ဒေါ်အောင်ဆန်းစုကြည် ကရင်ပြည်နယ်ခရီးစဉ်စတင်၊ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ပြင်ပ သေဆုံးမှုမြင့်တက် အပါအဝင် ထိပ်တန်းသတင်းများ

ဓာတ်ပုံ မူပိုင် State Counselor
Image caption အတိုင်ပင်ခံဟာ ဒီနှစ်လအတွင်း တိုင်းနဲ့ပြည်နယ်လေးခုထက်မနည်း သွားရောက်ထားပါတယ်။

(၁) ဒေါ်အောင်ဆန်းစုကြည် ကရင်ပြည်နယ်ခရီးစဉ် စတင်

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကရင်ပြည်နယ်ခရီးစဉ်ကို ဒီကနေ့ ဖေဖော်ဝါရီ ၂၄ရက်မှာ စတင်လိုက်ပြီဖြစ်ပါတယ်။

အတိုင်ပင်ခံဟာ ဖေဖော်ဝါရီ ၂၄ ရက်မှာ ကော့ကရိတ်မြို့နယ်ကို သွားရောက်ပြီး လူထုတွေ့ဆုံပွဲပြုလုပ် ဖို့ရှိပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်မှာတော့ မြဝတီကို ခရီးဆက်မှာဖြစ်ပြီး အဲဒီက မြစန္ဒီပန်းခြံမှာ ဒေသခံတွေနဲ့ တွေ့ဆုံဖို့စီစဉ်ထားပါတယ်။

ဒီလို လူထုတွေ့ဆုံပွဲတွေမှာ အချိန်ကန့်သတ်ချက်ကြောင့် တစ်မြို့ကို မေးခွန်း ၆၀ ပဲမေးနိုင်မှာ ဖြစ်တယ် လို့သိရပါတယ်။ ဒါကြောင့် မေးခွန်းမေးခွင့်ရဖို့ကျန်နေသူအတော်များများလည်းရှိနေပါတယ်။ အဲဒီထဲက မြဝတီခရိုင် ကုန်သည်ကြီး များအသင်း ဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်က မြဝတီမြို့ရဲ့ ကုန်သွယ် မှုအခြေအနေ နဲ့ပတ်သက်လို့ အစိုးရက ဆောင်ရွက်ပေးစေချင်တဲ့အကြောင်း ဘီဘီစီကို အခုလိုပြောပါတယ်။

"ကုန်သွယ်မှုအပိုင်းပေါ့နော်။ အခွင့်အရေးဆိုတာ အားလုံးက အတူတူဖြစ်စေချင်တာပေါ့။ ပြောင်းတို့၊ ပဲမျိုး စုံတို့ ကြက်သွန်၊ ငရုတ်တို့ ထိုင်းနဲ့ ဟိုဘက်ဒီဘက် ကုန်သွယ်ရေးဌာနတွေ သဘောတူ လက်မှတ်ထိုး ပေမယ့် မြေပြင်မှာ တကယ်တင်ပို့ခွင့်မရှိဘူး" သူက ပြောပါတယ်။

ထိုင်းမြန်မာနယ်စပ်ဖြစ်တဲ့ မြဝတီမြို့မှာ တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားပြဿနာတွေရှိသလို နယ်စပ်ဖြတ်ကျော်မှုခင်းတွေလည်း ဖြစ်ပွားလေ့ရှိပါတယ်။

မြဝတီမြို့ရဲ့ လက်ရှိတရားဥပဒေစိုးမိုးရေးကို အဓိက ဦးစားပေးဆောင်ရွက်ပေးဖို့ ဒေသခံ လုပ်ငန်းရှင် ဦးစိုင်းထွန်းဝေက အစိုးရကို ခုလိုတောင်းဆိုပါတယ်။

"အရေးကြီးတာကတော့ မြို့ပေါ်မှာတရားဥပဒေစိုးမိုးရေးနဲ့ ဆိုင်ကယ်တွေ မော်တော်ကားတွေက ယာဉ် စည်း ကမ်းလမ်းစည်းကမ်းမရှိတာတွေ အဲဒါတွေကတော့ ပထမဦးစားပေး လုပ်ဖို့လိုမယ်ထင်တယ်။ မဲဆောက်နဲ့ ယှဉ်ကြည့်လိုက်ရင် ကျွန်တော်တို့ဒီမြို့ကြီးက ဘယ်ဧည့်သည်လာလာ တအားကို အရှက်ကွဲတယ်။ အတိုင်ပင်ခံအနေနဲ့ ဘာလုပ်ပေးရမလဲဆိုတော့ အဝေးပြေးကားဝင်းကို အမြန်ဆုံး ဆောက်ရမယ်"လို့ ပြောပါတယ်။

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနှစ် ဇန်နဝါရီလကနေ အခု ဖေဖော်ဝါရီအထိ ကချင်၊ ကယား၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်တို့ကို သွားရောက်ထားပြီးဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကရင်ပြည်နယ်ကို မနှစ်ကလည်း သွားရောက်ခဲ့ပြီး မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားဖွင့်ပွဲနဲ့ လျှပ်စစ်ဓာတ်အား ပေးစက်ရုံဖွင့်ပွဲတို့ကို တက်ရောက်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် State Counselor
Image caption ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသားဒေသတွေကို နယ်စပ်ရေးရာနဲ့ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌြဖစ်ပါတယ်

အခု ၂၀၂၀ ပြည့်နှစ်ဟာ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ရှိတဲ့နှစ် ဖြစ်ပါတယ်။ အန်အယ်လ်ဒီပါတီဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ တိုင်းရင်းသား တွေဒေသအများစုမှာ အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲအပြီး အစိုးရတာဝန်ယူပြီးနောက်ပိုင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပါအဝင် အစိုးရအဖွဲ့ရဲ့ စွမ်းဆောင်ရည်အပေါ် ဝေဖန်မှုတွေ ရှိလာခဲ့ပါတယ်။

ဒါပေမဲ့ ဒီလိုဝေဖန်ချက်တွေကို သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပယ်ချလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသားဒေသတွေကို နယ်စပ်ရေးရာနဲ့ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် သွားတာဖြစ်တယ်လို့ ဖေဖေော်ဝါရီ ၂၁ ရက်က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲ မှာ ပြောကြားသွားတာဖြစ်ပါတယ်။

(၂) ကိုရိုနာဗိုင်းရပ်စ်ကြောင့်တရုတ်ပြင်ပ သေဆုံးမှု မြင့်တက်လာ

တရုတ်နိုင်ငံက စတင်ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံပြင်ပမှာ သေဆုံးမှုတွေ မြင့်တက်လာနေပါတယ်။ အထူးသဖြင့် ဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်တက်နေတဲ့ တောင်ကိုရီးယားမှာ ဖေဖော်ဝါရီ ၂၄ ရက်အထိ သေဆုံးသူ ၆ ဦးထိရှိလာသလို အီတလီမှာလည်း သေဆုံးသူ ၃ ဦးရှိလာနေပါတယ်။

လက်ရှိမှာ ဒီဗိုင်းရပ်စ်ကြောင့် တရုတ်မှာ သေဆုံးသူ ၂၄၄၃ ဦး၊ အီရန်မှာ ရှစ်ဦး၊ တောင်ကိုရီးယားမှာ ၆ ဦး၊ အီတလီမှာ ၃ ဦး၊ ဟောင်ကောင်မှာ ၂ ဦး၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ ဂျပန်နဲ့ပြင်သစ်မှာ တစ်ဦးစီနဲ့ စိန်မင်းသမီး အပျော်စီးသင်္ဘောပေါ်က နှစ်ဦး တို့ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့စီးပွားရေးကို ထိခိုက်နေပြီလို့ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ အကြီးအကဲက ပြောပါတယ်။

ရီယာ့ဒ်မြို့မှာကျင်းပတဲ့ G 20 ဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေးမှာ ဒီအခြေအနေကြောင့် ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေကို ကြိုတင်စဉ်းစားထားဖို့လည်း သူကပြောပါတယ်။

အခုတော့ ဗိုင်းရပ်စ် စတွေ့တဲ့ တရုတ်မှာ စက်ရုံတွေပိတ်ထားရပြီး ခရီးသွားလာခွင့်တွေကိုပါ ကန့်သတ်ထားလို့ တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုကိုပါ အဟန့်အတားဖြစ်လာနေပါပြီ။

အီတလီမှာလည်း လွန်ဘားဒီပြည်နယ်မှာ ဒီဗိုင်းရပ်စ် ကူးစက်မှုအမြောက်အမြား ဖြစ်လာလို့ ပြည်နယ်အတွင်းက မြို့အများစုမှာ တင်းကြပ်တဲ့ ရောဂါခြေချုပ်သဘောအရ နေကြရပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အီတလီမှာ ဘာသာရေးပွဲတော်ကျင်းပဖို့ကိုလည်း ရွှေ့ဆိုင်းလိုက်ပါတယ်။

ဒါ့အပြင် အီတလီမှာ ဒီဗိုင်းရပ်စ်ကြောင့် လူ ၁၅၂ ဦး ကူးစက်ခံထားရပြီး သုံးဦးသေဆုံးသွားတယ်လို့ အာဏာပိုင်တွေက ပြောကြားထားပါတယ်။

အီတလီကနေ သြစတြေးလျကို ဗိုင်းရပ်စ် ကူးစက်မှာ စိုးရိမ်လို့ အီတလီကနေ လာမယ့် ရထားတွေကို သြစတြေးလျဘက် ခုတ်မောင်းခွင့် မပြုတော့ပါဘူး။ ရထားတစ်စီးပေါ်မှာ ခရီးသည် နှစ်ဦးဟာ သံသယလူနာဖြစ်နေတဲ့အတွက် ရထားပေါ်က ခရီးသည် သုံးရာကျော်ဟာလည်း ရထားပေါ်က ဆင်းခွင့်မရဘဲ သောင်တင်နေကြပါတယ်။

တောင်ကိုရီးယားမှာတော့ ဗိုင်းရပ်စ်ကူးစက်မှုပေါင်း ၆၀၀ ကျော်သွားလို့ ကျောင်းတွေ ပြန်ဖွင့်ဖို့ကို တစ်ပတ် ဆိုင်းငံ့ထားလိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption တောင်ကိုရီးယားကကူးစက်မှုနှုန်းမြင့်တက်နေတဲ့ ဒေဂူးမြို့မှာ ပိုးသတ်ဆေးဖြန်းနေကြတာပါ။

မြန်မာနိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်ပွားသူတွေ ရုတ်တရတ် တပြိုင်တည်း တွေ့ရှိလာနိုင်ပြီး ပြည်သူတွေကြား ကူးစက်ဖြစ်ပွားနိုင်တာကြောင့် လူစုလူဝေးများတဲ့နေရာ၊ ပွဲလမ်းသဘင်တွေကို အတက်နိုင် ဆုံးရှောင်ကြဉ်ဖို့နဲ့ ပွဲလမ်းဘသင်မဖြစ်မနေ ကျင်းပရမယ်ဆိုရင်လည်း ကျန်းမာရေး နဲ့အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ရောဂါကာကွယ်ရေး နှိုးဆော်ချက်တွေကို တိတိကျကျ လိုက်နာကြဖို့ ဖေဖော်ဝါရီ ၂၃ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

(၃) အင်တာနက်ဖြတ်တောက်မှုကို ဦးဆောင်ဆန္ဒပြသူတချို့ ငြိမ်းစီစုနဲ့အမှုဖွင့်ခံရ

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ် ရှစ်ခုမှာ အင်တာနက် ဖြတ်တောက်မှု ချက်ချင်းရပ်ပေးဖို့ ရန်ကုန် မှာ ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ခဲ့တဲ့ ဦးဆောင်သူတွေကို ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ ကမာရွတ်ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

မနေ့က ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ရခိုင်ကျောင်းသားများသမဂ္ဂ(ရန်ကုန်)၊ ဒဂုံတက္ကသိုလ်နဲ့ စီးပွားရေးတက္ကသိုလ်တို့က ရခိုင်ကျောင်းသားများသမဂ္ဂ၊ ရန်ကင်းပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂနဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ တို့က ကျောင်းသားကျောင်းသူ ၁၀၀ လောက် က အင်တာနက်ဖြတ်တောက်မှုကို ဆန္ဒပြခဲ့ကြတာပါ။

ဒီထဲက ဦးဆောင်သူကျောင်းသားကိုးဦးကို အခုလို ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေပုဒ်မနဲ့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

ဆန္ဒဖော်ထုတ်သူတွေဟာ အင်တာနက်ဖြတ်တောက်ထားမှုအပြင် ဘူးသီးတောင်၊ ခမွီးချောင်းကျေးရွာက မူလတန်းကျောင်းပေါ် လက်နက်ကြီးကျည် ကျရောက်တဲ့ကိစ္စ တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့နဲ့ ရခိုင်ပြည်နယ်တွင်းမှာ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေ လွတ်လပ်စွာသတင်းရယူခွင့်ရရှိရေးတို့ကိုပါ ကြွေးကြော်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။