ဗစ်တိုးရီးယားအမှု လစ်ဟာသူတွေကို အရေးယူဖို့ သမ္မတ ညွှန်ကြား

အသက် ၃ နှစ်အောက် မိန်းကလေးငယ် အဓမ္မ ပြုကျင့်ခံရတယ်ဆိုတဲ့ အမှုမှာ တရားမျှတမှု ရှိဖို့ အများပြည်သူဆန္ဒပြ
Image caption အသက် ၃ နှစ်အောက် မိန်းကလေးငယ် အဓမ္မ ပြုကျင့်ခံရတယ်ဆိုတဲ့ အမှုမှာ တရားမျှတမှု ရှိဖို့ အများပြည်သူဆန္ဒပြ

မူကြိုကျောင်းသူ လိင်မတရားကျင့်ခံရတယ်ဆိုတဲ့ ဗစ်တိုးရီးယား အမှုမှာ လစ်ဟာမှုတွေ ဖြစ်ပေါ်စေခဲ့တဲ့ တာဝန်ရှိသူတွေကို သက်ဆိုင်ရာဌာနတွေက အရေးယူဖို့ သမ္မတက ညွှန်ကြားလိုက်ပါတယ်။

ဗစ်တိုးရီးယားအမှုမှာ လုပ်ထုံးလုပ်နည်းနဲ့ အညီ မဆောင်ရွက်နိုင်တဲ့၊ တာဝန်ကျေပွန်စွာ မဆောင်ရွက်နိုင်တဲ့၊ လစ်ဟာမှုတွေ ဖြစ်ပေါ်ခဲ့တဲ့၊ ဥပဒေ ပြဋ္ဌာန်းချက်တွေနဲ့ ညီညွတ်မှု မရှိတဲ့ တာဝန်ရှိသူတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းက လိုအပ်သလို အရေးယူ ဆောင်ရွက်ဖို့ ဖေဖော်ဝါရီ ၂၀ ရက်မှာ ညွန်ကြားထားတယ်လို့ ဒီကနေ့ သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောပါတယ်။

နေပြည်တော်က အသက်သုံးနှစ်မပြည့်သေးတဲ့ မူကြိုကျောင်းသူ ဗစ်တိုးရီးယား(အမည်လွှဲ)အမှုမှာ သံသယ တရားခံကို တရားရုံးက တရားရှင် လွှတ်လိုက်ပြီးနောက်မှာ ကလေးရဲ့ ဖခင်ဖြစ်သူက သမ္မတဆီကို ကူညီဆောင်ရွက်ပေးဖို့ စာတင်ထားခဲ့တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

အဲဒီအတွက် သမ္မတက သက်ဆိုင်ရာ ဌာန သုံးခုကို ညွှန်ကြားချက် လေးချက် ပေးထားခဲ့ပြီး အဲဒီ အဖွဲ့အစည်းတွေရဲ့ ပြန်လည် တင်ပြချက်အရ သမ္မတက အခုလို ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး တို့ဆီကို သမ္မတက ညွှန်ကြားချက် လေးချက် ပေးထားတာ ဖြစ်ပါတယ်။

၁) အမှုမှန် ပေါ်ပေါက်ဖို့

၂) တာဝန်ခံမှု၊ တာဝန်ယူမှု ရှိဖို့

၃) ဥပဒေနဲ့အညီ ဖြစ်ဖို့

၄) တရားဥပဒေ စိုးမိုးရေးအတွက် ဆောင်ရွက်ထားတာတွေကို ပကတိ တွေ့ရှိချက် အမှန်တရားအတိုင်း ပြန်လည် တင်ပြဖို့တို့ကို ညွှန်ကြားထားတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

Image caption မေလ ၁၆ ရက်မှာ ကလေး လိင်မတရားကျင့်ခံခဲ့ရတယ်ဆိုတာ စစ်ဆေးတွေ့ခဲ့ရတယ်လို့ တိုင်ကြားခဲ့

အဲဒါနဲ့ ပတ်သက်ပြီး တရားလွှတ်တော်ချုပ်က တရားရေးဆိုင်ရာ၊ ပြည်ထဲရေးက အမှု စစ်ဆေးရေးဆိုင်ရာ၊ ရှေ့နေချုပ်ရုံးက ဥပဒေပိုင်းဆိုင်ရာတွေကို သမ္မတဆီ ပြန်တင်ပြခဲ့ကြတာ ဖြစ်ပါတယ်။

ဗစ်တိုးရီးယား အမှုဟာ မေလလယ်မှာ စတင် တိုင်ကြားခဲ့ပြီး ရုံးချိန်း ၁၃ ချိန်းအပြီး ဒီဇင်ဘာလလယ်ပိုင်းမှာ သံသယ တရားခံကို ခရိုင်တရားရုံးက တရားရှင်လွှတ်ပေးခဲ့ပါတယ်။ အဲဒီအတွက် ပြင်ဆင်ပေးဖို့ မန္တလေးတိုင်း ဥပဒေချုပ်ရုံးကို ရဲတပ်ဖွဲ့နဲ့ ဒက္ခိဏခရိုင် ဥပဒေရုံးတို့က တင်ခဲ့ပေမဲ့ တိုင်းအဆင့်က အဲဒါကို ပယ်ချခဲ့ပါတယ်။

အဲဒါကြောင့် "တရားစီရင်ရေးလမ်းကြောင်းက လုံးဝအပြီးအပြတ် ပြတ်သွားပြီပေါ့။...ဘယ်လိုပုံစံမျိုးနဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေ ဆောင်ရွက်ကြမှာလဲဆိုတာတော့ စိတ်ဝင်စားပါတယ်"လို့ တရားလို ရှေ့နေက ပြောကြားထားပါတယ်။

ဆက်စပ် အကြောင်းအရာများ