ရခိုင်မှာဖြစ်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအပါအဝင် ရာဇဝတ်မှုတိုင်းကိုအရေးယူဆောင်ရွက်ဖို့ သမ္မတ ညွှန်ကြား

စစ်ရာဇဝတ်မှုတွေကို အရေးယူဆောင်ရွက်ဖို့ နိုင်ငံတော်သမ္မတ ညွှန်ကြား ဓာတ်ပုံ မူပိုင် Presindent'Office
Image caption စစ်ရာဇဝတ်မှုတွေကို အရေးယူဆောင်ရွက်ဖို့ နိုင်ငံတော်သမ္မတ ညွှန်ကြား

ရခိုင်မှာဖြစ်ပေါ်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ အပါအဝင် ရာဇဝတ်မှုအားလုံးကို ဖော်ထုတ်အရေးယူဖို့အတွက် နိုင်ငံတော်သမ္မတကနေ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် သက်ဆိုင်တဲ့ဌာနအားလုံးကို ပေးပို့ညွှန်ကြားထားပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးကနေ ဇန်နဝါရီ ၂၁ ရက်နေ့မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (Independent Commission of Enquiry-ICOE) ရဲ့အပြီး သတ်အစီရင်ခံစာအရ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော မြန်မာ့တပ်မတော်နဲ့ ARSA အကြမ်းဖက် အဖွဲ့တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှု ဖြစ်စဉ်တွေအတွင်း ARSA အဖွဲ့ဝင်တွေနဲ့ ၎င်းတို့နဲ့အလိုတူပူး ပေါင်းပါဝင်ခဲ့သူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေက စစ်ရာဇဝတ်မှု တွေကျူးလွန်မှုတွေရှိခဲ့ တယ်လို့ ကော်မရှင်မှ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ICOEကော်မရှင်အဖွဲ့ဝင်တွေဟာ ဖြစ်စဉ်ကာလများအတွင်း တာဝန် ထမ်းဆောင်ခဲ့ကြတဲ့ မြန်မာ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ၊ ရခိုင် ပြည်နယ်မြောက်ပိုင်းမှ သက်သေတွေရဲ့ထွက်ဆိုချက် စုစုပေါင်း (၁၅၀၀)လောက်ကို သေချာစွာ စုဆောင်းခဲ့ပြီး ယင်းထွက်ဆိုချက်တွေအပေါ် အခြေခံပြီးအစီရင်ခံစာကို လေ့လာသုံးသပ်ချက် တွေနဲ့ ပြုစုတင်ပြထားတာဖြစ်တယ်လို့သိရပါတယ်။

တိုက်ခိုက်မှုဖြစ်စဉ်များအတွင်း အရပ်သားတွေကို သတ်ဖြတ်ခြင်း၊ အင်အား မမျှမတသုံးစွဲခြင်း၊ လုယက်မှု ကျူးလွန်ခြင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်တွေမှာ မူဆလင်တွေစွန့်ခွာသွားတဲ့ နေအိမ်တွေကို ဖျက်ဆီးတာတွေလည်းရှိခဲ့ကြောင်းကော်မရှင်က စုံစမ်း တွေ့ရှိခဲ့ပါတယ်။

ဒါ့အပြင် ကျေးရွာများ၊ အထူးသဖြင့် မင်းကြီးရွာ (တူလာတိုလီ)၊ ချွတ်ပြင်ရွာနဲ့ မောင်နုရွာတွေမှာ အသက်ဆုံးရှုံးမှု များပြားခဲ့တယ်လို့ ကော်မရှင်ကဆိုပါတယ်။

ဒါပေမယ့်လည်း လူမျိုးပြုန်းတီးစေဖို့ ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ကျူးလွန်ခဲ့တယ်လို့ ကောက်ချက်ချ နိုင်တဲ့ လုပ်ဆောင်ချက်မျိုး ဖြစ်ပွားခဲ့ခြင်း အလျဉ်းမရှိခဲ့ကြောင်း ကော်မရှင်ရဲ့အစီရင်ခံစာမှာဖော်ပြထား ပါတယ်။

ICOEကော်မရှင်အနေနဲ့ အကြံပြုချက် (၂၂) ချက်ထဲမှာ ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့စစ်ဥပဒေချုပ်ရုံး တွေအနေနဲ့ လိုအပ်တဲ့ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက် ဆောင်ရွက်သွားဖို့လည်း အကြံပြုထားပါတယ်။

နိုင်ငံတော်သမ္မတကလည်း ကော်မရှင်ရဲ့အကြံပြုချက်အတိုင်း ရာဇဝတ်မှုဆိုင်ရာ စုံစမ်း စစ်ဆေးမှုများ ဆက်လက်ပြုလုပ်သွားစေဖို့နဲ့ အထောက်အထားများခိုင်လုံပါက တရားစွဲဆိုမှုတွေ ပြုလုပ်သွားဖို့ကိုလည်း သဘောတူတယ်လို့ဆိုပါတယ်။

နိုင်ငံတော်သမ္မတက ARSA အဖွဲ့ဝင်များ (သို့မဟုတ်) အလိုတူ ပူးပေါင်း ပါဝင်ခဲ့သူများက ကျုးလွန်ခဲ့သည့် ကြီးလေးသော ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးတာ၊တရားစွဲဆိုတာတွေကို ဘယ်လိုလုပ်သင့်တယ်ဆိုတာ စစ်ဥပဒေချုပ်နဲ့ လိုအပ်သလို တိုင်ပင်ဆောင်ရွက်သွားဖို့လည်း ပြည်ထောင်စု ရှေ့နေချုပ်အား အကြောင်း ကြား ထားတယ်လို့သိရပါတယ်။

တစ်ဘက်မှာလည်း တပ်မတော်သားများ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ ရာဇဝတ်မှုတွေကိုလည်း တပ်မတော် စစ်ဥပဒေချုပ်ရုံး အနေနဲ့ လက်ရှိ ဆောင်ရွက်ဆဲဖြစ်သော စုံစမ်းစစ်ဆေးမှုတွေနဲ့အတူ တရားစွဲတာတွေကို တိုးချဲ့ဆောင်ရွက်ဖို့ နိုင်ငံတော် သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကော်မရှင် ရဲ့အစီရင်ခံစာအပြည့်အစုံနဲ့ နောက်ဆက်တွဲများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ သို့လည်း ပေးပို့ခဲ့ ပြီး ဖြစ်တယ်လို့လည်းသိရပါတယ်။

နိုင်ငံတော်သမ္မတအနေဖြင့် ထိခိုက်ခံစားခဲ့ရသူများအားလုံးအတွက် စာနာဝမ်းနည်းကြောင်း ဖော်ပြခဲ့ပြီး တာဝန်ခံမှုနဲ့ တရားမျှတမှုရှိစေရေးအတွက် လည်းကောင်း၊ အဆင့်မီ လုံခြုံရေးတပ်ဖွဲ့များ ဖြစ်လာ စေရေး အတွက် လည်းကောင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အလေးအနက် ပြောကြား တယ်လို့လည်း သမ္မတရုံးရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။

နိုင်ငံတော်သမ္မတရုံးက ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော မြန်မာ့တပ်မတော်နှင့် ARSA အကြမ်းဖက် အဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှု ဖြစ်စဉ်များအတွင်း ရခိုင်ပြည်နယ်၌ လူ့အခွင့်အရေး ချိုးဖောက်မှု တွေရှိကြောင်း စွပ်စွဲချက်တွေအပေါ် စုံစမ်းစစ်ဆေးရန် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်မှာ ဒီကော်မရှင်ကို ဖွဲ့စည်းပေးခဲ့တာဖြစ်ပါတယ်။