အေအေက ပြန်လွှတ်တဲ့ ဦးဝှေ့တင်း မိသားစုထံပြန်ရောက်

အာဏာရပါတီ NLD က လွှတ်တော်အမတ် ဦးဝှေ့တင်းကို အေအေ ၂လ ကျော်ဖမ်းဆီးခဲ့ ဓာတ်ပုံ မူပိုင် ပြည်ထောင်စုလွှတ်တော် FB
Image caption အာဏာရပါတီ NLD က လွှတ်တော်အမတ် ဦးဝှေ့တင်းကို အေအေ ၂လ ကျော်ဖမ်းဆီးခဲ့

ရက္ခိုင့်တပ်တော် အေအေက ဖမ်းဆီးထိန်းသိမ်းထားတဲ့ NLD ပါတီက လွှတ်တော်အမတ် ဦးဝှေ့တင်းကို ဇန်နဝါရီ ၂၁ ရက်မှာ ပြန်လွှတ်လိုက်တယ်လို့ ကြေညာပြီးနောက် ပလက်ဝမြို့က အိမ်ကိုပြန်ရောက်ပြီလို့ ဦးဝှေ့တင်းရဲ့ဇနီးက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ တရုတ်နိုင်ငံက သမ္မတ ရှီကျင့်ဖျင်ရဲ့ ခရီးစဉ်အပြီး ရက်ပိုင်းအတွင်းမှာ အခုလို အေအေက လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

ပြန်လွတ်လာတဲ့ ဦးဝှေ့တင်းဟာ အနည်းငယ်ပိန်သွားတာက လွဲလို့ကျန်းမာရေးကောင်းတယ်လို့ သူ့ရဲ့ဇနီး ဒေါ်ခင်အိဆင့်က ပြောပါတယ်။

စတင်ဖမ်းသွားစဉ်က ကြိုးတုပ်ပြီး ဖမ်းသွားပေမဲ့ သူ့ကိုဖမ်းဆီးခံထားရစဉ်အတွင်း နှိပ်စက်ခံရတာမရှိဘဲ ကောင်းကောင်းမွန်မွန်ထားတယ်လို့ ဦးဝှေ့တင်းက ပြောတဲ့အကြောင်း ဒေါ်ခင်အိဆင့်က ပြောပါတယ်။

ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ် ၁၁ရဲ့ အမျိုးသားလွှတ်တော်အမတ် ခူမီး တိုင်းရင်းသား ဦးဝှေ့တင်းကို လွှတ်ပေးတာဟာ ရခိုင်နဲ့ ခူမီး(ခမီ) လူမျိုးအချင်းချင်းကြား ညီအစ်ကို ဆက်ဆံရေးကို ပြန်လည်တည်ဆောက်လိုပြီး ရေရှည်မှာ ပြန်လည်သင့်မြတ်လိုတာကြောင့် လွှတ်ပေးတာလို့ အေအေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဦးဝှေ့တင်းကို ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် နယ်စပ် ပွေအုပ်ကျေးရွာကနေ တစ်ဆင့် လွှတ်ပေးလိုက်တာ လို့ ချင်းပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင် လျှပ်စစ်နဲ့ စက်မှု လက်မှု ဝန်ကြီး ဦးစိုးထက်က ဘီဘီစီကို ပြောပါတယ်။

ဒီလို လွှတ်ပေးလိုက်တဲ့ နောက်မှာ ဇနီးဖြစ်သူ အပါအဝင် မိသားစုတွေက ဦးဝှေ့တင်းကို စက်လှေနဲ့ ပလက်ဝမြို့ကို သွားရောက်ခေါ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။

"ရခိုင်နဲ့ ချင်းနယ်စပ် ကျောက်တော်နဲ့ ပလက်ဝနယ်စပ် ပွေအုပ်ကိုရောက်တယ်။ ပြီးတော့ ကုလားတန်မြစ်ရိုးအတိုင်း စက်လှေနဲ့ ညနေ ၃ နာရီခွဲက တက်သွားပြီ။ ညနေ ၅ နာရီကျော်လောက်မှ ရောက်မယ်။ ပလက်ဝနဲ့က ၁ နာရီခွဲကျော်ကျော်လောက် မောင်းရသေးတယ်"

"သူတို့ကို သွားခေါ်တဲ့ သူ့ ဆွေမျိုးသားချင်း ငါးယောက်ပါတယ်။ သူ့ဇနီးနဲ့ ကျွန်တော်တို့ မြို့နယ်က တာဝန်ရှိသူတွေနဲ့တော့ ဖုန်းရကြပါတယ်" လို့ ဦးစိုးထက်က ပြောပါတယ်။

၂၀၁၉ နိုဝင်ဘာ ၃ ရက်မှာ ပလက်ဝမြို့ကနေ စစ်တွေကို အိန္ဒိယ နိုင်ငံသား ၅ ဦးအပါအဝင် လူ ၉ ဦးနဲ့ အတူ ဦးဝှေ့တင်းဟာ စပိဘုတ်၂ စီးနဲ့ ကုလားတန်မြစ်အတိုင်း သွားရာမှာ အေအေတပ်ဖွဲ့ ဝင်တွေက လမ်းခုလတ်ကနေ ဖမ်းဆီးခေါ်ဆောင်တာကို ခံခဲ့ရပါတယ်။

ပါလာတဲ့ အိန္ဒိယ နိုင်ငံသားထဲက တစ်ဦး နှလုံးရပ်ပြီး သေဆုံးခဲ့ပြီး နောက်တစ်နေ့မှာတော့ ဦးဝှေ့တင်းမှ အပ ကျန်တဲ့ လူတွေကို အေအေက လွှတ်ပေးခဲ့ပါတယ်။

ဦးဝှေ့တင်းကိုတော့ ရခိုင်နဲ့ ခူမီးလူမျိုးအကြား သွေးခွဲရေးတွေ လုပ်ဆောင်သလို စစ်တပ်ကို သတင်းတွေ ပေးတာရှိတယ်ဆိုပြီး ဆက် ဖမ်းဆီးထားခဲ့ပါတယ်။

၂ လ ၁၇ ရက်ကြာ ထိန်းသိမ်းထားပြီးနောက်မှာတော့ ဦးဝှေ့တင်းကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

"သူ့ကို လွှတ်ပေးတဲ့ အဓိက အကြောင်းအရင်းကတော့ ကျွန်တော်တို့ ရခိုင်နဲ့ ရခိုင်မျိုးနွယ်စုဝင် ခမီလူမျိုးတွေကြားမှာ စည်းလုံးညီညွတ်မှုကို ပိုပြီးတော့ ခိုင်မာစေချင်တာရယ်၊ နောက်ပြီးလို့ရှိရင် ဒီရခိုင်နဲ့ ခမီလူမျိုးတွေကြားမှာ အပြန်အလှန်နားလည်မှု ယုံကြည်မှုတွေနဲ့ ညီရင်းအစ်ကို ဆက်ဆံရေးတွေကို ပြန်လည်ပြီးတော့ တည်ဆောက်ချင်တာရယ်၊ နောက် ရှေ့ဆက်အနာဂတ် ခရီးမှာလည်းပဲ ကျွန်တော်တို့ ညီအစ်ကို အချင်းချင်းကြားမှာ ညီညွတ်သင့်မြတ်မှုကို ပိုမိုခိုင်မာစေချင်တဲ့အတွက်ကြောင့် ဦးဝှေ့တင်းကို ပြန်လွှတ်ပေးလိုက်တာ ဖြစ်တယ်" လို့ အေအေ ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

ဒီကနေ့ လွတ်လာတဲ့ အထဲမှာ ဦးဝှေ့တင်းနဲ့ အတူ ပွေအုပ်ကျေးရွာက ပညာရေး ဝန်ထမ်းတစ်ဦးလည်း ပါဝင်တယ်လို့ သိရှိရပါတယ်။