တရုတ် ပြီးရင် တောင်ကိုရီးယားမှာ COVID-19 အများဆုံး ဖြစ်နေ

ကိုရိုနာ ဗိုင်းရပ်စ် ဓာတ်ပုံ မူပိုင် Getty Images
Image caption တောင်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်ပျံ့မှု တမဟုတ်ချင်း ဆိုးရွားလာနေ

COVID-19 လို့ အမည်ပေးထားတဲ့ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်မှု တောင်ကိုရီးယားမှာ သိသိသာသာ မြင့်တက်သွားပါတယ်။

ဖေဖော်ဝါရီ ၂၁ တရက်တည်းမှာတင် ကူးစက်မှု နှစ်ဆ တက်သွားပြီး အခုဆိုရင် တောင်ကိုရီးယားမှာ ဒီပိုး ကူးစက်ခံထားရသူ စုစုပေါင်း ၄၃၃ ယောက် ရှိသွားပြီကို ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။

အခုလို ကူးစက်မှု မြင့်တက်ခဲ့တဲ့အတွက် တောင်ကိုရီးယားဟာ တရုတ်နိုင်ငံ ပြင်ပ ကူးစက်မှု အများဆုံးရှိတဲ့ နေရာ ဖြစ်လာပါတယ်။

Image caption ကိုရိုနာဗိုင်းရပ်စ် နဲ့ အလားတူ ရောဂါပိုး ကူးစက်မှု နှိုင်းယှဉ်ချက်

အခုအခါ ဒီရောဂါပိုး ကူးစက်ခံရသူတွေအနက် မနေ့ သောကြာနေ့က နှစ်ယောက် ထပ်မံ သေဆုံးသွားတဲ့အတွက် ကူးစက်မှု အခြေအနေ ဒီထက် ဆိုးရွား လာမှာကို စိုးရိမ်နေကြပါတယ်။

အဲဒီလို စိုးရိမ်ကြသူတွေအထဲ ကိုရီးယားမှာ အလုပ်ကိုင် နေတဲ့ မြန်မာနိုင်ငံသားတွေလည်း ပါဝင်ပြီး မြန်မာသံရုံးကို ဆက်သွယ် အကူအညီတောင်းခံလာ သူတွေ ရှိနေပါတယ်။

အခုလို တောင်ကိုရီးယားမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး အကြီးအကျယ် ပျံ့နှံ့လာတာနဲ့ အမျှ နေရာ အတော်များများကို အထူးကြီးကြပ်ဇုန်အဖြစ် ကန့်သတ်ထားပြီး အဲလို ကန့်သတ်ထားတဲ့ အထဲမှာ ဒေဂူးမြို့လည်း ပါဝင်ပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ ကူးစက်မှု အများစုဟာ ဆေးရုံတစ်ခုနဲ့ ပတ်သက်နေပြီး အဲဒီဆေးရုံရှိတဲ့ ချုံဒူး နဲ့ အနီးအနားက ဒေဂူးတို့ကို အထူးသတိထားရမယ့် နေရာအဖြစ် ကြေညာထားတဲ့အတွက် ဒေဂူးက လမ်းတွေမှာ လူသူအသွားအလာ အများကြီး လျော့ကျသွားပါတယ်။

ဓာတ်ပုံ မူပိုင် Sandar Win
Image caption တောင်ကိုရီးယားမှာ အထူးသတိထားရမယ့် နေရာတွေကို ကြေညာပြီ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်နေတဲ့ ဒေဂူးမြို့က မြန်မာ လုပ်သား တွေထဲက နှစ်ဦးဟာ ဗိုင်းရပ်စ် ကူးစက်ခံရမှာကို စိုးရိမ်တဲ့အတွက် မြန်မာသံရုံးကို ဆက်သွယ် အကူ အညီတောင်းခံလာတယ်လို့ ဆိုးလ်မြို့မှာ အခြေစိုက်တဲ့ မြန်မာသံရုံး သံအရာရှိ ဦးဇေယျာတင်ဝင်းတင် က ပြောပါတယ်။

သူတို့ နှစ်ယောက် အနက် တယောက်က လုပ်ငန်းခွင် ထိခိုက်မှု ဖြစ်လို့ W ဆိုတဲ့ ဆေးရုံ တခုမှာ ကုသမှု ခံယူနေရပြီး အဲဒီဆေးရုံမှာ လူနာရော ကျန်းမာရေး ၀န်ထမ်း အယောက် ၃၀ လောက်မှာပါ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်နေတဲ့ အတွက် သူစိုးရိမ်နေတာ ဖြစ်တယ်လို့ မြန်မာ သံရုံး အရာရှိက ရှင်းပြပါတယ်။

တကယ်တမ်း အဲဒီ စိုးရိမ်သူကို စစ်ဆေးကြည့်တဲ့ အခါ ဘာမှ မတွေ့ရဘူးလို့ ဦးဇေယျာတင်ဝင်းတင် က ဆိုပါတယ်။

နောက်တယောက်ကတော့ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံရသူနဲ့ ညစာ အတူစားမိတဲ့ အတွက် စိုးရိမ်တာ ဖြစ်ပြီး သူ့ကို ဆေးစစ်ကြည့်တဲ့ အခါ သူ့ဆီမှာ ဘာရောဂါပိုးမှ မတွေ့ရဘူးလို့ မြန်မာသံ အရာရှိက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ကိုရီးယားရောက် မြန်မာ ရွှေ့ပြောင်းလုပ်သားတွေ ပိတ်မိမှာကို စိုးရိမ်နေ

အခုဆိုရင် မျက်နှာဖုံး Mask တွေလည်း ဘယ်နေရာမှ ၀ယ်လို့ မရတော့တဲ့ အခြေအနေ ဖြစ်နေပြီး တတ်နိုင်သမျှ အပြင်မထွက်ရအောင် ခေါက်ဆွဲခြောက်တွေ၊ အရေးပေါ် လိုအပ်တဲ့ အရာတွေ စုဆောင်းနေကြတယ်လို့ တောင်ကိုရီးယားရောက် မြန်မာ လုပ်သား ကိုရင်မောင်သန်း ကပြောပါတယ်။

ဒီလို ပြင်ဆင်နေပေမဲ့ သူတို့ အနီး၀န်းကျင်မှာ ရှိတဲ့ မြန်မာ လုပ်သား အယောက် ၂၀ လောက်ကတော့ ဖြစ်နိုင်ရင် မိခင် နိုင်ငံရင်းဆီ ပြန်ချင်တယ်၊ တရုတ်ပြည် ဝူဟန်မှာလို ဖြစ်ပြီး ပိတ်မိနေမှာ စိုးရိမ်တယ်လို့ သူက ပြောပါတယ်။

တောင်ကိုရီးယားရောက် မြန်မာ လုပ်သားတွေဟာ အစောပိုင်းတုန်းက စက်ရုံတာဝန်ရှိသူတွေကို အကြောင်းကြားခဲ့ပေမယ့် ဆေးစစ်ပေးဖို့ မလုပ်ခဲ့တဲ့အတွက် အခုလို မြန်မာ သံရုံးကို အကူအညီ တောင်းခဲ့ရတာဖြစ်တယ်လို့ သူတို့က ဆိုပါတယ်။

လက်ရှိ တောင်ကိုရီးယားနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ လုပ်သား သုံးသောင်းခွဲကျော် ရှိနေပါတယ်။

ရက်ပိုင်းအတွင်း ရောဂါပိုး ကူးစက်မှု ဆိုးရွားလာတဲ့ တောင်ကိုရီးယား နိုင်ငံမှာ ဆိုးလ်မြို့က အခြေအနေကို ဘီဘီစီက မေးမြန်းကြည့်ရာမှာ လက်ရှိမှာ ဆေးရုံတိုင်း ဒီရောဂါပိုး အခမဲ့ စစ်လို့ ရပြီး ၊ ဘတ်စကားပေါ်တွေမှာ လက်သန့်ဆေးရည်တွေ ထားရှိပေးသလို မျက်နှာဖုံး တွေလည်း ဆေးရုံတိုင်းမှာ အခမဲ့ ဝေပေးနေတယ်လို့ ကာကွယ်ရေး အခြေအနေကို ဆိုးလ်မြို့မှာ ပါရဂူဘွဲ့သင်တန်းတက်နေတဲ့ မဇွန်နီလာဌေးက ရှင်းပြပါတယ်။

Image caption ရောဂါတိုက်ဖျက်ရေး အတွက် တောင်ကိုရီးယား အစိုးရ ငွေကြေး တိုးမြှင့်သုံးသွားဖွယ် ရှိ

ကျမ်းစာသင်ကျောင်း တကျောင်း ဖြစ်တဲ့ ကင်ချွန်းဂျီ ကနေ အကြီးအကျယ် ကူးစက်ခဲ့တာ ဖြစ်ပြီး အဲဒီကျောင်းဟာ မနှစ်တုန်းက တရုတ်နိုင်ငံ ဝူဟန်မြို့မှာလည်း ကျောင်းဖွင့်ခဲ့တာကြောင့် ကျောင်းတွေကြား ကူးလူး သွားလာ ဆက်ဆံမှုက ကူးစက်တာ ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။

တောင်ကိုရီးယား အစိုးရဟာ ဒီရောဂါပိုး တိုက်ဖျက်ရေး အတွက် အရင်ကတည်းက ဝမ်၁၀၄၁သိန်း လျာထားတာ ဖြစ်ပြီး အခုလို ကူးစက်မှု အရှိန် မြင့်လာတာနဲ့ အမျှ ငွေကြေး တိုးမြှင့် သုံးစွဲ တိုက်ဖျက် သွားနိုင်တယ်လို့ သူက ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ဖေဖော်ဝါရီ ၂၂ ရက်အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုပေါင်း လေးရာကျော်နဲ့ သေဆုံးသူ နှစ်ဦး ရှိနေပါတယ်။

ဒါဟာ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့တဲ့ တရုတ် နိုင်ငံပြင်ပ မှာ ဗိုင်း ရပ်စ်ကူးစက်မှုပမာဏ အမြင့်ဆုံး အခြေအနေလည်း ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
WHO အကြီးအကဲက ဒီဗိုင်းရပ်စ်ဟာ ကမ္ဘာကြီးအတွက် ကြီးမားတဲ့ အန္တရာယ် ဖြစ်နေပြီလို့ ပြော၊