ရခိုင်စာစစ်ဌာန ၂၀ ပိတ်လို့ ကျောင်းသားထောင်ချီ နေရာပြောင်းဖြေရမယ်

တိုက်ပွဲတွေဖြစ်နေတဲ့ မြို့နယ်တွေမှာ အခုနှစ် ပညာသင်နှစ် အတွင်း နယ်ကျောင်းတွေ တော်တော်များကို ပိတ်ထားရ ဓာတ်ပုံ မူပိုင် Myint Lwin
Image caption တိုက်ပွဲတွေဖြစ်နေတဲ့ မြို့နယ်တွေမှာ အခုနှစ် ပညာသင်နှစ် အတွင်း နယ်ကျောင်းတွေ တော်တော်များကို ပိတ်ထားရ

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ဖြစ်နေတာကြောင့် လုံခြုံရေး စိုးရိမ်ရတဲ့ အတွက် မတ်လ ၁၁ ရက်နေ့မှာ စတင်မယ့် တက္ကသိုလ် ဝင်တန်း စာမေးပွဲအတွက် မြို့နယ် ကိုးခုက စာစစ်ဌာန ၂၀ လောက်ကို ယာယီပိတ်ပြီး တစ်ခြား စာစစ်ဌာနတွေမှာ ပြောင်းရွှေ့ စစ်မှာ ဖြစ်ပါတယ်။

ဒါကြောင့် အဲဒီစာစစ်ဌာနတွေက ထောင်ချီတဲ့ ကျောင်းသားတွေ တခြား စာစစ်ဌာနတွေမှာ သွားဖြေရမှာ ဖြစ်ပါတယ်။

ကျောက်ဖြူ၊ အမ်း၊ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ ဘူးသီးတောင် မြို့နယ်က စာစစ်ဌာနတွေကို ပိတ်ထားမယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူး ဦးတင်သိန်းက ပြောပါတယ်။

အခု လောလောဆယ်မှာတော့ ကျောင်း ပေါင်း ၂၀ ရဲ့ စာစစ်ဌာနတွေကို ပိတ်သွားမယ့် အကြောင်း ရခိုင်ပြည်နယ် အစိုးရကို တင်ပြထားပြီး အစိုးရရဲ့ ခွင့်ပြုချက်နဲ့ စာစစ်ဌာနတွေကို ပိတ်သွားမယ်လို့ ဆိုပါတယ်။

အခုလို စာစစ်ဌာတွေကို ပိတ်လိုက်တာ ကြောင့် ကျောင်းသားတွေဟာ မူလစာစစ်ဌာနတွေကနေ မြို့ပေါ် စာစစ်ဌာနတွေကို ပြောင်းရွှေ့ ဖြေဆိုကြရမှာ ဖြစ်ပါတယ်။

ဒီလို စာစစ်ဌာန ပိတ်မယ့်အထဲမှာ ရသေ့တောင်မြို့နယ်က ကျောင်းသား ၅၀၀ လောက် ဝင်ရောက် ဖြေဆိုမယ့် လောင်းချောင်း အထကနဲ့ ကျောက်တန်း အထက စာစစ်ဌာနတို့လည်း ပါဝင်ပါတယ်။

ဒီလို စာစစ်ဌာနတွေ ပြောင်းရွှေ့ ဖြေဆိုကြရမှာဖြစ်တဲ့ အတွက် ကြုံတွေ့လာရနိုင်တဲ့ အခက်အခဲနဲ့ ပတ်သက်လို့ မြို့ပေါ်က တခြားစာစစ်ဌာနမှာ သွားဖြေရရင် ငွေကြေးတတ်နိုင်သူတွေအတွက် အဆင်ပြေပေမဲ့ ချို့တဲ့သူတွေအတွက် နေထိုင်စရိတ်ကအစ အခက်အခဲဖြစ်စေလို့ ကိုယ့်နေရာမှာသာကိုယ် စာစစ်ဌာနတွေ ချထားပေးစေချင်တယ်လို့ ရသေ့တောင်မြို့နယ် အတွင်းက ကျောင်းသားမိဘ တစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ် အတွင်းက တိုက်ပွဲတွေဖြစ်နေတဲ့ မြို့နယ်တွေမှာ အခုနှစ် ပညာသင်နှစ် အတွင်း နယ်ကျောင်းတွေ တော်တော်များကို ပိတ်ထားရသလို အချိန်ပြည့် စာမသင်ကြားနိုင်တာတွေလည်း ရှိချိန်မှာ နယ်ကျောင်း ၂၀ လောက်က စာစစ်ဌာနတွေကို ပိတ်လိုက်ရမှာ ဖြစ်တဲ့ အတွက် အခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက် ရာခိုင်နှုန်း အများကြီး ကျဆင်းသွားနိူင်တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောဆိုပါတယ်။