ရသေ့တောင်မြို့နယ် ကျောက်တန်းရွာမှာ ပစ်ခတ်မှုတွေဖြစ်ပြီး နေအိမ်အများအပြားမီးလောင်

ရသေ့တောင်မြို့နယ်
ဓာတ်ပုံ ပုံစာ,

တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတဲ့ ရသေ့တောင်မြို့နယ်

ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား ဒီရက်ပိုင်းတိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွား ခဲ့ပြီး မတ်လ ၁ရက်နေ့ မှာ တပ်မတော်ဘက်က ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ် ခဲ့တဲ့အတွက် နေအိမ်တော်တော်များများ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ကျောက်တန်းရွာသားတစ်ဦးက ဘီဘီစီကို အတည်ပြု ပြောပါတယ်။

တပ်မတော်ဘက် ကို တော့ဒီသတင်းနဲ့ပတ်သက်လို့ မေးမြန်းအတည်ပြုလို့ မရသေးပါဘူး။

မတ်လ ၁ ရက်နေ့ မနက်ပိုင်းက ရသေ့တောင်မြို့အခြေစိုက် တပ်ရင်းတွေရှိတဲ့နေရာဘက်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကျေးရွာအတွင်းကိုလက်နက်ကြီးကျည်တစ်လုံး ကျရောက်တာလို့ပြောပြီး မွန်းလွဲပိုင်းမှာတော့ ရဟတ်ယာဉ်နှစ်စီးနဲ့လာရောက်ပြီး ထပ်မံပစ်ခတ်ခဲ့တဲ့အတွက် နေအိမ်တွေမီးလောင်မှုထပ်မံ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ အဲ့ဒီကျေးရွာသားကပြောပါတယ်။

အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ ကျောက်တန်း တစ်ရွာလုံးနီးပါး မီးလောင်မှုတွေဖြစ်ပွားခဲ့တဲ့ အပြင် ထီးစွဲရွာ၊ အောင်သာစည်ရွာ စတဲ့ကျေးရွာတွေ ရှိတဲ့နေရာတွေကိုလည်း ရဟတ်ယာဉ်တွေက ပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC

ဓာတ်ပုံ ပုံစာ,

ဖေဖော်ဝါရီလအတွင်းက ရသေ့တောင်မြို့နယ် သမီးလှရွာဟောင်း မီးလောင်နေပုံ

"မနက် ၇ နာရီလောက်ကစပြီး လက်နက်ကြီးပစ်ပါတယ်။ ကျောက်တန်းမှာ အိမ်တစ်လုံးမီးလောင်သွားတယ်။ တခြားရွာတွေမှာလည်းကျတယ်။ လက်နက်ကြီးပစ်လို့ ရပ်တာနဲ့ ဘူးသီးတောင်ဘက်နေ လေယာဉ်နှစ်စီးလာပြီးတော့ ကျောက်တန်းရွာအပေါ်က ကြဲချတယ်။ ရွာက အကုန်လုံးမှိုင်းမုန်နေတယ်။ ဘယ်လောက်လောင်သွားလဲဆိုတာကို ခန့်မှန်းလို့မသိရသေးဘူး။"လို့ နွားလားကျော် ကျေးရွာကိုထွက်ပြေးရောက်ရှိနေတဲ့ ကျောက်တန်းရွာသားတစ်ဦးက သူကိုယ်တိုင်မြင်တွေ့နေရာတာတွေကို ပြောဆိုခဲ့တာပါ။

ကျောက်တန်းကျေးရွာသားတွေဟာ ကျေးရွာနဲ့အနီးကို တပ်မတော်စစ်ကြောင်းတွေ ဝင်ရောက်လာခဲ့တဲ့အတွက် ဖေဖော်ဝါရီ ၂၉ ရက်နေ့ ညနေပိုင်းမှာ သူတို့လုံခြုံမယ့်နေရာတွေကို ထွက်ပြေးသွားခဲ့ကြပြီး ကျေးရွာအတွင်းမှာ လူတစ်ယောက်မှ မရှိတော့ဘူးလို့ အဲ့ဒီကျေးရွာသားက ပြောပါတယ်။

ကျောက်တန်းကျေးရွာဟာ အိမ်ခြေ ၅၄၀ ကျော်ရှိပြီး မွန်းလွဲပိုင်းလောက်ကနေ နေအိမ်တွေမီးလောင်နေတာဟာ ညနေ ၆နာရီလောက်ထိ မီးလောင်နေဆဲဖြစ်ပြီး တစ်ရွာလုံးကိုလည်း မီးခိုးတွေလွှမ်းနေတာကြောင့် အိမ်ဘယ်လောက် လောင်ကျွမ်းသွားပြီလဲဆိုတာကို မသိရှိနိုင်ကြောင်း ဒေသခံတွေကပြောဆိုကြပါတယ်။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

တပ်မတော်ဘက်က ရခိုင်လူမျိုးတွေနေထိုင်တဲ့ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိခဲ့သလို ရဟတ်ယာဉ်နှစ်စီးနဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် ကျောက်တန်းကျေးရွာဟာ တစ်ရွာလုံးနီးပါး မီးလောင်မှုဖြစ်ပွားနေတယ်လို့ အေအေရဲ့ပြောခွင့်ရသူ ခိုင်သုခက ဘီဘီစီကို ပြောဆိုပါတယ်။

ကျောက်တန်းကျေးရွာသားတွေဟာ တပ်မတော်နဲ့ အေအေတို့အကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ လက်နက်ကြီးကျရောက်တာတွေ၊ အရပ်သားထိခိုက်သေဆုံးမှုတွေ၊ ဖမ်းဆီးခံရမှုတွေနဲ့ မကြာခဏဆိုသလို ရင်ဆိုင်ကြုံတွေ့နေကြရတာလည်းဖြစ်ပါတယ်။

မကြာခင်ရက်ပိုင်းအတွင်းကလည်း ရသေ့တောင်မြို့နယ်အတွင်း၊ သမီးလှရွာဟောင်းကျေးရွာမှာလည်း အခုလိုမျိုး လက်နက်ကြီးတွေနဲ့ပစ်ခတ်တဲ့အတွက် နေအိမ် ၁၇ လုံးမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။

တပ်မတော်နဲ့ အေအေတို့အကြားတိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တဲ့ ကျေးရွာပေါင်း ၇ ရွာလောက်ရှိနေပြီဖြစ်ကာ အဲ့ဒီကျေးရွာတွေဟာ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေအတွင်းက ကျေးရွာတွေဖြစ်ကြပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ရက္ခိုင့်တပ်တော် အေအေတို့အကြား တစ်နှစ်ကျော်အကြာ တိုက်ပွဲတွေအတွင်း အရပ်သားထိခိုက်သေဆုံးခဲ့ရမှု ၁၀၀ ကျော်ထိရှိလာနေပြီဖြစ်သလို နေရပ်စွန့်ခွာထွက်ပြေးနေကြတဲ့ ဒုက္ခသည်အရေအတွက်ဟာလည်း ၁၂၈၄၃၅ ဦးထိရှိလာနေပြီဖြစ်တယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC က ဖေဖော်ဝါရီ ၂၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။