ကိုရိုနာအရေး၊ သမ္မတဦးဝင်းမြင့်ရဲ့ အိန္ဒိယခရီးစဉ်၊ စစ်ရေးပြအခမ်းအနားအရွှေ့နဲ့ လွှတ်တော်ထဲက စကားလုံးတိုက်ပွဲ

၇၅ နှစ် စိန်ရတုတိုင်လာတဲ့ တပ်မတော်နေ့ကို ကျင်းပဖို့ ရွှေ့ဆိုင်းလိုက်တာပါ။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

၇၅ နှစ် စိန်ရတုတိုင်လာတဲ့ တပ်မတော်နေ့ကို ကျင်းပဖို့ ရွှေ့ဆိုင်းလိုက်တာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်ကနေ ဒီကနေ့ မတ်လ ၂ ရက်အထိ တစ်ပတ်အတွင်း ထူးခြားတဲ့သတင်းဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှု အန္တရာယ်အရှိဆုံးအဆင့်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာခဲ့သလို ဒီဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း တစ်သိန်းနီးပါးရှိလာနေပါပြီ။ မြန်မာ့ပြည်တွင်းရေးမှာတော့ နှစ်စဉ် ကျင်းပမြဲဖြစ်တဲ့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ဒီနှစ်မှာ ကိုရိုနာကြောင့် ဆိုင်းငံ့လိုက်ရပါတယ်။

ကဲ တစ်ပတ်အတွင်း ထူးခြားသတင်းဖြစ်စဉ်တွေကို ကြည့်ရအောင်ပါ။

စစ်ရေးပြအခမ်းအနားတောင်ရွှေ့လိုက်ရတဲ့ ကိုရိုနာဗိုင်းရပ်စ်အရေး

ဒီဗိုင်းရပ်စ်ကို တိုင်ကြားရမယ့် ရောဂါအဖြစ် မြန်မာအစိုးရက သတ်မှတ်ကြေညာခဲ့ပါတယ်။ ဒါက တကယ်လို့ ကိုယ့်မိသားစုဝင်တစ်ဦးဦး ဒါမှမဟုတ် ကိုယ့်အနီးပတ်ဝန်းကျင်မှာ ဒီဗိုင်းရပ်စ် ကူးစက်ခံရရင် သတင်းပေးရမှာဖြစ်ပြီးပျက်ကွက်ရင် ထောင်ခြောက်လအထိ ချနိုင်ပါတယ်။ မြန်မာမှာ သံသယလူနာ ၂ ဦးနဲ့ စောင့်ကြည့်လူနာ ၄၅ ဦးရှိပြီး ရောဂါ ကူးစက်ခံရမှုမရှိသေးဘူးလို့ အစိုးရကပြောပါတယ်။ ဒါပေမဲ့ စင်ကာပူမှာ မြန်မာအိမ်အကူ တစ်ဦးနဲ့ တရုတ်မှာတော့ မြန်မာအလုပ်သမားတစ်ဦးတို့ ကူးစက်ခံရတယ်လို့ ကမ္ဘာ့သတင်းတွေက ဖော်ပြထားပါတယ်။

လူစုလူဝေးနဲ့ ပွဲလမ်းသဘင်အခမ်းအနားတွေ မလုပ်ဖို့ အစိုးရက သတိပေးထားပြီး နှစ်စဉ် ကျင်းပမြဲ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကိုလည်း ဒီနှစ်မှာ မလုပ်တော့ဖို့ တပ်မတော်က ဆုံးဖြတ်လိုက်ပါတယ်။

တပ်မတော်နဲ့ တိုက်ပွဲတွေပြင်းထန်နေတဲ့ ရက္ခိုင့်တပ်မတော် အေအေအပါအဝင် မြောက်ပိုင်း လက်နက်ကိုင်သုံးဖွဲ့ကလည်း ဒီဗိုင်းရပ်စ်အရေးကြောင့် အပစ်ရပ်သက်တမ်းကို မတ် ၁ ရက်ကနေ ၂၅ ရက်အထိ ထပ်တိုးလိုက်ပါတယ်။ ဒီအဖွဲ့တွေနဲ့ အစိုးရတွေ့ဆုံမှုကလည်း ကိုရိုနာအရေးကြောင့် တရုတ်မှာ မတွေ့နိုင်သလို စစ်ရေးတင်းမာမှုတွေကြောင့် ပြည်တွင်းမှာလည်း တွေ့ဖို့မရေမရာတဲ့အခြေအနေပါ။

မြန်မာနဲ့ အာဆီယံထိပ်သီးခေါင်းဆောင်တွေနဲ့ အမေရိကန်သမ္မတ တို့ တွေ့ဆုံဆွေးနွေးမယ့် အာဆီယံအမေရိကန်ထိပ်သီးအစည်းအဝေးကိုလည်း ဒီဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်းထားရပါတယ်။ အဆိုးထဲကအကောင်းတစ်ခုကတော့ ဝူဟန်မှာ ကျန်ခဲ့ရတဲ့ မြန်မာကျောင်းသားနှစ်ဦးကို အိန္ဒိယလေတပ်က သွားခေါ်ပေးပြီး အိန္ဒိယမှာပဲ နှစ်ပတ်ကြာစောင့်ကြည့်ထားပါတယ်။

အန်အယ်လ်ဒီပြောရေးဆိုခွင့်ရှိသူအပြောင်းအလဲဖြစ်

အာဏာရပါတီ အန်အယ်လ်ဒီရဲ့ ပြောရေးဆိုခွင့်ရှိသူ နှစ်ဦးအဖြစ် ဒေါက်တာဇော်မြင့်မောင်နဲ့ ဒေါက်တာမျိုးညွန့်တို့ကို ခန့်အပ်ထားတဲ့အထဲကနေ ဒေါက်တာဇော်မြင့်မောင်တစ်ဦးတည်းကိုပဲ တာဝန်ပေးလိုက်ပြီဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Shwe Inn Thar Khin Mg Win

ဓာတ်ပုံ ပုံစာ,

ဒေါက်တာမျိုးညွန့်ကို ပြောရေးဆိုခွင့်ရှိသူအဖြစ် အနားပေးလိုက်ပါတယ်။

ဒေါက်တာဇော်မြင့်မောင်က ကျန်းမာရေးကြောင့် တိုင်းဒေသကြီးဝန်ကြီးချုပ်ရာထူးကို သူ့အစား ဦးဇာနည်အောင် ကတာဝန်ယူထားရတာဖြစ်ပါတယ်။ သူ့ ကျန်းမာရေးက လတ်တလောမှာ ဆေးသွင်းထားပြီး ကောင်းမွန်နေတယ်လို့ ပြောကြားမှုတွေတော့ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Yu Yu May

ဓာတ်ပုံ ပုံစာ,

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူတွေ့ရတဲ့ ဒေါက်တာဇော်မြင့်မောင်တို့ ဇနီးမောင်နှံ

ဒေါက်တာမျိုးညွန့်ဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း သတင်းမီဒီယာတွေရဲ့ မေးမြန်းမှုတွေကို တော်တော်များများ ပြန်လည်ဖြေကြားခဲ့ပြီး ပါတီသတင်းတွေနဲ့တွဲလို့ သတင်းလူသား တစ်ဦးအဖြစ်လည်း ဖြစ်ခဲ့တာပါ။

ရွေးကောက်ပွဲကျင်းပဖို့ရှိတဲ့ ဒီနှစ်မှာ ခုလို ပြောရေးဆိုခွင့်ရှိသူအပြောင်းအလဲကြောင့် အာဏာရပါတီဘက်က ခြေလှမ်းကို ခန့်မှန်းရ ခက်နေဆဲပါ။

ခုလို ပါတီပြောရေးဆိုခွင့်ရှိသူအပြောင်းအလဲကြောင့် သတင်းစီးဆင်းမှုအရင်လိုမချောမွေ့မှာကို သတင်းထောက်အသိုင်းအဝိုင်းမှာ စိုးရိမ်မှုတွေရှိနေပါ တယ်။ ပါတီဘက်ကတော့ ဗဟိုအမှုဆောင်ကော်မတီရဲ့ဆုံးဖြတ်ချက်အရ ခုလို ပြောရေးဆိုခွင့်ရှိသူအပြောင်းအလဲလုပ်တာလို့ ဆိုပါတယ်။

ဖွဲ့စည်းပုံပြင်ရေး စကားလုံးတိုက်ပွဲတွေပြင်းထန်

လွှတ်တော်ဘက် လည်ပြန်ကြည့်လိုက်ရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးမှုတွေမှာ သဘောထားကွဲလွဲမှုတွေကြား ငြင်းခုံ ပွတ်တိုက်မှုတွေပြင်းထန်ခဲ့ပါတယ်။

တပ်မတော်၊ ပြည်ခိုင်ဖြိုးတို့က တင်တဲ့ ဥပဒေကြမ်းငါးခုနဲ့ အန်အယ်လ်ဒီအပါအဝင် ၄၅ ဦးပူးပေါင်းကော်မတီက တင်တဲ့ ဥပဒေကြမ်းနှစ်ခုတို့ကို သီးခြားစီဆွေးနွေးနေတာဖြစ်ပြီး လာမယ့် မတ်လ ၅ ရက်ထိ ဆက်ဆွေးနွေးကြမှာပါ။

ဖေဖော်ဝါရီ ၂၅ ကစလို့ လာလောဆယ် အမတ် ၆၀ ကျော်ဆွေးနွေးထားပြီး တပ်နဲ့ ပြည်ခိုင်ဖြိုးတင်တဲ့ဥပဒေကြမ်းတွေကို ရခိုင်အမျိုးသားပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနဲ့ ပြည်ခိုင်ဖြိုး၊ တပ်ကိုယ်စားလှယ်တွေက ထောက်ခံဆွေးနွေးထားပြီး အန်အယ်လ်ဒီတင်တဲ့ ဥပဒေကြမ်းတွေကို ကန့်ကွက်ထားပါတယ်။

အန်အယ်လ်ဒီဘက်က ဥပဒေကြမ်းတွေကိုတော့ အန်အယ်လ်ဒီ၊ ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရခိုင်အမတ်တချို့က ထောက်ခံဆွေးနွေး ထားပါတယ်။

တပ်နဲ့ ပြည်ခိုင်ဖြိုးတင်တဲ့ဥပဒေကြမ်းတွေက သမ္မတ အခွင့်အာဏာကိုလျှော့ချပြီး ကာလုံနဲ့ တပ်ချုပ်ရဲ့ အခွင့်အာဏာကိုမြှင့်တင်ထားပါတယ်။ အန်အယ်လ်ဒီဘက်ကတော့ သမ္မတရဲ့ အခွင့်အာဏာကိုမြှင့်တင်ပြီး တပ်ချုပ်ရဲ့ အခန်းကဏ္ဍကိုလျှော့ချထားသလို နာမည်ကျော် ပုဒ်မ ၅၉ (စ) ကို ပယ်ဖျက်ထားပါတယ်။

သမ္မတ ဦးဝင်းမြင့်ရဲ့ အိန္ဒိယခရီးစဉ်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက အိန္ဒိယခရီးစဉ်အတွင်း သဘာတူညီချက် ၁၀ ခုရခဲ့ပါတယ်။

အဲဒါတွေကတော့ နှစ်နိုင်ငံကြား အခြေခံအဆောက်အအုံ၊ စွမ်းအင်၊ ဆက်သွယ်ရေး၊ ကျန်းမာရေး စတဲ့နယ်ပယ်အသီးသီးတို့မှာဖြစ်ပြီး သမ္မတနဲ့ အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီတို့က နယူးဒေလီမြို့မှာ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

အိန္ဒိယခရီးစဉ်ဟာ သမ္မတ ဦးဝင်းမြင့်ရဲ့ ဒုတိယမြောက် ခရီးစဉ်ဖြစ်ပါတယ်

သမ္မတဟာ အိန္ဒိယနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီရဲ့ ဂူဗိမာန်ကိုလည်း သွားရောက်ဂါရဝပြုခဲ့သလို ဗုဒ္ဓဂယာကိုလည်း သွားရောက်လည်ပတ်ခဲ့ပါတယ်။

အိန္ဒိယခရီးစဉ်ဟာ သမ္မတ ဦးဝင်းမြင့်ရဲ့ ဒုတိယမြောက် ခရီးစဉ်ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၈ တုန်းက ဝန်ကြီးချုပ်မိုဒီရဲ့ ဒုတိယသက်တမ်းကျမ်းသစ္စာကျိန် တဲ့အခမ်းအနားကို တက်ရောက်ခဲ့တာပါ။

ရိုဟင်ဂျာအရေး အိုင်စီဂျေမှာ မော်လဒိုက်က ကြားဝင်ပူးပေါင်း

ရိုဟင်ဂျာ အရေး ကုလသမဂ္ဂ အမြင့်ဆုံးတရားရုံး ICJ မှာ မြန်မာကို ဂမ်ဘီယာက တရားစွဲဆိုထားတာကို မော်လ်ဒိုက်နိုင်ငံက တရားဝင် ပူးပေါင်းပါဝင်မယ်လို့ ဖေဖော်ဝါရီ ၂၆ ရက်မှာ ကြေညာလိုက်ပါတယ်။

ဒါ့အတွက် ထင်ရှားတဲ့ လူ့အခွင့်အရေး ရှေ့နေ အမားလ် ကလူနီကို ငှားရမ်းထားတယ်လို့လည်း ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ရှေ့နေ အမားကလူနီဟာ နာမည်ကျော် ဟောလိဝုဒ်မင်းသားကြီး ဂျော့ကလူနီရဲ့ ဇနီးလည်းဖြစ်ပါတယ်။

အိန္ဒိယသမုဒ္ဒရာထဲက တောင်အာရှကျွန်းနိုင်ငံ မော်လ်ဒိုက်ဟာ ကမ္ဘာလှည့် ခရီးသွားတွေ စိတ်ဝင်စားတဲ့နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။ ဒါ့အပြင် အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အဖွဲ့ဝင်နိုင်ငံလည်း ဖြစ်နေပါတယ်။

မြန်မာနိုင်ငံက လူမျိုးတုံး သတ်ဖြတ်မှု တားဆီးရေး ဂျီနိုဆိုက် သဘောတူညီချက်ကို ချိုးဖောက်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုပြီး ကြားဖြတ်အစီအမံချမှတ်ပေးဖို့ ICJ မှာတောင်းဆိုခဲ့ပါတယ်။

ဒီလိုတောင်းဆိုထားတာကို ICJ က အခုနှစ် ဇန်နဝါရီ ၂၃ ရက်မှာ ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်မှု အကာအကွယ်ပေးရေး အပါအဝင် ကြားဖြတ် အစီအမံ လေးချက်ကို ချမှတ်ခဲ့ပါတယ်။

မြန်မာအစိုးရဘက်ကတော့ ဒီလို ချမှတ်ထားတာတွေကို မှတ်သားထားမယ်လို့ တုံ့ပြန်ထားပါတယ်။

ဒါကြောင့် အခုက လူမျိုးတုံးသတ်ဖြတ်မှု ရှိမရှိ စွပ်စွဲထားတဲ့ အမှုကြီးကို တရားရုံးမှာ ဆက်လက် ရင်ဆိုင်ရမယ့် အဆင့်ကို ရောက်နေတာဖြစ်ပြီး ပထမဆုံးလျှောက်လဲချက်ကို ဂမ်ဘီယာနိုင်ငံက လာမယ့် ဇူလိုင်မှာတင်ရမှာဖြစ်ပြီး မြန်မာကတော့ နောက်နှစ်ဇန်နဝါရီမှာတန်ပြန်လျှောက်လဲချက် တင်ရမှာဖြစ်ပါတယ်။

အေအေစစ်ဦးစီးချုပ်ရဲ့ မိသားစု ဆွစ်ဇာလန်မှာ နိုင်ငံရေးခိုလှုံခွင့်ရ

ရက္ခိုင့်တပ်တော် အေအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဇနီးနဲ့ ကလေးနှစ်ယောက် ဆွစ်ဇာလန်နိုင်ငံမှာ ခိုလှုံခွင့်ရလို့ ဖေဖော်ဝါရီ ၂၅ မှာ ထိုင်းနိုင်ငံကနေ ထွက်ခွာသွားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, U Nyi Nyi Lwin

ဓာတ်ပုံ ပုံစာ,

ထိန်းသိမ်းခံရပြီးနှစ်လအကြာမှာခုလို ခိုလှုံခွင့်ရတာပါ။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဇနီး နဲ့ သားသမီးနှစ်ဦးကို ထိုင်းအာဏာပိုင်တွေက ချင်းမိုင်မြို့မှာ ၂၀၁၉ ဒီဇင်ဘာ ၄ ရက်နေ့က ဖမ်းဆီးထားခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မှာမြို့မှာ ကျောင်းတက်နေတဲ့ စစ်ဦးစီးချုပ်ရဲ့ ၁၁ နှစ်အရွယ် သမီးဖြစ်သူရဲ့ ဗီဇာသက်တမ်းကုန်သွားတဲ့ အတွက် စစ်ဦးစီးချုပ်ဇနီးက တစ်နှစ်အရွယ်သားနဲ့ အတူ တရုတ်နိုင်ငံကနေ ထိုင်းနိုင်ငံ ချင်းမိုင် လဝက ရုံးမှာ လာရောက်သက်တမ်းတိုးရာမှာ သူ့ရဲ့ ပတ်စ်ပို့ဟာ တရားမဝင်တော့ဘူးလို့ မြန်မာဘက်က ပြောဆိုထားတာကြောင့် ထိုင်းထောက်လှမ်းရေးနဲ့ ရဲတွေက ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် မြန်မာနိုင်ငံကို လွှဲပေးဖို့ စစ်ရဟတ်ယာဉ်နဲ့ နယ်စပ်မြို့ တစ်မြို့ကို ယူဆောင်လာရာမှာ နိုင်ငံတကာနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်ကြတဲ့ အတွက် မြန်မာကို ပြန်မပို့ဖြစ်ဘဲ ဘန်ကောက်မြို့ကို ခေါ်ယူထိန်းသိမ်းထားခဲ့ပါတယ် ။

အဲဒီနောက်ပိုင်းမှာ ကုလသမဂ္ဂက ဒုက္ခသည်အဖြစ်နဲ့ အသိအမှတ်ပြု စောင့်ရှောက်ထားခဲ့ပါတယ်။