NLD နာယကကို တပ်မတော်နေ့ အခမ်းအနားတက်ဖို့ ဖိတ်

ဦးတင်ဦး ဓာတ်ပုံ မူပိုင် National League for Democrazy
Image caption တပ်မတော်နေ့ ဖိတ်ကြားခံရတဲ့ အတွက် ၀မ်းမြောက် ကျေနပ်တယ်လို့ ဆို

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယကလည်းဖြစ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့သူ တယောက်လည်း ဖြစ်တဲ့ ဦးတင်ဦး အနေနဲ့ လာမယ့် ၇၅ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား ကို တက်ရောက် နိုင်မလား ဆိုပြီး သဘောထား လာမေးခံရတယ်လို့ သူ့ကို အနီးကပ် ပြုစုသူ တယောက်က ပြောပါတယ်။

လာရောက် မေးမြန်းသူတွေဟာ အရပ်၀တ်နဲ့ ဖြစ်ပြီး ရန်ကုန်တိုင်း နယ်လုံ အနေနဲ့ လာဖိတ်တာလို့ ထင်ကြောင်း ၊ သူတို့ ဘယ်သူတွေလဲ ဆိုတာကိုတော့ အမေးမခံကြောင်းနဲ့ သူတို့ လက်ထဲမှာလည်း A4 size လျှောက်လွှာ စာရွက်နှစ်ရွက်ပါကြောင်း ဦးတင်ဦးကို အနီးကပ်ပြုစုစောင့်ရှောက်ပေးနေတဲ့ ဦးမြင့်ဦး က ဆိုပါတယ်။

အဲဒီ စာရင်းထဲမှာ လူ ၅၀ လောက် ပါဝင်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်၀င်းနဲ့ ဦးစန်းယု တို့ရဲ့ မိသားစုတွေလည်း တွေ့ရတယ်လို့ သူက ပြောပါတယ်။

မနှစ်က ဒါမျိုး စုံစမ်းတာ မရှိခဲ့ဘဲ အခုနှစ်မှာတော့ အခမ်းအနား တက်ရောက်ဖို့ လာရောက် မေးမြန်းခြင်းခံရတဲ့ အတွက် ဦးတင်ဦး အနေနဲ့ ဝမ်းသာ ကျေနပ်ကြောင်းနဲ့ အခု ဖေဖော်ဝါရီ လကုန်မှာ ဒီကိစ္စကို အကြောင်းပြန်ပေးမယ်လို့ တုံ့ပြန်လိုက်ကြောင်း သူက ဆိုပါတယ်။

အခုတော့ လာရောက် မေးမြန်းတဲ့ သဘောသာ ဖြစ်ပြီး ဖိတ်စာတို့ အခမ်းအနား တက်ရောက်ဖို့ ရင်ထိုး တံဆိပ်တို့ စတဲ့ ပုံစံတွေတော့ ပါမလာသေးဘူးလို့လည်း သူက ရှင်းပြပါတယ်။

မိသားစု၀င်တွေထဲက ဘယ်သူတွေ လိုက်ပါမလဲ စာရင်းပေးနိုင်မလား ၊ ဦးတင်ဦး အတွက် လေယာဉ်လက်မှတ်လည်း စီစဉ်ပေးမယ်လို့ ပြောသွားကြောင်း ဦးမြင့်ဦး က ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ နှစ်စဉ် မတ်လ ၂၇ ရက်နေ့ကို ဖက်ဆစ် တော်လှန်ရေး အဖြစ်သာ သတ်မှတ်ပြီး အခမ်းအနား ကျင်းပလေ့ ရှိတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် National League for Democracy
Image caption NLD ပါတီ မနှစ်က ကျင်းပခဲ့တဲ့ ဖက်ဆစ် တော်လှန်ရေးနေ့ အခမ်းအနား

ဒီနေ့ ဖေဖော်ဝါရီ ၂၂ ရက် နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ လာမယ့် မတ်လ ၂၇ ရက်နေ့မှာ ကျရောက်မယ့် တပ်မတော်နေ့အခမ်းအနားကို တက်ရောက်ဖို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့သူတွေ၊ တပ်မတော်ခေါင်းဆောင်တွေအဖြစ် တာဝန်ယူခဲ့ဖူးသူတွေကို ဖိတ်ကြားထားတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

အရင်က မဖိတ်ကြားဖူးခဲ့ပေမယ့် ဒီနှစ်ဟာ တပ်မတော်ရဲ့ ၇၅နှစ်မြောက် စိန်ရတု အခမ်းနားလည်းဖြစ်လို့ ဒီလို ပုဂ္ဂိုလ်ကြီးတွေကို ဖိတ်ကြားဖို့ စီစဉ်တာဖြစ်တယ်လို့ သူက ပြောပါတယ်။

အဲဒီလို ဖိတ်ကြားတဲ့သူတွေထဲမှာ ယခင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူခဲ့တဲ့ အန်အယ်လ်ဒီပါတီ နာယက ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦး၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် National League for Democracy
Image caption ၂၀၁၈ ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက်လာတဲ့ သူရ ဦးတင်ဦး

အခုလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦးကို တပ်မတော်နေ့ အခမ်းအနား တက်ရောက်ဖို့ စုံစမ်း ဖိတ်ကြားတာဟာ ယုံကြည်မှု တည်ဆောက်တဲ့ သဘောမျိုးလို့ မြင်ကြောင်း ၊ ဒါဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးရေး ကို ရှေးရှုပြီး အပြန်အလှန် လေးစားမှု ယုံကြည်မှု တည်ဆောက်တာ ဖြစ်နိုင်ကြောင်း ဦးတင်ဦးကို အနီးကပ်ပြုစုစောင့်ရှောက်ပေးနေတဲ့ ဦးမြင့်ဦး က ပြောပါတယ်။

လာမယ့် တပ်မတော်နေ့ အခမ်းအနားကို စစ်တပ်က ဖိတ်ကြားလာမယ် ဆိုရင် ဦးတင်ဦး နဲ့ အတူ ဇနီး ၊ သားဖြစ်သူနဲ့ သူနာပြု အပြင် လက်ရှိ အနီးကပ်ပြုစုစောင့်ရှောက်ပေးနေသူ တို့ တက်ရောက်ဖို့ ရှိတယ်လို့ သူက ဆိုပါတယ်။

ဦးတင်ဦး အနေနဲ့ ဘီးတပ် လက်တွန်းလှည်းနဲ့ သွားလာတယ် ဆိုပေမယ့် တခါတရံမှာ လမ်းလျှောက်လေ့ရှိပြီး လိုအပ်ရင် ဆရာဝန် ခေါ်သွားဖို့လည်း ရှိတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် အသက် ၉၀ ကျော် ဦးတင်ဦးဟာ ခရီးသွားလာနိုင်ပြီး လေယာဉ်နဲ့လည်း ခရီးသွားနိုင်တဲ့ အခြေအနေမျိုးမှာ ရှိတယ်၊ လက်ရှိမှာ ကျန်းမာရေး ကောင်းမွန်ပြီး စကားလုံး အနည်းအကျဉ်း ပြောနိုင်ပြီ ဖြစ်တယ်လို့ ဦးမြင့်ဦးက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Myanmar State Counselor office
Image caption လေဖြတ်ဝေဒနာ ခံစားနေရစဉ် နိုင်ငံတော် အတိုင်ပင်ခံ လာရောက် အားပေး

NLD နာယက ဦးတင်ဦးဟာ လွန်ခဲ့တဲ့ ၃ နှစ်တုန်းက လေဖြတ်ဝေဒနာ ခံစားခဲ့ရပြီး အခုအခါ အနည်းငယ် ပြန်လည် ကောင်းမွန်လာတာ ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တည်ထောင်သူတွေထဲ တယောက် အပါအဝင် ဖြစ်တဲ့ ဦးတင်ဦးဟာ ဒီမိုကရေစီ အရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာကြောင့် စစ်အစိုးရ လက်ထက် ၁၉၈၉ ခုနှစ်မှာ တကြိမ်၊ ၂၀၀၇ မှာ တကြိမ် နှစ်ရှည် အိမ်အကျယ်ချုပ် ချခံခဲ့ရပါတယ်။

Image caption ဦးတင်ဦး လေဖြတ်ဝေဒနာ မခံစားရခင် အသက်၉၀ပြည့် မွေးနေ့ ကျင်းပစဉ်

ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးဟာ ၁၉၄၆ ကတည်းက တပ်ထဲ ဝင်ရောက်ခဲ့တာ ဖြစ်ပြီး ၁၉၄၇ နှစ်ဆန်းပိုင်းမှာ ဗိုလ်ကြီး အဆင့် ရာထူးတက်ကာ အဲဒီကတဆင့် ၁၉၇၄ မတ်လ ၈ရက်နေ့မှာ ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို စတင် ထမ်းဆောင် ခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးဟာ စစ်တပ်မှာ တာဝန် ထမ်းဆောင်စဉ် အတွင်း အဆင့်မြင့် ဘွဲ့ထူး တခု ဖြစ်တဲ့ သူရဘွဲ့ ဆွတ်ခူးနိုင်ခဲ့သလို မြန်မာနိုင်ငံမှာ KNU ( Karen National Union ) ၊ မြန်မာပြည် ကွန်မြူနစ်ပါတီ နဲ့ ရောင်စုံ သောင်းကျန်းသူတွေ လွှမ်းမိုးခဲ့စဉ် စစ်တပ်ကို ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ၁၉၇၆ ခုနှစ် မတ်လ ၆ရက် နေ့မှာတော့ စစ်တပ်ကနေ အငြိမ်းစားပေးခံခဲ့ရပါတယ်။