တောင်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ် အမြင့်ဆုံး သတိရမယ့် အခြေအနေ ထုတ်ပြန်

ကိုရိုနာ ဗိုင်းရပ်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

တောင်ကိုရီးယားမှာ ကိုရိုနာ ဗိုင်းရပ် ကူးစက်ခံရသူ ၆ဝဝ ကျော်သွားပြီ

တောင်ကိုရီးယား နိုင်ငံမှာ ကိုရိုနာဗိုင်းရပ် ပြန့်ပွားမှု တရှိန်ထိုး တက်လာလို့ အမြင့်ဆုံး စိုးရိမ်ရတဲ့ အခြေအနေ အဖြစ် အစိုးရက ကြေညာထားပါတယ်။

တောင်ကိုရီးယားမှာ ကိုဗစ် ၁၉ ကိုရိုနာ ဗိုင်းရပ်ကူးသူ ၆ဝဝ ကျော်နဲ့ သေဆုံးသူ ငါးဦးရှိ လာတဲ့အတွက် သမ္မတမွန်ဂျေအင်းက ပြည်တွင်းမှာ အမြင့်ဆုံး သတိထားရမယ့် အဆင့် တိုးမြှင့်လိုက်ပါတယ်။

ကူးစက်ရောဂါ ကျွမ်းကျင်သူတွေရဲ့ အကြံပေးချက်အရ သတိထားရမယ့် အဆင့်ကို အမြင့်ဆုံးတင်လိုက်ပြီး ရှင်ချွန်ဂျီ ခရစ်ယာန် ဘာသာရေး အသိုင်းအဝိုင်း အတွင်း လူအများစုဝေးကြရင်း စဖြစ်တာမို့ လူအများစုဝေးရတဲ့ အခမ်းအနားတွေကို ရှောင်ကြဖို့ လိုပါတယ် လို့ တောင်ကိုရီးယားသမ္မတက ပြောပါတယ်။

အခုလို တောင်ကိုရီးယားနိုင်ငံအတွင်း ကူးစက်ခံရသူ အားလုံးရဲ့ တဝက်ကျော်ကျော်ဟာ အဲဒီ ခရစ်ယာန်အသိုင်းအဝိုင်းကတဆင့် ကူးစက်ခံရတာလို့ ဆိုပါတယ်။

မူကြိုကျောင်းတွေ အပါအဝင် ကျောင်းတွေ မဖွင့်သေးဘဲ နောက်တပတ် ဆက်ပိတ်ထားဖို့လည်း အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

ရောဂါ ကူးစက်ခံရသူ အမျိုးသမီးကြီး သွားခဲ့တဲ့ နေရာတွေကို ပိုးသတ်ဆေးဖြန်း ၊ သူသွားကြည့်ခဲ့တဲ့ ရုပ်ရှင်ရုံလည်း ပိတ်လိုက်ပြီ

မြန်မာတွေ အများဆုံးနေထိုင် စုဝေးရာ ဆိုးလ်မြို့ ဘူဖျောင်းအရပ်မှာလည်း ကိုဗစ်နိုင်တီး ဗိုင်းရပ်ကူးစက်သူ တဦး စတင်တွေ့ရှိရတယ်လို့ ယွန်းဆောင်းတက္ကသိုလ်မှာ ဟိုတယ်နဲ့ခရီးသွား စီမံခန့်ခွဲမှု ဘာသာရပ်နဲ့ တက်ရောက်နေတဲ့ မြန်မာ ကျောင်းသူ မအိမ်သူစုစံ က ပြောပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့ အထိ ကူးစက်မှုနှုန်း ခုလောက် မမြန်သေးဘဲ ကိုရီးယားရောက် မြန်မာ အများစု နေထိုင်ရာ ရပ်ကွက်ဖြစ်တဲ့ ဘူဖျောင်း အရပ်မှာတော့ စိုးရိမ်မှု မြင့်တက်လျက် ရှိပါတယ်။

အဲဒီ အရပ်မှာ မြန်မာ စားသောက်ဆိုင် အများဆုံးရှိပြီး အခုလို ရုံးပိတ်ရက်တွေမှာ မြန်မာတွေ ဆုံလေ့ရှိကြပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက် နေ့လယ်မှာတော့ မြန်မာလူမျိုးတွေ အများစု သွားလာရာ ဘူဖျောင်းအရပ်က အသက် ၅၉နှစ် အရွယ် အမျိုးသမီးကြီး တယောက်ဆီမှာ ကိုရိုနာ ဗိုင်းရပ် ကူးခံထားရတယ်လို့ အစိုးရက အတည်ပြုခဲ့ကြောင်း ကိုရီးယားရောက် မြန်မာ ကျောင်းသူ မအိမ်သူစုစံ က ပြောပါတယ်။

သူဟာ ဒေဂျူးက ကူးစက် လာတာ ဖြစ်တဲ့ အတွက် ဒေဂျူး သွားသူတွေ ရှိခဲ့ရင် ဒါမှမဟုတ် ဖေဖော်ဝါရီ ၁၈ ကနေ ၂၂ ရက်အတွင်း အဲဒီ အမျိုးသမီး သွားလာခဲ့ရာ ဘူဖျောင်းစျေး ၊ ဘူဖျောင်း ဘူတာ တဝိုက်ကို သွားထားသူတွေ ရှိရင် ကိုယ်ပူချိန် တက်တာဘဲ ဖြစ်ဖြစ် ကိုယ်လက် ကိုက်ခဲတာ ဖြစ်ဖြစ် ရှိလာခဲ့ရင် အခမဲ့ စစ်ဆေးပေးမယ့် အကြောင်း အစိုးရက သက်ဆိုင်ရာ မိုဘိုင်းလ် ဖုန်းတွေကို emergency alarm အနေနဲ့ နာရီတိုင်း ပို့ပေးနေတယ်လို့ သူက အခြေအနေ ကို ရှင်းပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

တောင်ကိုရီးယား အစိုးရက ကျောသားရင်သား မခွဲခြားဘဲ စောင့်ရှောက်ပေးနေတယ်လို့ မြန်မာကျောင်းသူပြော

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

တောင်ကိုရီးယား အစိုးရဟာ သူတို့ နိုင်ငံသား ၊ နိုင်ငံခြားသား ရယ်လို့ ခွဲခြားခြင်း မရှိဘဲ ဂရုတစိုက် ဆောင်ရွက်ပေးနေရာမှာ ကျောသား ရင်သား မခွဲခြားဘဲ တရားမဝင် နေထိုင်သူတွေကိုတောင် ဘယ်သူမှ မဖမ်းဘဲ အခမဲ့ စစ်ဆေးပေးလျက် ရှိတယ်လို့ ကိုရီးယားမှာ ပညာသင်ကြားနေတဲ့ မအိမ်သူစုစံက ဆိုပါတယ်။

အချိန်နဲ့အမျှ မိုဘိုင်း ဖုန်းတွေကနေ တဆင့် အရေးပေါ် သတိပေးချက်တွေလည်း ပို့လွှတ်ပေးနေပြီး ရထား ဘူတာတွေနဲ့ လူအ၀င်အထွက် များတဲ့ နေရာတိုင်းမှာ ကိုယ်အပူချိန် တိုင်းပေးတာ အဝေးပြေး ကားဂိတ်လို နေရာမျိုးတွေမှာပါ မျက်နှာဖုံးတွေဝေ ကိုယ်ပူချိန် တိုင်းတာတွေ အခမဲ့ လုပ်ဆောင် ပေးလျက် ရှိတယ်လို့ သူက ပြောပါတယ်။

သူ့အနေနဲ့လည်း ကိုယ်တိုင် ကူးစက်ခံမှာထက် တကယ်လို့ ကိုယ့်ဆီ ကူးစက်လာခဲ့ရင် အဲဒီကတဆင့် မြန်မာ အသိုင်းအဝိုင်းထဲ ကူးစက်ခံရမှာ စိုးတဲ့ အတွက် မျက်နှာဖုံးတပ် ၊ လက်ဆေးတာ ၊ လက်သန့်စင်ဆေး ဆောင်တာတွေ လုပ်ဆောင်လျက် ရှိတယ်လို့ သူက ဆိုပါတယ်။

လက်ရှိမှာတော့ သူ့အနေနဲ့ စိုးရိမ်စိတ် မရှိဘဲ ဖြစ်လာခဲ့ရင်တောင် ကိုရီးယား အစိုးရက ထောက်ပံ့ ကူညီပေးလိမ့်မယ် ဆိုတာ သိနေတဲ့အတွက် စိတ်ထဲမှာတော့ ၅၀ - ၅၀ ပဲလို့ သူက ပြောပါတယ်။

မြန်မာ သံရုံး အနေနဲ့လည်း နေ့စဉ်နဲ့ အမျှ သတိပေး ကြေညာချက်တွေ ထုတ်ပြန်လျက် ရှိပြီး မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို ဆေးခန်း လိုက်ပြပေးတာတွေ လုပ်ဆောင် ပေးလျက် ရှိတယ်လို့ သူက ရှင်းပြပါတယ်။

ဒါ့အပြင် တခြား နိုင်ငံသားတွေနဲ့ အတူနေထိုင်ရလို့ စိုးရိမ်နေတဲ့ မြန်မာ ရွှေ့ပြောင်း လုပ်သားတွေကိုလည်း အလုပ်သမား သံအရာရှိက နှစ်သိမ့် ပေးနေတဲ့ အပြင် ဆေးစစ်မှုတွေကို အတူတကွ လိုက်ပါ စစ်ဆေးပေးတယ်လို့ သူက ပြောပါတယ်။

ကိုရီးယားရောက် မြန်မာတွေ အနေနဲ့ အသားငါးတွေကို ကျက်အောင် ချက်ပြီးမှ စားသင့်သလို စျေးသွားရင်လည်း သားစိမ်း ငါးစိမ်းတွေကို မထိဖို့ စာထုတ် အသိပေး ထားတယ်လို့ သူက ဆိုပါတယ်။

လက်ရှိတော့ သူတို့နေထိုင်ရာ အနီးတဝိုက် လမ်းမပေါ်မှာ လူသူ ခြောက်ကပ်နေပြီး ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိရတဲ့ အသက် ၅၉နှစ် အရွယ် အမျိုးသမီးကြီး သွားခဲ့တဲ့ နေရာတွေကို ပိုးသတ်ဆေး ဖြန်းလျက် ရှိသလို အဲဒီ အမျိုးသမီးက ရုပ်ရှင် ကြည့်ခဲ့တဲ့အတွက် သူကြည့်ခဲ့တဲ့ ရုပ်ရှင်ရုံလည်း ပိတ်လိုက်ပြီလို့ ကိုရီးယားမှာ ပညာသင်ကြားနေတဲ့ မြန်မာ ကျောင်းသူက မျက်မြင် အခြေအနေကို ရှင်းပြပါတယ်။

သူနေထိုင် သွားလာရာ တဝိုက်မှာတော့ အစားအသောက်နဲ့ ကျန်းမာရေး ပစ္စည်းတွေ အလုအယက် ဝယ်တာမျိုး မတွေ့ရဘူးလို့ သူက ဆိုပါတယ်။

အခုလို တောင်ကိုရီးယားမှာ ကိုရိုနာ ဗိုင်းရပ်ပြန့်ပွားမှု တမဟုတ်ချင်း တိုးလာတာဟာ အစိုးရ တာဝန်ရှိသူတွေရဲ့ ပေါ့လျော့ကြောင့် မဟုတ်ဘဲ လူထု ကိုယ်တိုင်က အလေးအနက် ထားမှု နည်းလို့ ဖြစ်တာ ထင်ကြောင်း ၊ ဒီလောက် ဖြစ်နေတဲ့ အခြေအနေမှာတောင် မျက်နှာဖုံး မတပ်တဲ့သူတွေ တွေ့နေရသလို ချောင်းဆိုးရင်တောင် လက်အုပ်မဆိုးသူတွေ ရှိနေတဲ့အတွက် ခုလို အလျင်အမြန် ကူးစက်တာလို့ ယူဆကြောင်း သူက ရှင်းပြပါတယ်။

ဒါ့အပြင် ဘယ်သူမဆို ဆေးရုံ ဆေးခန်းတိုင်းမှာ ရောဂါပိုး ရှိမရှိ အခမဲ့ စစ်ဆေးပေးနေပြီး တောင်ကိုရီးယားအစိုးရဘက်ကလည်း ရောဂါလက္ခဏာရှိတယ်လို့ ယူဆရင် အခမဲ့ စစ်ဆေးပေးတာ အပါအဝင် တခြား ကာကွယ်ရေး လုပ်ဆောင်မှုတွေ ဂရုတစိုက် လုပ်ပေးနေတယ်လို့လည်း သူက ပြောပါတယ်။

ဓာတ်ပုံ ပုံစာ,

အီတလီမှာလည်း သေဆုံးသူ ၂ယောက်နဲ့ ကူးစက်ခံရသူ ၁၀၀ကျော်လာပြီ

အခုလို တောင်ကိုရီးယားမှာ ကိုရိုနာ ဗိုင်းရပ်ကြောင့် လူ ငါးယောက် သေဆုံးပြီး လူ ၆ဝဝ နီးပါး ကူးစက်ခံနေရချိန်မှာ အီတလီမှာလည်း ကိုဗစ် နိုင်တီး ဗိုင်းရပ် ကူးစက်သူ တရာကျော်နဲ့ သေဆုံးသူ နှစ်ဦး ရှိလာတဲ့အတွက် ကူးစက်ခံရသူတွေ စတင်တွေ့ရှိရာ ဗနက်တိုနဲ့ လွန်ဘာဒီ ဒေသက မြို့အတော်များများကို အဝင်အထွက်ပိတ်ထားပါတယ်။

အဲဒီ ဒေသ နှစ်ခုဟာ မြို့ကြီးတွေဖြစ်တဲ့ မီလန်နဲ့ ဗင်းနစ်တို့နဲ့ နီးတဲ့ ဒေသတွေလည်း ဖြစ်နေပြီး ဒီဒေသတွင်း မြို့ကလူတွေ အနေနဲ့ အထူးခွင့်ပြုမရဘဲ အဝင်အထွက် မလုပ်ဖို့ နှစ်ပတ် ပိတ်ထားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျောင်းနဲ့ စီးပွားရေးဆိုင်ရာ အခမ်းအနားတွေကို ဆိုင်းငံ့ထားပြီး အီတလီထိပ်တန်း ဆီးရီးအေ ဘောလုံးပွဲစဉ်တချို့ပါ ဖျက်သိမ်းထားပါတယ်။

အီရန်နိုင်ငံမှာတော့ ဘာသာရေးခေါင်းဆောင်ကြီး အယာတိုလာ ခါမေနီကတော့ ပြည်တွင်း ကိုဗစ်နိုင်တီး ဗိုင်းရပ် ပြန့်နှံ့မှုကို ချဲ့ကား ဝါဒဖြန့်တာတွေ ရှိခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

အခုလို ရန်သူက ဝါဒဖြန့်တာ ရှိတဲ့ကြားက ပါလီမန် ရွေးကောက်ပွဲကို မဲလာထည့်သူ အရေအတွက် များခဲ့တယ်လို့လည်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က စပြီး အီရန်မှာ ဒီဗိုင်းရပ်စ်ကူးသူ စတင် တွေ့ရှိခဲ့ရာမှာ ကူးစက်ခံရသူ ၃၅ ဦး အထိ ရှိလာပြီး သေဆုံးသူကတော့ ၈ ဦး ရှိနေပါတယ်။

အဲဒီလို အခြေအနေတွေကြောင့် ဒီကနေ့မှာ အီရန်ပြည်နယ် ၁၄ ခု အတွင်းက ကျောင်း၊ တက္ကသိုလ်နဲ့ ယဉ်ကျေးမှုစင်တာတွေကို ပိတ်ထားပြီး အီရတ်ဘက်ကလည်း အီရန်ကို နယ်စပ်ပိတ်ထားပါတယ်။