မြောက်ဦး ရိုဟင်ဂျာ လူငယ် သေဆုံးမှု အခြေအနေ တင်းမာလို့ ရဲဝင်ထိန်း

မြောက်ဦး ဓာတ်ပုံ မူပိုင် NARINJARA

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပေါင်းတုတ်ရွာပြင်မှာ ဖုန်းသုံးနေတဲ့ ရိုဟင်ဂျာ လူငယ်နှစ်ဦးထဲက တစ်ဦး အသတ်ခံခဲ့ရအပြီး နောက်တစ်နေ့ မနက်မှာ လမ်းသွားလမ်းလာတွေကို အဲဒီ ရွာသားတချို့က တိုက်ခိုက်ခဲ့တဲ့အတွက် အခြေအနေတွေ တင်းမာခဲ့ပါတယ်။

ပေါင်းတုတ်ရွာဟာ မြောက်ဦးမြို့နယ် တောင်ပိုင်း စစ်တွေ- ရန်ကုန်ကားလမ်းပေါ်မှာရှိပြီး ရွာရဲ့ တစ်ဖက်စီမှာ ရိုဟင်ဂျာနဲ့ ရခိုင်တိုင်းရင်းသားတွေ နေထိုင်တဲ့ရွာ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီလ ၁၈ ရက်ည ၉ နာရီလောက်မှာ အဲဒီ ၁၉ နှစ် အရွယ် လူငယ် အသတ်ခံခဲ့ရပြီး နောက်တစ်နေ့မနက် အစောပိုင်းမှာ အဲဒီရွာသားတွေက ဖြတ်သွားဖြတ်လာ တွေကို တိုက်ခိုက်မှု ဖြစ်ခဲ့တဲ့အတွက် အခြေအနေဟာ တင်းမာသွားပြီး လူမျိုးရေး၊ ဘာသာရေးဘက်ကို ရောက်သွားမယ့် အနေအထားထိ ရောက်ရှိ သွားခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

နောက်ပိုင်းမှာတော့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး အခြေအနေဟာ ပြန်တည်ငြိမ်သွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ ရိုဟင်ဂျာလူငယ် သေဆုံးမှုနဲ့ ပတ်သက်ပြီး ဒီလူငယ်တွေက တပ်မတော်ကို သတင်းပေးတယ် ဆိုပြီး အေအေက စွပ်စွဲ သတ်ဖြတ်တာ ဖြစ်တယ်လို့ လွတ်မြောက်လာတဲ့ လူငယ်က ပြောတဲ့အကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

အေအေ ရက္ခိုင့်တပ်တော် ပြောခွင့်ရသူ ခိုင်သုခကတော့ အေအေက သတ်ဖြတ်တာမဟုတ်ဘဲ တပ်မတော်သားတချို့က သတ်ဖြတ်တာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

ပေါင်းတုတ်ကျေးရွာ တာဝန်ခံ ဦးချောင်ချူကတော့ ရွာက လူငယ်နှစ်ယောက်ဟာ ရွာပြင်ကို အင်တာနက် အသုံးပြုဖို့သွားရာမှာ ရခိုင်နှစ်ဦးက မော်တော်ဆိုင်ကယ် နှစ်စီးနဲ့ အဲဒီကောင်လေးနှစ်ယောက်ကို ဖမ်းဆီးရာမှာ တစ်ဦးက လွတ်သွားပြီး တစ်ဦးကို ဖမ်းခေါ်သွားပြီး သတ်ပစ်လိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီနောက် ရွာအဆုံးမှာ အလောင်းကို ပြန်လာပို့သွားတယ်လို့ ပြောပါတယ်။

သတ်ဖြတ်သူတွေဟာ ဘယ်ရွာကလဲ၊ ဘယ်သူတွေလဲ ဆိုတာကိုတော့ တိတိကျကျ မသိဘူးလို့လည်း သူက ပြောပါတယ်။

ဒီလို သတ်ဖြတ်ခံရတဲ့ အပေါ် မကျေနပ်တဲ့ ပေါင်းတုတ် ကျေးရွာသားတွေဟာ ဖေဖော်ဝါရီလ ၁၉ ရက် မနက်စောစော ဈေးလာရောင်းတဲ့ ပန်းမော် ကျေးရွာက အသက် ၁၄ နှစ်အရွယ် ရခိုင်လူမျိုး မောင်လုံးဖြူကို ဝိုင်းဝန်း တိုက်ခိုက်ကြရာမှာ ရွာထဲက မွတ်ဆလင် အမျိုးသမီးကြီး ဒေါ်ဖာတေက ဝင်ရောက် တားဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒါကြောင့် တိုက်ခိုက်ခံရသူ လူငယ် အသက်ဘေးက လွတ်မြောက်ခဲ့ပေမယ့် ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားပြီး ဆေးရုံကို တင်ပို့ခဲ့ရပါတယ်။

ဒါ့အပြင် တခြား လမ်းသွားလမ်းလာ တချို့လည်း တိုက်ခိုက်ခံ ခဲ့ကြရတယ်လို့ ဆိုပါတယ်။

အဲဒီနောက်ပိုင်း ဘာသာရေး လူမျိုးရေး ပဋိပက္ခ ဖြစ်သွားနိုင်တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက အခြေအနေကို ဝင်ရောက် ထိန်းသိမ်းခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အခြေအနေ တင်းမာလာမှာစိုးလို့ ရဲတပ်ဖွဲ့က အဲဒီရွာကို သွားရောက် ထိန်းသိမ်းခဲ့တယ်၊ သေဆုံးသူကို ညနေ ၃ နာရီလောက်မှာ သင်္ဂြိုဟ်ခဲ့ပြီး အခြေအနေ အေးအေးချမ်းချမ်း ရှိနေတယ်လို့ မြောက်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးသိန်းက ပြောပါတယ်။

လက်ရှိ အချိန်မှာ အခြေအနေက အေးဆေးတည်ငြိမ်နေပေမယ့် ပြဿနာဖြစ်ပွားမှာကို စိုးရိမ်နေရတယ်လို့ ပန်းမော် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အခုလို လူသေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းနေသလို ဒေသတွင်းက အသိုင်းအဝိုင်း နှစ်ခုအကြားမှာလည်း ပြသနာတွေ ပိုမို ကြီးထွားလာမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။