အေအေ စစ်ဦးချုပ်ရဲ့ မိသားစု ဆွစ်ဇာလန်မှာ ခိုလှုံဖို့ ထွက်ခွာ

အေအေ စစ်ဦးချုပ်ရဲ့ မိသားစု ဆွစ်ဇာလန်မှာ ခိုလှုံဖို့ ထွက်ခွာ ဓာတ်ပုံ မူပိုင် U Nyi Nyi Lwin
Image caption ဆွစ်ဇာလန်သံရုံးကန လူသားချင်းစာနာတဲ့ ရှုထောင့်ကနေ ခိုလှုံခွင့်ပေးခဲ့တာလို့ဆို

ရက္ခိုင့်တပ်တော် အေအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဇနီးနဲ့ ကလေးနှစ်ယောက် ဆွစ်ဇာလန်နိုင်ငံမှာ ခိုလှုံခွင့်ရလို့ ဖေဖော်ဝါရီ ၂၅ မှာ ထိုင်းနိုင်ငံကနေ ထွက်ခွာသွားပြီလို့ သူတို့အရေးကို လိုက်ပါဆောင်ရွက်နေသူက ပြောပါတယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဇနီး နဲ့ သားသမီးနှစ်ဦးတို့ ဒီကနေ့ နေ့လယ် ၁ နာရီ ၁၅ မိနစ်မှာ ဆွစ်လေကြောင်းနဲ့ ဘန်ကောက်လေဆိပ်ကနေ ဆွစ်ဇာလန်နိုင်ငံကို UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အစီအစဉ်နဲ့ ထွက်ခွာသွားခဲ့တယ်လို့ သူတို့အရေးကို လိုက်ပါဆောင်ရွက်နေသူ ရခိုင်လူ့အခွင့်အရေး လှုပ်ရှားသူ ဦးညီညီလွင်က ပြောပါတယ်။

အသက် ၃၉ နှစ်အရွယ် မနှင်းဇာဖြူ (ဇာဇာ)၊ ၁၁ နှစ်အရွယ် မစောပြည့်ရှင်နဲ့ ၁၁ လသားအရွယ် သားဖြစ်သူ မောင်မြတ်လင်းဇင်တို့ကို ထိုင်းအာဏာပိုင်တွေက ချင်းမိုင်မြို့မှာ ၂၀၁၉ ဒီဇင်ဘာ ၄ ရက်နေ့က ဖမ်းဆီးထားခဲ့တာ ဖြစ်ပါတယ်။

သူတို့အခုလို ဆွစ်ဇာလန်ကို ထွက်ခွာသွားခွင့်ရတာနဲ့ ပတ်သက်ပြီး "သူတို့ကို UNHCR ကနေ အသိအမှတ်ပြုတယ်။ ဆွစ်ဇာလန်နိုင်ငံ အထူးသဖြင့် ဆွစ်ဇာလန်သံရုံးကနေ လူသားချင်းစာနာတဲ့ ရှုထောင့်ကနေ ကလေးတွေ၊မိန်းကလေးတွေ ဖြစ်တယ်။ မြန်မာပြည်ကို ပြန်သွားရင် နှိပ်စက်ညှင်းပန်းမှု ခံရမယ်။ အဖမ်းခံရမယ်။ နောက် ဒီကလေးတွေမှာလည်း အနာဂတ်ရှိတယ်ဆိုပြီး လူသားချင်းစာနာတဲ့ ရှုထောင့်ကနေ ဆွစ်ဇာလန်နိုင်ငံကို ထိုင်းနိုင်ငံကတစ်ဆင့် ထွက်ခွာသွားတာ ဖြစ်ပါတယ်" လို့ ဦးညီညီလွင်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Saw Yan Naing

ထိုင်းနိုင်ငံ ချင်းမိုင်မှာမြို့မှာ ကျောင်းတက်နေတဲ့ ၁၁ နှစ်အရွယ် သမီးဖြစ်သူ မစောပြည့်ရှင်ရဲ့ ဗီဇာသက်တမ်းကုန်သွားတဲ့ အတွက် မနှင်းဇာဖြူ (ဇာဇာ)ဟာ သူရဲ့ တစ်နှစ်အရွယ်သားလေးနဲ့ အတူ တရုတ်နိုင်ငံကနေ ထိုင်းနိုင်ငံ ချင်းမိုင် လဝက ရုံးမှာ လာရောက်သက်တမ်းတိုးရာမှာ သူမရဲ့ ပတ်စ်ပို့ဟာ တရားမဝင်တော့ဘူးလို့ မြန်မာဘက်က ပြောဆိုထားတာကြောင့် ထိုင်းထောက်လှမ်းရေးနဲ့ ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

အဲဒီနောက် မြန်မာနိုင်ငံကို လွှဲပေးဖို့ စစ်ရဟတ်ယာဉ်နဲ့ နယ်စပ်မြို့ တစ်မြို့ကို ယူဆောင်လာရာမှာ နိုင်ငံတကာနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်ကြတဲ့ အတွက် မြန်မာကို ပြန်မပို့ဖြစ်ဘဲ ဘန်ကောက်မြို့ကို ခေါ်ယူထိန်းသိမ်းထားခဲ့ပါတယ် ။

အဲဒီနောက်ပိုင်းမှာ ကုလသမဂ္ဂက ဒုက္ခသည်အဖြစ်နဲ့ အသိအမှတ်ပြု စောင့်ရှောက်ထားခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ