ကိုရိုနာဗိုင်းရပ်စ် တပ်ထဲမှာကူးစက်မှုမရှိလို့ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြော၊ ကမ္ဘာ့နိုင်ငံပေါင်း ၆၀ ကျော်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လာ အပါအဝင် ထိပ်တန်းသတင်းများ

စိန်ရတု တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ဆိုင်းငံ့ထား

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

စိန်ရတု တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ဆိုင်းငံ့ထား

(၁)ကိုရိုနာဗိုင်းရပ်စ် တပ်ထဲမှာ ကူးစက်မှုမရှိလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းပြော

Covid-19 ကူးစက်မြန် ရောဂါကြောင့် မတ်လ ၂၇ ရက်နေ့မှာ ကျင်းပမယ့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ခေတ္တဆိုင်းငံ့မယ်လို့ တပ်မတော်က ဖေဖော်ဝါရီလ ၁ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

Covid-19 ဗိုင်းရပ်စ်ကူးစက်မှုကို နိုင်ငံတကာက အရေးပေါ်စောင့်ကြည့်မှုတွေ ရှိနေချိန်မှာပဲ ဒီဗိုင်းရပ်စ်ကြောင့် မတ်လ ၂၇ ရက်နေ့မှာ ကျင်းပမယ့် စိန်ရတု တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ဆိုင်းငံ့ထားမယ်လို့ တပ်မတော်က မတ်လ ၁ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

တပ်မတော် ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ "တပ်ထဲမှာ ကူးစက်ရောဂါ ဖြစ်ပွားမှု မရှိပါဘူး။ ဗိုင်းရပ်စ် ကူးစက်မှုကို အပြည်ပြည်ဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကြေညာထားလို့ ဆိုင်းငံ့ရတာပါ" လို့ ဘီဘီစီကို ပြောပါတယ်။

တပ်မတော်နေ့ အခမ်းအနားလျှောက်ကြမယ့် စစ်သည် ၃ ဦးမှာ Covid-19 ကူးစက်ထားတယ်ဆိုတဲ့ သံသယတွေ ရှိနေလို့ ဒီအခမ်းအနားကို ရပ်ရတာလို့ သတင်းတွေထွက်နေတာကိုလည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ငြင်းဆိုပါတယ်။

"ကောလဟာလတွေပါ၊ တပ်မှာက အရာရှိတွေရော စစ်သည်တွေကိုရော အမြဲတမ်းနေ့စဉ် ဆေးစစ်ပါတယ်၊ ဒီရောဂါနဲ့ ပတ်သက်လို့ တားဆီးကာကွယ်နိုင်ရေး လုပ်ငန်းစဉ်တွေ ရှိပါတယ်။ အဲ့ဒါတွေကို တိတိကျကျ ဆောင်ရွက်လျက်ရှိပါတယ်" လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

Covid-19 ကူးစက်မြန်ရောဂါနဲ့ ပတ်သက်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ နိုင်ငံတကာက ပတ်သက်လို့ တစုံတရာ ထုတ်ပြန်မှပဲ စိန်ရတု တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ဆက်လက်ကျင်းပနိုင်ဖို့ စီမံ ဆောင်ရွက်ဖို့ လျာထားတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ ဆိုင်းငံ့ကာလက ဘယ်လောက်ကြာမလဲဆိုတာတော့ မသိသေးဘူးလို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

(၂) ကမ္ဘာ့နိုင်ငံပေါင်း ၆၀ ကျော်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေ

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ပြည်နယ်မှာ လွန်ခဲ့တဲ့ သီတင်း ၆ ပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့ပြီး လူ ၁၅၀၀ လောက်ကို ကူးစက်ခံထားရနိုင်တယ်လို့ အမေရိကန် ဆေးသုတေသီတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်အတွင်း နိုင်ငံအနောက်မြောက်ပိုင်းက ပြည်နယ်တစ်ခုမှာ အသက် ၅၀ ဝန်းကျင်ရှိတဲ့ အမျိုးသားတစ်ဦး သေဆုံးမှုဟာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ပထမဆုံးသေဆုံးသူ ဖြစ်တယ်လို့ အတည်ပြုခဲ့ကြပါတယ်။ ဝါရှင်တန်ပြည်နယ်မှာ အခုအခါ အရေးပေါ် အခြေအနေကြေညာထားရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဟာ တရုတ်နိုင်ငံပြင်ပမှာ ပိုမိုမြင့်တက်လာနေပြီး ချက်၊ အာမေးနီးယန်းနဲ့ ဒိုမီနီကန် နိုင်ငံတွေမှာလည်း ကူးစက်မှုတွေ ရှိလာခဲ့ပါတယ်။ ဂျာမနီမှာ ကူးစက်မှုဟာ ၂ ဆ ပိုလာတယ်လို့ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဟာ တရုတ်နိုင်ငံပြင်ပမှာ ပိုမိုမြင့်တက်လာနေ

ဗြိတိန်မှာလည်း ကူးစက်မှုက ၅၀ % အထိ ပိုမြင့်တက်လာနေပါတယ်။ အီရန်နဲ့ အီတလီမှာလည်း ရောဂါပိုး ပြန့်ပွားမှု တမဟုတ်ချင်း မြင့်တက်နေပါတယ်။

တောင်ကိုရီးယားမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၁ ဦးရှိပြီး ကူးစက်ခံရသူက ၃၇၃၀ ရှိနေပြီဖြစ်ပါတယ်။

သေဆုံးသူနဲ့ ကူးစက်သူအများစုဟာ ဗိုင်းရပ်စ်ကူးစက်သူ အများအပြားတွေ့ရတဲ့ Shincheonji ဘုရားကျောင်းက ဖြစ်ပါတယ်။ ဒီလောက် လူတွေ သေဆုံးခဲ့ရမှုမှာ ရောဂါ မပျံ့နှံ့ခင် ကူးစက်သူတွေရဲ့ အချက်အလက်တွေကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့တယ်ဆိုပြီး အဲ့ဒီဘုရားကျောင်းက ဘာသာရေးခေါင်းဆောင် လီမန်ဟီကို စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် စုစုပေါင်း သေဆုံးသူက ၃ ထောင်နီးပါး ရှိနေပြီဖြစ်ပါတယ်။

၂၀၁၉ ဒီဇင်ဘာမှာ စတင်ဖြစ်ခဲ့တဲ့ COVID-19 ကူးစက်ရောဂါနဲ့ ပတ်သက်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဇန်နဝါရီ ၃၀ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေအဖြစ် ကြေညာခဲ့ရပါတယ်။

(၃) သြစတြေးလျမှာ နွေရာသီကာလ ပိုမိုရှည်ကြာလာ

ရာသီဥတု ပြောင်းလဲမှုတွေနဲ့ အပူချိန်မြင့်တက်လာမှုတွေကြောင့် သြစတြေးလျနိုင်ငံရဲ့ နွေရာသီဟာ ဆောင်းရာသီလို ၂ ဆ ပိုမိုရှည်ကြာလာတယ်လို့ ရာသီဥတုဆိုင်ရာ လေ့လာမှုစစ်တမ်းတစ်ခုက ဖော်ပြပါတယ်။ Australia Institute ရဲ့ တွေ့ရှိချက်အရ လွန်ခဲ့တဲ့ အနှစ် ၂၀ ကာလလောက်တုန်းက တိုင်းပြည်ရဲ့ နေရာတော်တော်များများမှာ နွေရာသီဟာ ၁ လကျော်လောက်ပဲ ကာလရှိခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

ရာသီဥတုပြောင်းလဲလာမှုနောက်ကွယ်မှာခုလိုနွေရာသီကာလ ရှည်ကြာမှုတွေဖြစ်လာတာလို့ သုတေသီတွေကပြော

ဒီနောက်ပိုင်း ၂၀၁၄ နဲ့ ၂၀၁၈ ခုနှစ်ကြားမှာတော့ နွေရာသီဟာ ၅၀ % လောက် ပိုမိုရှည်ကြာလာပြီး သြစတြေးလျရဲ့ အခြောက်သွေ့ဆုံး နှစ်အဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ တွေ့ရှိချက်က ဆိုပါတယ်။

"ကျွန်တော်တို့ရဲ့ တွေ့ရှိချက်က အနာဂတ်မှာ ဘာဖြစ်လာမယ်ဆိုတာကို ခန့်မှန်းတွက်ဆထားတာ မဟုတ်ပါဘူး၊ အခုဖြစ်ပျက်နေတာကို ပြောနေတာပါ" လို့ Australia Institute ရဲ့ ပညာရှင် ရစ်ချီမာဆီယန်က ပြောပါတယ်။

ဗီဒီယို ပုံစာ,

သြစတေးလျ တောမီး အခြေအနေ ပိုဆိုးလာ

မကြာခင်တုန်းကလည်း သြစတြေးလျမှာ တောမီးအကြီးအကျယ်လောင်လို့ လူ ၃၃ ဦး သေဆုံးခဲ့ပြီး ဌာနေ မျိုးရင်းတိရစ္ဆာန် သန်း ၁ ထောင်လောက်လည်း သေဆုံးခဲ့ရပါတယ်။