၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ဖြေမယ့်သူ ၁ သိန်းကျော် တိုးလာ

၂၀၁၉ တုန်းက တက္ကသိုလ်ဝင်တန်းဖြေဆိုခဲ့ကြတဲ့ ကျောင်းသား ကျောင်းသူများ

ဓာတ်ပုံ ရင်းမြစ်, ရွှေအင်းသား ခင်မောင်ဝင်း

ဓာတ်ပုံ ပုံစာ,

၂၀၁၉ တုန်းက တက္ကသိုလ်ဝင်တန်းဖြေဆိုခဲ့ကြတဲ့ ကျောင်းသား ကျောင်းသူများ

မတ်လ ၁၁ ရက်နေ့မှာ စဖြေရမယ့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အတွက် စာစစ်ဌာန ၁၉၉၉ ခု ရှိပြီး ဖြေဆိုဖို့ စာရင်းပေးထားတဲ့ ကျောင်းသား ကျောင်းသူပေါင်း ၉၇၁,၃၃၉ ဦး ရှိပါတယ်။

"ပြီးခဲ့တဲ့ နှစ်ကထက်စာရင် စာမေးပွဲဖြေဆိုမယ့်သူဦးရေ ၁ သိန်း ၂ သောင်းကျော် ပိုများလာတယ်" လို့ ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဖြေဆိုမယ့်သူဦးရေဟာ ပြည်နယ်နဲ့ တိုင်း အကုန်လုံးမှာ တိုးလာတာဖြစ်ပြီး ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်းမှာတော့ ကျောင်းသား ကျောင်းသူပေါင်း ၁ သိန်း ၃ သောင်းကျော်စီနဲ့ အများဆုံး ဖြေဆိုကြမှာဖြစ်ပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်းကတော့ အနည်းဆုံးဖြစ်ပြီး ဖြေဆိုမယ့်သူပေါင်း ၅၄၆၈ ဦး ရှိပါတယ်။

ရခိုင်ပြည်နယ်မှာလည်း တိုက်ပွဲတွေကြောင့် ပြည်နယ်မြောက်ပိုင်းက ကျောင်းသားကျောင်းသူ ၆ ထောင်ကျော်ရဲ့ စာစစ်ဌာန ၂၀ ကို မြို့ပေါ်ရွှေ့ပြောင်းထားရပါတယ်။

"စာစစ်ဌာန တခုမှ မလျှော့ပါဘူး၊ လုံခြုံရေးမရှိတဲ့ ရွာတွေ အကုန်လုံးက စာစစ်ဌာနတွေကို မြို့ပေါ်ရွှေ့တာပါ၊ ပြည်နယ် မြောက်ပိုင်း တခုလုံးနဲ့ ချင်းပြည်နယ် ပလက်ဝက စာစစ်ဌာနတွေပါ" လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန တာဝန်ရှိသူ ဘီဘီစီကို အတည်ပြုပြောပါတယ်။

ရခိုင်ပြည်နယ် ပညာရေးမှူး ဦးတင်သိန်းကတော့ တိုက်ပွဲတွေကြောင့် လုံခြုံရေးစိုးရိမ်ရလို့ ကျောက်ဖြူ၊ အမ်း၊ မြေပုံ၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ ဘူးသီးတောင် မြို့နယ်တွေက စာစစ်ဌာနတွေကို ပိတ်ထားမယ်လို့ ဖေဖော်ဝါရီလလယ်တုန်းက ဘီဘီစီကို ပြောထားပါတယ်။

ရခိုင်တပြည်လုံးအနေနဲ့ တက္ကသိုလ်ဝင်တန်း စာစစ်ဌာနပေါင်း ၁၂၇ ခုရှိပြီး ကျောင်းသား ကျောင်းသူပေါင်း ၄၉၁၈၁ ဦး ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ဓာတ်ပုံ ပုံစာ,

တိုက်ပွဲတွေဖြစ်နေတဲ့ မြို့နယ်တွေမှာ အခုနှစ် ပညာသင်နှစ် အတွင်း နယ်ကျောင်းတွေ တော်တော်များကို ပိတ်ထားရ

၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ ဝဇ္ဇာတွဲ ကျောင်းသား ကျောင်းသူ ၁၇၂,၇၁၄ ဦး၊ သိပ္ပံတွဲ ကျောင်းသား ကျောင်းသူ ၂၁၁,၈၆၀ ဦး၊ ဝဇ္ဇာနဲ့ သိပ္ပံ ပေါင်းစပ် ဘာသာတွဲ ဝိပ္ပံတွဲ ကျောင်းသား ကျောင်းသူ ၅၈၆,၇၄၄ ဦး နဲ့ စိတ်ကြိုက်မြန်မာစာ ကျောင်းသား ကျောင်းသူ ၁၁ ဦး ဖြေဆိုဖို့ စာရင်းပေးထားပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကတော့ ဖြေဆိုဖို့ စာရင်းပေးခဲ့သူ ၈၉၇, ၉၉၄ ဦး ရှိပြီး စာမေးပွဲဖြေဆိုတဲ့နေ့မှာ ပျက်ကွက်သူ ၄ သောင်းကျော် ရှိခဲ့ပါတယ်။