တပ်မတော်နေ့စစ်ရေးပြ အခမ်းအနား ခေတ္တဆိုင်းငံ့ထားမယ်လို့ တပ်မတော်ကထုတ်ပြန်

တပ်မတော်နေ့

ဓာတ်ပုံ ရင်းမြစ်, XINHUA

ဓာတ်ပုံ ပုံစာ,

ဒီနှစ် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွေကို ယာယီ ရပ်ဆိုင်း

ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ရောဂါ ဖြစ်ပွားမှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာ အတည်ပြု လူနာ မတွေ့ရသေးပေမယ့် လက်ရှိ ကိုးရီးယား ၊ အီရန် နဲ့ အီတလီ တို့မှာ ရောဂါ ဖြစ်ပွားမှုနှုန်း တိုးလာနေသလိုမျိုး အခြေအနေကို ကာကွယ်တဲ့ အနေနဲ့ မတ်လ ၂၇ ရက်နေ့မှာ ကျင်းပမယ့် စိန်ရတု တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကို ခေတ္တ ဆိုင်းငံ့ထားမယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

တောင်ကိုရီးယားမှာ မတ်လ ၁ ရက် ထုတ်ပြန်ချက် အရ COVID-19 ရောဂါ နဲ့ သေဆုံးသူ ၂၁ ရှိသွားပြီ ဖြစ်ပြီး ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရသူ အယောက် ၃၇၃၀ ရှိသွားပြီ ဖြစ်ပါတယ်။

အလားတူ အီရန် နဲ့ အီတလီ တို့မှာလည်း ရောဂါပိုး ပြန့်ပွားမှု တမဟုတ်ချင်း မြင့်တက်လျက် ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

အာရှ ဥရောပနဲ့ အရှေ့အလယ်ပိုင်းကို ကိုရိုနာ ဗိုင်းရပ်စ် ပြန့်နှံ့လျက် ရှိပေမယ့် တရုတ် အိမ်နီးချင်း မြန်မာနိုင်ငံမှာ အတည်ပြု လူနာ မတွေ့ရသေး

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှာ စတင်ဖြစ်ပွားခဲ့တဲ့ COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇန်နဝါရီလ ၃၀ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ (Public Health Emergency of International Concern) အဖြစ်ကြေငြာခဲ့ပါတယ်။

အခုလို အချိန်၊ နေရာမရွေး၊ လူအများဆီ ကူးစက် မြန်မာနိုင်ငံမှာ ဖြစ်ပွားမှု ရှောင်ရှား နိုင်ဖို့ လူစုလူဝေးရာ နေရာတွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ် ကြဖို့ ၊ မဖြစ်မနေကျင်းပရမည့် လူစုလူဝေးနှင့် ပွဲလမ်းသဘင် များကိုသာ ပြုလုပ်ဖို့နဲ့ အကယ်၍ ပွဲလမ်းသဘင်များ မလွှဲမရှောင်သာ ကျင်းပရမယ် ဆိုရင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ရောဂါ ကာကွယ်ရေး၊ ကျန်းမာရေး အသိပညာပေးနှိုးဆော်ချက်တွေကို တိတိကျကျ လိုက်နာဖို့ အသိပေး နှိုးဆော်ထားပါတယ်။

ဒါ့အပြင် COVID-19 ရောဂါကို ကူးစက်မြန်ရောဂါ (သို့မဟုတ်)တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် ကျန်းမာရေးနဲ့ အားကစား ၀န်ကြီးဌာနက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က သတ်မှတ် ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး

ဓာတ်ပုံ ပုံစာ,

စစ်ရေးပြ အခမ်းအနားကို ကမ္ဘာကျန်းမာရေး အဖွဲ့ က တစုံတရာ ထုတ်ပြန်မှ ဆက်လက် စီမံ ဆောင်ရွယ်မယ်လို့ ဆို

ဒါကြောင့် မတ်လ ၂၇ ရက်နေ့မှာ ကျင်းပမယ့် စိန်ရတုတပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကို ခေတ္တဆိုင်းငံ့ထားမှာ ဖြစ်ပြီး WHO နဲ့ နိုင်ငံတကာ က COVID-19 ကူးစက်မြန်ရောဂါ ထိန်းချုပ်နိုင်မှုနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာထုတ်ပြန်တဲ့ အခါမှသာ စိန်ရတုတပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား ကျင်းပနိုင်ဖို့ ဆက်လက် စီမံဆောင်ရွက် သွားမယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က ကြေညာချက် ထုတ်ထားပါတယ်။