ဝူဟန်မှာပိတ်မိနေတဲ့ မြန်မာကျောင်းသားတွေကို သွားခေါ်တဲ့ လေယာဉ်အမှုထမ်းတွေ ဆေးရုံမှာ နေရဆဲဖြစ်

ဆေးရုံမှာတွေ့ရတဲ့ လေယာဉ်အရာထမ်း၊ အမှုထမ်းများ ဓာတ်ပုံ မူပိုင် Thida Tun'facebook
Image caption ဆေးရုံမှာတွေ့ရတဲ့ လေယာဉ်အရာထမ်း၊ အမှုထမ်းများ

နိုဗယ်ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ပိတ်မိနေဆဲ့တဲ့ မြန်မာကျောင်းသား ၅၉ ဦးကို သွားရောက်ခေါ်ဆောင်ခဲ့တဲ့ လေယာဉ် အမှုထမ်း၊ အရာထမ်း ၆ ဦးစလုံးဟာ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ထိ ရောဂါကူးစက်ခံရမှု ရှိမရှိ စောင့်ကြည့်တာကို ခံနေရဆဲဖြစ်တယ်လို့ လေယာဉ်မှူးကြီး ဦးခုပ်ခန့်မုံက ဘီဘီစီကို ပြောပါတယ်။

ရောဂါစတင်ဖြစ်ပွားရာဝူဟန်မြို့ကို သွားရောက်ခဲ့တာကြောင့် လေယာဉ်မှူးကြီး ဦးခုပ်ခန့်မုံကလွဲလို့ လေယာဉ်နောက်ခန်းမှာကျောင်းသူကျောင်းသားတွေနဲ့ တိုက်ရိုက်ထိတွေ့ရတဲ့ အင်ဂျင်နီယာ ဦးအောင်ဇင်၊ လေယာဉ်မောင်ချုပ် ဦးသန်းကျော်ဌေး၊ အကြီးတန်း လေယာဉ်မောင် ကိုဝဠာဝင့်၊ အကြီးတန်းလေယာဉ်မောင် ကိုရဲမြတ်အောင်နဲ့ လေယာဉ်မောင် ကိုအာကာလင်းတို့ ၅ဦးဟာ ဝေဘာဂီဆေးရုံမှာပဲ စောင့်ကြည့်ကုသမှု (Hospital Quarantine )လုပ်နေရတာဖြစ်ပါတယ်။

'' နောက်မှာနေရတဲ့ ကျောင်းသားတွေနဲ့ နည်းနည်းကွန်တက်ရှိတဲ့အတွက် သူတို့ကို စောင့်ကြည့်တဲ့အနေနဲ့ ထားတာ။ သူတို့ကိုလည်း နေ့တိုင်း ဆရာဝန်တွေက မနက် နေ့လယ် ည အမြဲတမ်း စစ်ဆေးတယ်။ အကုန် လုံးအခြေအနေကောင်းတယ်။ လေယာဉ်မှူးအခန်း ကတော့ လော့ခ်လုပ်ပြီး ပိတ်ထားသလို ရောဂါကာကွယ်ရေးဝတ်စုံတွေလည်း ဝတ်ဆင်ထားတာဖြစ်လို့ အိမ်မှာပဲ ကွာရန်တင်း(quarantine) လုပ်ခွင့်ပေးတယ်။'' လို့ ဝူဟန်ကို သွားရောက်ခဲ့တဲ့ လေယာဉ်ဝန်ထမ်းတွေရဲ့အခြေအနေကို ကိုယ်တိုင်ပါဝင်ခဲ့သူတစ်ဦးဖြစ်တဲ့ လေယာဉ်မှူးကြီး ဦးခုပ်ခန့်မုံက ပြောပြပါတယ်။

ဓာတ်ပုံ မူပိုင် Thida Tun'Facebook
Image caption လေယာဉ်မှူးဦးခုပ်ခန့်မုံကလွဲလို့ ကျန် ၅ ဦးဟာ ဝေဘာဂီဆေးရုံမှာ စောင့်ကြည့်နေတာဖြစ်

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့တဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ဟာ အခု ဖေဖော်ဝါရီ ၁၁ ရက်နေ့အထိ လူ ၁၁၀၀ ကျော်သေဆုံးခဲ့ရပြီး လူ ၄သောင်းကျော် ကူးစက်ခံထားရပါတယ်။

ဒီရောဂါပိုးသစ်ကို ကိုဗစ်- နိုင်တဲန်း Covid-19 လို့ အမည်သတ်မှတ်ပေးလိုက်ပြီလည်းဖြစ်ပါတယ်။

ဒီလို လူပေါင်း ၁၁၀၀ကျော်အထိ သေဆုံးစေခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ ဝူဟန်မြို့ မှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကို သွားရောက်ခေါ်ယူဖို့ မြန်မာ့အမျိုးသားလေကြောင်းက ဝန်ထမ်း အရာထမ်းတွေဖြစ်တဲ့ သူတို့ကိုယ်တိုင်ရဲ့ဆုံးဖြတ်ချက်နဲ့သွားရောက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ကျောင်းသားတွေကို သွားရောက်ခေါ်ယူခဲ့တဲ့ ဝန်ထမ်းတွေအပြင် သူတို့ရဲ့ မိသားစုဝင်တွေကပါ စိတ်နေ စိတ်ထားကအစ ပြင်ဆင်ခဲ့ကြရတယ်လို့ လေယာဉ်မှူးကြီး ဦးခုပ်ခန့်မုံရဲ့ ဇနီးဖြစ်သူက သူမရဲ့ လူမှု ကွန်ယက် စာမျက်နှာပေါ်မှာ ရေးသားဖော်ပြထားပါတယ်။

တအိမ်လုံးHome quarantine လုပ်ရမည်ဆိုတာနဲ့တပြိုင်နက်တည်း ကျွန်မခင်ပွန်းအတွက် အခန်းကို ပြင်ရ ပါတယ်။သူအိပ်နေကြအခန်းကိုပိုးသတ်ရပါတယ်။၃ပေအကွာကစကားပြောဖို့အားလုံးလိုက်နာရပါတယ်။ ထမင်းဟင်း အခန်းဝကလှမ်းပေးရပါတယ်။ လေယာဉ်ပေါ်အဝတ်အစားအားလုံးShoe ကအစအားလုံး ပြန်လာကတည်းကမီးရှို့ဖျက်ဆီးပြီးပါပြီ။ခုချိန်ထိအဖျားနေ့စဉ်သုံးကြိမ်တိုင်းပါတယ်။သူ့ဖာသာတိုင်းပါတယ်။ကျွန်မတို့ကအစာအဟာရပြည့်စုံဖို့၊ အိပ်ရေးဝဖို့၊လမ်းလျောက်ဖို့၊ ဝမ်းမချုပ်ဖို့ဂရုစိုက်ပေးရပါတယ်။ ကျန်းကျန်းမာမာပါပဲ။''လို့ သူမကရေးသားထားပါတယ်။

''မိသားစုနဲ့အတူ နေထိုင်တယ်ဆိုပေမယ့် အခန်းကိုသီးခြားနေတယ်။ မတွေ့အောင် အတတ်နိုင်ဆုံး နေတယ်။ အဝတ်အစားတွေ အသုံးအဆောင်တွေလျှော်တာက အစ သီးခြား အားလုံးကို ဆရာဝန်တွေ ညွှန်ကြားတဲ့အတိုင်းပဲနေတယ်'' လို့ လေယာဉ်မှူးကြီးက သူ့ရဲ့လက်ရှိနေထိုင်မှုအခြေအနေ ကိုပြောပြပါ တယ်။

ဝူဟန်မြို့က ကျောင်းသားတွေကို ဖေဖော်ဝါရီ ၂ရက်နေ့မှာ သွားရောက်ခေါ်ယူပြီးနောက် ပြန်ရောက်လာတဲ့ နေ့ကတည်းက ရောဂါကူးစက်ခံရမှုရှိမရှိကို စောင့်ကြည့်ကုသမှုခံယူခဲ့ရတာဖြစ်ပြီး သီတင်းပတ် ၂ပတ်ပြည့်တဲ့ထိ နေထိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ