ပေါင်းတုတ်ရွာ လူငယ်သေဆုံးမှုကနေ လူမျိုးရေး အဓိကရုဏ်း ဖြစ်လာမှာ ဒေသခံတွေ စိုးရိမ်

အသိုင်းအဝိုင်းနှစ်ခုကြား ပြဿနာ မဖြစ်စေချင်လို့ အမှုမဖွင့်ဘူးလို့ ရိုက်နှက်ခံရသူ ရခိုင်လူငယ်မိသားစုဘက်က ပြော ဓာတ်ပုံ မူပိုင် Myint Lwin
Image caption အသိုင်းအဝိုင်းနှစ်ခုကြား ပြဿနာ မဖြစ်စေချင်လို့ အမှုမဖွင့်ဘူးလို့ ရိုက်နှက်ခံရသူ ရခိုင်လူငယ်မိသားစုဘက်က ပြော

ရခိုင်ပြည်နယ် မြောက်ဦးမြို့တောင်ဘက် လေးမိုင်ခန့်အကွာ ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်းဘေးမှာရှိတဲ့ ပေါင်းတုတ်ကျေးရွာက ရိုဟင်ဂျာ လူငယ်တစ်ဦးဟာ ဖေဖော်ဝါရီ ၁၈ ရက်နေ့ ညနေပိုင်းက သတ်ဖြတ်ခံလိုက်ရပါတယ်။

ပေါင်းတုတ်ကျေးရွာက လူငယ်နှစ်ယောက်ဟာ ကျေးရွာရဲ့မြောက်ဘက် မိုင်ဝက်လောက်အကွာမှာရှိတဲ့ အဝေးပြေးလမ်းမပေါ်က တံတားလေးပေါ်မှာ အင်တာနက်လိုင်းမိတဲ့အတွက် အဲဒီနေ့ ညနေ ၇ နာရီလောက်မှာ အဲဒီမှာ အင်တာနက် သုံးနေတဲ့အချိန် လူလေးယောက်က ဆိုင်ကယ်နှစ်စီးနဲ့ ရောက်လာပြီး သူတို့ကိုဖမ်းဆီးချိန်မှာ တစ်ယောက်က လွတ်မြာက်လာခဲ့ကာ ကျန်တဲ့တစ်ယောက်က အသတ်ခံလိုက်ရတာ ဖြစ်တယ်လို့ ရွာသားတွေက ပြောပါတယ်။

မြောက်ဦးမြို့နယ်ဟာ အင်တာနက် အပိတ်ခံထားရတဲ့ မြို့နယ်တွေမှာ ပါပေမဲ့ တချို့ နေရာတွေမှာ အင်တာနက်လိုင်း မိတဲ့အတွက် အဲဒီနေရာမှာ သွားသုံးကြတာလို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီလူငယ် အသတ်ခံလိုက်ရပြီးနောက် ၁၉ ရက် မနက်ပိုင်းမှာ လောင်းကြက်ကျေးရွာဈေးကို ဟင်းသီးဟင်းရွက်ရောင်းချဖို့ ညီမဖြစ်သူကို လိုက်ပို့ပြီး ပြန်လာတဲ့ ပန်းမော်ကျေးရွာသား ရခိုင်တိုင်းရင်းသား အသက် ၁၉ နှစ်အရွယ် ကိုမောင်လုံးဖြူဟာ ပေါင်းတုတ်ကျေးရွာကို ဆိုင်ကယ်နဲ့ ဖြတ်သန်းလာစဉ် အဲဒီ ရွာသားတွေရဲ့ ဝိုင်းဝန်း ရိုက်နှက်ခံလိုက်ရပြီး ခေါင်းမှာ ဒဏ်ရာရခဲ့ပါတယ်။

ရိုက်နှက်ခံလိုက်ရတဲ့ ကိုမောင်လုံးဖြူဟာ သူလာတဲ့လမ်းမှာ အသုဘတစ်ခု ရှိတာကို တွေ့ခဲ့ပေမယ့် ရိုဟင်ဂျာ လူငယ်တစ်ဦး သတ်ဖြတ်ခံထားရတဲ့ အကြောင်းကို မသိဘဲ ဆိုင်ကယ်နဲ့ လာစဉ် နောက်ကနေ ရိုက်နှက်ခံခဲ့ရတာပါ။

ပထမတစ်ချက် အရိုက်ခံလိုက်ရပြီး ဆိုင်ကယ်ပေါ်က လိမ့်ကျသွားတဲ့အချိန်မှာ လူတွေဝိုင်းအုံလာပြီး ရိုက်နှက်တာကို ခံခဲ့ရတယ်လို့ ကိုမောင်လုံးဖြူက ပြန်ပြောပြပါတယ်။

ဒဏ်ရာတွေ ရခဲ့ပြီး ဆေးရုံတက် ဆေးကုခဲ့ရပေမယ့် သင့်မြတ်နေတဲ့ လူမျိုးနှစ်ခုအကြားမှာ နောက်ထပ် မလိုလားအပ်တဲ့ ပြဿနာတွေ ဆက်မဖြစ်စေချင်တာကြောင့် အမှုဖွင့် အရေးယူမှုတွေကိုလည်း မလုပ်ချင်တော့ဘူးလို့ ကိုမောင်လုံးဖြူရော သူ့ရဲ့အမေ ဒေါ်စံခိုင်ဖြူကပါ ပြောဆိုကြပါတယ်။

"နောက်ထပ် ပြဿနာတွေကိုတော့ ကျွန်မတို့ မလိုလားပါဘူး။ အခုကတော့ ဒဏ်ရာတွေလည်းသက်သာလာပါတယ်။ အမှုလည်းမဖွင့်တော့ဘူး။ တစ်နေ့စာ တစ်နေ့ ရှာစားနေရတာ ဆိုတော့ အေးအေးချမ်းချမ်းပဲ နေချင်တယ်"လို့ ကိုမောင်လုံးဖြူရဲ့အမေ ဒေါ်စံခိုင်ဖြူက ပြောပါတယ်။

ကိုမောင်လုံးဖြူတို့ မောင်နှမနှစ်ယောက်ဟာ သူတို့ရဲ့စိုက်ခင်းထဲက ထွက်တဲ့ ဟင်းသီးဟင်းရွက်တွေကို လောင်းကြက် ကျေးရွာဈေးမှာ သွားရောက် ရောင်းချကြတာ ဖြစ်တယ်လို့ သူ့ရဲ့အမေ ဒေါ်စံခိုင်ဖြူက ပြောပါတယ်။

ပေါင်းတုတ်ကျေးရွာထဲက အသုဘနေအိမ်နားမှာ မွတ်ဆလင် ကျေးရွာသားတွေရဲ့ ဝိုင်းဝန်းရိုက်နှက်မှုတွေကို ကိုမောင်လုံးဖြူ ခံနေရချိန်မှာ သူတို့မိသားစုနဲ့ ရင်းနှီးတဲ့ မခါတေတို့ မိသားစုက ဆက်မရိုက်ဖို့ တားဆီးခဲ့တယ်လို့ ပြောပါတယ်။

အဲဒီနောက် သူတို့ရဲ့အိမ်ကို ခေါ်သွားပြီး ပန်းမော်ကျေးရွာကို လိုက်ပို့မယ့်အကြောင်း ပြောပေမယ့် ကိုမောင်လုံးဖြူက လက်မခံဘဲ တစ်ယောက်တည်း ဒဏ်ရာတွေနဲ့ သူ့ရဲ့ရွာကို လမ်းလျှောက် ပြန်လာခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် ပေါင်းတုတ်ကျေးရွာက ရိုဟင်ဂျာရွာသားတွေက ရွာအလယ်က ဖြတ်သန်းထားတဲ့ အဝေးပြေး ကားလမ်းမပေါ်ကို စုရုံးရောက်လာခဲ့ကြပြီး အဲ့ဒီလမ်းမပေါ်မှာ သွားလာနေတဲ့ မြောက်ဦးက လူငယ်တစ်ဦးနဲ့ ပေါင်းတုတ် ကူးတို့ဆိပ်က လူငယ်တစ်ဦးကိုလည်း ဝိုင်းဝန်းရိုက်နှက်ခဲ့ကြတယ်လို့ ပေါင်းတုတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဦးထွန်းလှိုင်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Ko Maung Wine

အခုလို ရိုဟင်ဂျာ ကျေးရွာသားတွေက ရခိုင်လူမျိုးတွေကို ရိုက်တာတွေရှိနေတာကြောင့် တစ်ဖက်နဲ့တစ်ဖက် တင်းမာမှုတွေ ဖြစ်ပွားလာရင်ပဋိပက္ခတွေ ကြီးမားလာမှာကို စိုးရိမ်နေရပြီး ပြဿနာတွေ ဆက်လက် မဖြစ်ပွားအောင် မွတ်ဆလင် ကျေးရွာတာဝန်ခံတွေကို ခေါ်ယူပြီး သူတို့ရဲ့ရွာသားတွေကို ထိန်းသိမ်းကြဖို့နဲ့ ဖြစ်ခဲ့တဲ့ ပြဿနာတွေကိုလည်း ဥပဒေအရ ဆောင်ရွက်နိုင်ဖို့ ပြောဆိုထားတယ်လို့ ဦးဦးထွန်းလှိုင်က ဘီဘီစီကို ပြောပါတယ်။

"ရာအိမ်မှူးတွေကို ခေါ်ပြီးတော့ ဒီပြဿနာကို မကြီးထွားစေနဲ့၊ ညမထွက်ကြနဲ့လို့ ပြောထားတယ်။ ဒီနေ့မနက် (ဖေဖော်ဝါရီ ၂၀ ရက်) ကလည်း လူပေါင်း ၂၀၀ လောက် လမ်းမပေါ် ရောက်လာတယ်။ လောလောဆယ်တော့ ငြိမ်နေတယ်။ ထိန်းမနိုင်လို့ ပြဿနာဖြစ်ရင်တော့ ကျွန်တော်လည်း မတားနိုင်ဘူး။ အခုဟာက လူမျိုးရေး ပြဿနာဖြစ်အောင် ဖန်တီးနေတာလို့လည်း ပြောကြတယ်။ ရွာက တစ်ယောက်သေလို့ ရခိုင်တွေကို ဒီလိုသာ လုပ်နေရင်။ ရခိုင်ဆိုတာက ဆိုးတဲ့လူ ရှိသလို ကောင်းတဲ့လူတွေလည်း ရှိတယ်။ လူကောင်းနဲ့ကျသွားရင် ဒီပြဿနာက ကြီးထွားလာနိုင်တယ်"လို့ ပေါင်းတုတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဦးထွန်းလှိုင်က ပြောပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက် မနက်ပိုင်း ၆ နာရီလောက်မှာလည်း ပေါင်းတုတ်ကျေးရွာရဲ့ အရှေ့ဘက်မှာရှိတဲ့ လောင်းကြက်ကျေးရွာက မြောက်ဦးကို ဈေးသွားရောင်းတဲ့ သုံးဘီးဆိုင်ကယ်တစ်စီးကို ရွာထဲကနေ လေးခွနဲ့ ပစ်ခဲ့တဲ့အတွက် အုပ်ချုပ်ရေးမှူးဆီကို လာရောက် တိုင်တန်းခဲ့တယ်လို့ သူက ပြောပါတယ်။

အခုလိုမျိုး မွတ်ဆလင်တွေက စုရုံးမှုတွေ ပြုလုပ်နေပြီး ရခိုင်တွေကို ဝိုင်းဝန်းရိုက်နှက်တာတွေ လုပ်နေတဲ့အတွက် အနီးဝန်းကျင်မှာရှိတဲ့ ရခိုင်လူမျိုးတွေကတော့ ပြဿနာဖြစ်ပွားလာမှာကို စိုးရိမ်နေကြသလို ပုံမှန်မသွားလာရဲကြကြောင်း ဒေသခံတွေက ပြောပါတယ်။

ရိုဟင်ဂျာ ကျေးရွာသား လူငယ်ကို ဖမ်းဆီးသွားပြီး သတ်ဖြတ်ခဲ့သူတွေဟာ ရခိုင်လူမျိုးတွေလို့ ပြောဆိုကြပေမယ့် ဘယ်သူဘယ်ဝါ ဆိုတာကိုလည်း မသိရသလို လွတ်မြောက်လာခဲ့တဲ့ ရိုဟင်ဂျာ လူငယ်နောက်တစ်ဦးက အဲ့ဒီလူတွေဟာ ဘယ်က ဆိုတာကိုလည်း မသိကြောင်းနဲ့ လူတွေရဲ့ ပုံပန်းသဏ္ဍာန်တွေကိုလည်း မပြောပြနိုင်တဲ့အတွက် လိုက်လံရှာဖွေဖို့ အခက်အခဲရှိနေပြီး လောလောဆယ်မှာတော့ စုံစမ်းမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အဲ့ဒီလူလေးဦးဟာ ရိုဟင်ဂျာ လူငယ်နှစ်ယောက် အင်တာနက် အသုံးပြုနေတဲ့ နေရာကို ဆိုင်ကယ်နှစ်စီးနဲ့ ရောက်လာ ပြီး အင်္ကျီရှည်နဲ့ အနွေးထည်မှာပါတဲ့ ခေါင်းဆောင်းတွေ ဆောင်းထားကြတယ်၊ ထွက်ပြေး လွတ်မြောက်လာသူ လူငယ်က အမြန် ထွက်ပြေးလာခဲ့ရတာ ဖြစ်လို့ လူတွေကို မမှတ်မိဘူးလို့ ပြောကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

"၁၈ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်မှာ ကျွန်တော်တို့ရွာက ကောင်လေးနှစ်ယောက်က ရွာမှာ လိုင်းမရလို့ ရွာပြင်ကိုသွားပြီးတော့ အင်တာနက်မှာ သူ့သူငယ်ချင်းနဲ့ စကားပြောဖို့အတွက် ထွက်သွားပါတယ်။ လိုင်းဖွင့်ထားပြီး သူတို့ သူငယ်ချင်းနှစ်ယောက် ထိုင်ပြီး စကားပြောနေတဲ့အချိန်မှာ ဆိုင်ကယ်နှစ်စီးရောက်လာတယ်။ သူတို့ကိုဖမ်းတယ်။ တစ်ယောက်က လွတ်လာပြီး နောက်တစ်ယောက်က ဖမ်းဆီးခံလိုက်ရတယ်"လို့ ပေါင်းတုတ်ကျေးရွာ တာဝန်ခံ မွတ်ဆလင် ဘာသာဝင် ဦးကျော်လှက ပြောပါတယ်။

သေဆုံးသူ လူငယ်ကို အဲ့ဒီလူ လေးယောက်က ရွာရဲ့မြောက်ဘက် မြောက်ဦးမြို့ ရှိတဲ့ဘက်ကို ခေါ်ဆောင်သွားခဲ့တယ်လို့ ထွက်ပြေး လွတ်မြောက်လာတဲ့ လူငယ်က ပြောဆိုကြောင်း ကျေးရွာတာဝန်ခံက ပြောပါတယ်။

လက်ရှိမှာ မြောက်ဦးမြို့နယ်အတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားလို့ မြောက်ဦးမြို့ပေါ်က လူတွေ ပေါင်းတုတ်ရွာဘက်ကို လာမယ်ဆိုရင် မြောက်ဦးနဲ့ ပေါင်းတုတ်ကြားမှာ ခမရ ၅၄၀ တပ်ရင်းကို ဖြတ်သန်းရမှာ ဖြစ်တဲ့အတွက် မြောက်ဦးဘက်က လာရောက်သူတွေ မဖြစ်နိုင်ဘူးလို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဦးထွန်းလှိုင်က ပြောပါတယ်။

အနီးဝန်းကျင် ကျေးရွာတွေဖြစ်တဲ့ ပေါင်းတုတ်၊ လောင်းကြက်၊ ပန်းမော်၊ ရှောက်ခုန်ကျွန်း၊ နန်းကျားစတဲ့ ကျေးရွာတွေက ရခိုင်လူမျိုးတွေဟာလည်း ပေါင်းတုတ်အပြင် တခြား မွတ်ဆလင် ကျေးရွာသားတွေနဲ့ အဆက်အဆံရှိ အလုပ်လုပ်ကိုင်နေကြသူတွေဖြစ်သလို အခုလို အသက်ငယ်ရွယ်သူတွေအကြားမှာ လူမှုရေးပြဿနာ မရှိကြောင်းနဲ့ အဲ့ဒီလူငယ်တွေဟာ လူကောင်းတွေသာ ဖြစ်တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုပါတယ်။

ပေါင်းတုတ်ကျေးရွာဟာ ရိုဟင်ဂျာ မွတ်ဆလင်တွေနဲ့ ရခိုင်လူမျိုးတွေ အတူနေထိုင်နေတဲ့ ကျေးရွာတစ်ရွာဖြစ်ပြီး အိမ်ခြေ ၁၁၀၀ ကျော်ရှိပါတယ်။ အဲဒီမှာ ရခိုင်လူမျိုးနေအိမ် ၂၄၀ သာရှိပြီး ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် တုန်းက ရခိုင်နဲ့ မွတ်ဆလင်တွေအကြား ပြဿနာ ဖြစ်ပွားခဲ့ကြပေမယ့် အဲ့ဒီကျေးရွာတွေက အခုအချိန်ထိ တည်ငြိမ်နေတဲ့ ကျေးရွာတွေလည်း ဖြစ်ပါတယ်။