ပလက်ဝ ကုန်စည်သယ်ယူရေးပြတ်၊ ကြက်ဥတစ်လုံး ၅၀၀ ကျပ်ဖြစ်နေ

စက်လှေတွေ မထွက်ဖြစ်တာ တစ်ပတ်ကျော်ရှိပြီ ဓာတ်ပုံ မူပိုင် Myint Lwin
Image caption စက်လှေတွေ မထွက်ဖြစ်တာ တစ်ပတ်ကျော်ရှိပြီ

တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့မှာ အခုရက်ပိုင်းအတွင်း ကုန်စည်သယ်ယူတဲ့ လမ်းကြောင်းတွေ ရပ်နားထားလို့ ကုန်ဈေးနှုန်းတွေမြင့်တက်ပြီး ကြက်ဥတစ်လုံးကို ကျပ် ၅၀၀ အထိ ပေးဝယ်နေကြရတယ်လို့ ပလက်ဝမြို့ခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဆန်ဈေးလည်း မြင့်တက်နေပြီး အရင်က ဆန်တစ်အိတ်ကို ကျပ် ၂၀၀၀၀ ရှိခဲ့ရာက အခုရက်ပိုင်းမှာ ကျပ် ၃၀၀၀၀ အထိ မြင့်တက်ခဲ့သလို ရောင်းချစရာ ဆန်လက်ကျန် မရှိသလောက် ရှားပါးနေတယ်လို့ ဈေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

ပလက်ဝမြို့နဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ဟာ နယ်မြေချင်း ထိစပ်နေပြီး ကုလားတန်မြစ်ကြောင်းတစ်ခုတည်းကို ရေလမ်းသွားလာမှုအဖြစ် အဓိက အသုံးပြုနေရတာပါ။

ပလက်ဝ အောက်ဘက် ကျောက်တော် အထက်ဘက် နယ်စပ်နေရာတွေမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ကြား တိုက်ပွဲတွေက ဖေဖော်ဝါရီလဆန်းကစပြီး ပြင်းထန်နေပြီး တိုက်ပွဲ နေ့စဉ်ဖြစ်ပွားနေပါတယ်။

"ကျောက်တော်-ပလက်ဝ စက်လှေတွေ အသွားအလာကို ပိတ်ထားတဲ့အတွက် ဆန်ဈေးတွေ အဆမတန် ထိုးတက်နေတယ်။ ပိတ်ထားတာ တစ်ပတ်ကျော်လာပြီ။ မြို့နယ်အုပ်ချုပ်ရေးကတော့ သွားလို့လည်း မပြောဘူး။ မသွားရလို့လည်း မပြောဘူး။ အရင်က ဆန်တစ်အိတ်ကို ၂ သောင်းပဲရှိတယ်။ အခု ၃ သောင်းထိဖြစ်နေပြီ။ ဒါတောင် ဆန်တွေရှာလို့ မရတော့ဘူး"လို့ မြို့ခံ ဈေးဆိုင်ပိုင်ရှင် တစ်ဦးဖြစ်တဲ့ ဦးစိုးလှက ပြောပါတယ်။

ပလက်ဝမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဖိုးအောင်က သူတို့အနေနဲ့ ရေလမ်းကြောင်း သွားလာမှုတွေကို ပိတ်ထားတာ မရှိကြောင်းနဲ့ ကြောက်ရွံ့ပြီး မသွားကြတာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။

ပလက်ဝမြို့ဟာ တောင်တန်းဒေသ မြို့နယ်တစ်ခုဖြစ်ပြီး တောင်ယာနဲ့ ဥယျဉ်ခြံလုပ်ငန်းတွေကို တပိုင်တနိုင်လုပ်ငန်းတွေ အဖြစ်သာ လုပ်ကိုင်ကြတဲ့အတွက် ဆန်နဲ့ တခြားစားသောက်ကုန်တွေကို ရခိုင်ပြည်နယ်ဘက်ကနေ သယ်ယူနေကြရတာ ဖြစ်ပါတယ်။

"ကုန်ဈေးနှုန်း မြင့်မားတာတော့ မရှိသေးပါဘူး။ ဟင်းသီးဟင်းရွက်တွေ ရှားပါးတာပဲ ရှိတယ်။ ကျန်တာတော့ ဘာမှမဖြစ်ပါဘူး။ ကျွန်တော်တို့မှာ စစ်ဘေးရှောင် ဆန်တွေရှိလို့ အရန်ဆန်တွေကို ရောင်းချပေးနေပါတယ်။ ကျွန်တော်တို့က စက်လှေတွေကို ပိတ်တာလည်းမရှိဘူး။ ဖွင့်တာလည်း မရှိဘူး။ ပုံမှန် သွားနေကြတာပဲ"လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖိုးအောင်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Myint Lwin
Image caption ကုလားတန်မြစ်ကြောင်းတစ်ခုတည်းကို ရေလမ်းသွားလာမှုအဖြစ် အဓိက အသုံးပြုနေရ

မြို့နယ်အုပ်ချုပ်ရေးရုံးမှာ ဆန်အိတ်တွေ တော်တော်များများ ရှိနေတယ်လို့လည်း ပြောပါတယ်။

လက်ရှိမှာ ဆန်ဈေးနှုန်းတွေ မြင့်တက်ပြီး ဆန်ရှားပါးနေတဲ့အတွက် အဲ့ဒီဆန်တွေကို ဒေသခံတွေဆီ ရောင်းချပေးဖို့အတွက် ဒီကနေ့ မနက်ပိုင်းက မြို့ခံတွေ သွားရောက် အကူအညီတောင်းခဲ့ရာမှာတော့ ဆန်တစ်အိတ်ကို ကျပ် ၂၅၀၀၀ နှုန်းနဲ့ ကျေးရွာတွေအတွက် ရောင်းချပေးနေပြီး မြို့ပေါ်အတွက် ထုတ်ပေးလို့မရကြောင်း ပြောဆိုသွားခဲ့တယ်လို့ ပလက်ဝမြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

လက်ရှိမှာ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတဲ့အတွက် တစ်နေ့စာ တစ်နေ့ ရှာဖွေလုပ်ကိုင်စားသောက်နေကြရတဲ့ လက်လုပ်လက်စား မိသားစုတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ ဦးစိုးလှက ပြောပါတယ်။

"စီးပွားရေးလုပ်ငန်းတွေ ထိခိုက်မှုကတော့ အများကြီးပါပဲ။ ကျွန်တော်တို့ ဆောက်လုပ်ရေး လုပ်ငန်းတွေ ဆိုရင်လည်း ဘိလပ်မြေသယ်လို့ မရ။ ကျောက်သယ်လို့ မရ။ သဲသယ်လို့မရနဲ့ လုပ်ငန်းတွေအကုန်လုံးရပ်ထားပြီး လုပ်အားခတွေကို ပေးနေရတယ်။ ကျွန်တော့်အမေတို့မှာဆို ကုန်စိမ်းရောင်းတယ်။ ဆိုင်တွေ ပိတ်လိုက်ရပြီ။ ကြက်ဥတစ်လုံး ၅၀၀ ဖြစ်နေ ပြီဗျ"လို့ စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းဝေက ပြောပါတယ်။

ပလက်ဝမြို့နယ်အတွင်း ရောင်းချမယ့် ဆန်တွေကို ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်းက သွားရောက်သယ်ယူ ပြီးမှ ရောင်းချရတာဖြစ်ပြီး အရင်ကလည်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကနေ မျှောစာထုတ်ယူပြီးမှ သယ်ယူခွင့်ရရှိကြသလို ဆန်ဆိုင် တစ်ဆိုင်ကို အိတ် ၂၀ သာ သယ်ယူခွင့်ပြုထားတဲ့အတွက် အပိုပါလာခဲ့ရင် သိမ်းဆည်းခံရတယ်လို့ ဆန်ကုန်သည်တွေက ပြောပါတယ်။

တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ဖေဖော်ဝါရီ ၆ ရက်နေ့ကတည်းက ကုန်စည်သယ်ယူရေးတွေ နားခဲ့တာဖြစ်ပြီး တစ်ပတ်ကျော်ကျော် စက်လှေတွေ မထွက်ဖြစ်တာကြောင့် မကြာခင် ပလက်ဝမှာ စက်သုံးဆီ ဒီဇယ်ဆီတွေ ပြတ်လပ်ရင် လျှပ်စစ်မီးမပေးနိုင်တဲ့အထိ ဖြစ်မှာစိုးရိမ်တယ်လို့ ပလက်ဝက အစိုးရအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

လတ်တလော အခြေအနေတွေနဲ့ ပတ်သက်ပြီး ကျောက်တော်ဘက်က တက်လာတဲ့ တပ်နဲ့ အေအေတို့ ဝက်မကျရွာအနီးတစ်ဝိုက် တောင်တန်းမှာ တိုက်ပွဲအပြင်းအထန် ဖြစ်နေတယ်လို့ အေအေဘက်က ပြောခွင့်ရသူ ခိုင်သုခက ပြောပါတယ်။

ပလက်ဝမြို့နယ်ဟာ တိုက်ပွဲဧရိယာအတွင်းက အင်တာနက်ဆက်သွယ်ရေးလိုင်းတွေကို အပိတ်ခံထားရတဲ့မြို့နယ်တွေထဲမှာ တစ်ခုအပါအဝင်လည်း ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ