဆုံးရှုံးမှုမရှိစေဖို့နဲ့ လျော်ကြေး ပေးရမယ်ဆိုရင် လက်ရှိပေါက်ဈေးအတိုင်း ပွင့်လင်းမြင်သာမှု ရှိရှိပေးဖို့နဲ့ ဒေသခံတွေအတွက် ရေရှည် စားဝတ်နေရေးပြေလည်ရေးပတ်ဝန်းကျင်တွေ ဖော်ဆောင်ပေးဖို့ ဆိုတာတွေဖြစ်ပါတယ်။

Image caption မြစ်ဆုံစီမံကိန်းဖျက်သိမ်းရေးဆန္ဒပြမှုတွေရှိ

ဒါ့အပြင် အစိုးရအချင်းချင်းသဘောတူထားတဲ့ ရင်းနှီးမြှုပ်နှံမှုစာချုပ်တွေ ကိုပွင့်လင်းမြင်သာစွာချပြဖို့နဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေဟာ လက်နက်ကိုင် ပဋိပက္ခတွေကို ပိုပြီးပြင်းထန်လာစေတာမျိုး၊ ဒါမှမဟုတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့နိုင်ငံရေးပြဿနာဖြေရှင်းမှုတွေကို ပျက်ပြားစေတာမျိုး ရှောင်ရှားဖို့ ဆိုတာတွေလည်း ပါဝင်ပါတယ်။

တရုတ်ဟာ နယ်စပ်ကုန်သွယ်ရေးဆိုင်ရာမူဝါဒတွေကို မျှမျှတတချမှတ်ပေးဖို့ တိုက်တွန်းတယ်လို့လည်း ပါရှိပါတယ်။

အဆုံးသတ်မှာတော့ တရုတ်စီမံကိန်းတွေ အောင်မြင်စွာအကောင်အထည်ဖော်ဖို့ ပြည်တွင်းငြိမ်းချမ်းရေးက မရှိမဖြစ်အရေးကြီးတဲ့အတွက် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်ပံ့ပိုးကူညီပေးဖို့ တောင်းဆိုထားပါတယ်။

မြစ်ဆုံစီမံကိန်းကို သမ္မတ ရှီကျင့်ဖျင် ဒုတိယသမ္မတအဖြစ် ၂၀၀၉ ခုနှစ်မြန်မာခရီးစဉ်အတွင်း စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ သဘောတူစာချုပ်တွေ လက်မှတ်ရေးထိုးခဲ့ပါတယ်။ နှစ်နှစ်အကြာ ၂၀၁၁ စက်တင် ဘာမှာ လူထုရဲ့ကန့်ကွက်မှုကြောင့် စီမံကိန်းကို ရပ်တန့်ထားတာ အခုဆို ရှစ်နှစ် ကျော်ပြီဖြစ်ပါတယ်။